ထိုသို့ မိန့်မြွက်တော်မူပြီးမှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတစ်ဖက်သို့ကြွ၍၊ ထိုအရပ်၌ရှိသော ဥယျာဉ်သို့ဝင်တော်မူ၏။- ထိုအရပ်သို့ယေရှုသည် တပည့်တော်တို့နှင့်အတူ သွားမြဲရှိသောကြောင့်၊ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်သည် ထိုအရပ်ကိုသိသည်ဖြစ်၍၊- စစ်သူရဲတစ်တပ်ကိုလည်းကောင်း၊ ယဇ်ပုရာဟိတ်အကြီးတို့နှင့် ဖာရိရှဲတို့စေလွှတ်သော မင်းလုလင်တို့ကိုလည်းကောင်း ခေါ်ခဲ့၍၊ မီးအိမ်၊ မီးရှူး၊ လက်နက်တို့ကို လက်စွဲလျက်လာကြ၏။- ယေရှုသည် ကိုယ်၌ဖြစ်လတ္တံ့သမျှသော အမှုအရာတို့ကို သိတော်မူလျက်၊ လာသောသူတို့ဆီသို့ သွား၍ အဘယ်သူကိုရှာကြသနည်းဟု မေးတော်မူ၏။- နာဇရက်မြို့သား ယေရှုကိုရှာကြသည်ဟုဆိုလျှင်၊ ယေရှုက၊ ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူ၏။ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည်လည်း ထိုသူတို့နှင့်အတူ ရပ်နေ၏။- ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူလျှင်၊ ထိုသူတို့သည် နောက်သို့လှန်၍ မြေပေါ်၌လဲကြ၏။- အဘယ်သူကိုရှာကြသနည်းဟု တစ်ဖန်မေးတော်မူလျှင်၊ နာဇရက်မြို့သားယေရှုကို ရှာကြသည်ဟု ထိုသူတို့သည် ဆိုကြ၏။- ယေရှုကလည်း၊ ငါသည်ထိုသူဖြစ်၏ဟု ငါပြောပြီ။ သို့ဖြစ်၍ ငါ့ကိုရှာလျှင် ဤသူတို့သည် သွားပါလေစေဟု မိန့်တော်မူ၏။- ကိုယ်တော်သည် အကျွန်ုပ်အား ပေးတော်မူသောသူတို့တွင် အဘယ်သူမျှပျက်စီးခြင်းသို့ မရောက်ပါဟူသော အထက်ကစကားတော်ကို ပြည့်စုံစေခြင်းငှာ ဤသို့မိန့်တော်မူ၏။ ထိုအခါ ရှိမုန်ပေတရုသည် မိမိ၌ပါသောဓားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟတ်မင်း၏ ကျွန်တစ်ယောက်ကို ခုတ်သဖြင့် လက်ယာနားရွက်ပြတ်လေ၏။ ထိုကျွန်၏အမည်ကား မာလခုဖြစ်သတည်း။- ယေရှုကလည်း ဓားကို အိမ်၌သွင်းထားလော့။ ခမည်းတော်သည် ငါ့အားပေးတော်မူသောခွက်ကို ငါမသောက်ရာသလောဟု ပေတရုအား မိန့်တော်မူ၏။- ထိုအခါတပ်မှူးမှစ၍ စစ်သူရဲတို့နှင့် ယုဒမင်းလုလင်တို့သည် ယေရှုကိုဖမ်းဆီး၍ ချည်နှောင်ပြီးလျှင် အန္နတ်မင်းထံသို့ ရှေ့ဦးစွာ ယူသွားကြ၏။- အန္နတ်မင်းကား၊ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ၏ယောက္ခမ ဖြစ်သတည်း။- ထိုကယာဖကား၊ လူတစ်ယောက်သည် လူများတို့အတွက် ပျက်စီးသော် သာ၍ကောင်းသည်ဟု ယုဒလူတို့နှင့် တိုင်ပင်ပြောဆိုသောသူပေတည်း။
ရှင်ယောဟန် 18 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန် 18
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 18:1-14
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို