တစ်ဖန်ယေရှုသည် အလွန်ညှိုးငယ်သောစိတ်နှင့် သင်္ချိုင်းတွင်းသို့ ရောက်တော်မူ၏။ ထိုတွင်းသည် မြေတွင်းဖြစ်၏။ ကျောက်နှင့် ပိတ်ထား၏။- ကျောက်ကိုရွှေ့ကြလော့ဟု ယေရှုသည်မိန့်တော်မူလျှင်၊ သေလွန်သောသူ၏နှမ မာသက၊ သခင်၊ ယခုဖြစ်လျှင် နံလိမ့်မည်။ လေးရက်ရှိပါပြီဟု လျှောက်၏။- ယေရှုကလည်း၊ သင်သည်ယုံလျှင် ဘုရားသခင်၏ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည်၊ ငါပြောပြီ မဟုတ်လောဟု မိန့်တော်မူ၏။- ထိုအခါ သေလွန်သောသူ၏သင်္ချိုင်းမှ ကျောက်ကို ရွှေ့ကြ၏။ ယေရှုသည်လည်း အထက်သို့ကြည့်မျှော်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်စကားကို နားထောင်တော်မူသောကြောင့် ကျေးဇူးတော်ကြီးလှပါ၏။- ကိုယ်တော်သည် အကျွန်ုပ်စကားကို အစဉ်မပြတ်နားထောင်တော်မူသည်ကို အကျွန်ုပ်သိပါ၏။ သို့သော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို ဝန်းရံလျက်ရှိသော ဤလူအပေါင်းတို့သည် ယုံကြည်စေခြင်းငှာ သူတို့၏အကျိုးကိုထောက်၍ ဤသို့ အကျွန်ုပ်လျှောက်ပါ၏ဟု မိန့်မြွက်တော်မူပြီးမှ၊- လာဇရု ထွက်၍လာလော့ဟု ကြီးစွာသောအသံနှင့် ဟစ်ခေါ်တော်မူ၏။- ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ ပုဆိုးနံငယ်နှင့်ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပုဝါနှင့် စည်းလျက်ထွက်လာ၏။ ယေရှုကလည်း၊ သူ့ကိုဖြည်၍ လွှတ်ကြလော့ဟု မိန့်တော်မူ၏။ ထိုအခါ မာရိဆီသို့လာသော ယုဒလူအများတို့သည် ယေရှုပြုတော်မူသောအမှုကို မြင်လျှင်၊ ကိုယ်တော်ကို ယုံကြည်ကြ၏။- အချို့မူကား၊ ဖာရိရှဲတို့ထံသို့သွား၍ ယေရှုပြုတော်မူသောအမှုကို ကြားပြောကြ၏။ ထိုအခါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖာရိရှဲများသည် လွှတ်အရာရှိတို့ကို စည်းဝေးစေပြီးလျှင်၊ ငါတို့သည် အဘယ်သို့ပြုလျက် နေကြသနည်း။ ထိုသူသည် များစွာသော နိမိတ်လက္ခဏာကိုပြ၏။- သူ့ကို ဤသို့အလွတ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည်။ ရောမလူတို့သည်လည်း လာ၍ ငါတို့အရပ်ဌာနကိုလည်းကောင်း၊ ငါတို့အမျိုးကိုလည်းကောင်း သုတ်သင်ပယ်ရှင်းကြလိမ့်မည်ဟု ပြောဆိုကြ၏။- ထိုသူတို့အဝင် ထိုနှစ်တွင် ယဇ်ပုရာဟိတ်မင်းဖြစ်သော ကယာဖအမည်ရှိသောသူက၊ သင်တို့အလျှင်း မသိကြ။- ယုဒလူမျိုးအကုန်အစင် ပျက်စီးသည်ထက်၊ လူတစ်ယောက်သည် လူများတို့အတွက်သေသော် သာ၍ကောင်းသည်ကို သင်တို့သည် မဆင်ခြင်ပါတကားဟု ပြောဆို၏။- ထိုစကားကို ကိုယ်အလိုအလျောက် ပြောဆိုသည်မဟုတ်။ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်လျက်၊ ယေရှုသည် ထိုအမျိုးအတွက် သေရမည်ဟူ၍လည်းကောင်း၊- ထိုအမျိုးအတွက်သာမက အရပ်ရပ်တို့၌ ကွဲပြားလျက်ရှိသော ဘုရားသခင်၏သားများကို အတူစုဝေးစေခြင်းငှာ သေရမည်ဟူ၍လည်းကောင်း၊ ပရောဖက်ဉာဏ်နှင့် ဟောပြော၏။- ထိုနေ့မှစ၍ ကိုယ်တော်၏အသက်ကိုသတ်ခြင်းငှာ တိုင်ပင်ကြံစည်ကြ၏။- ထိုကြောင့်၊ ယေရှုသည် နောက်တစ်ဖန် ယုဒလူတို့တွင် ထင်ရှားစွာ မလှည့်လည်ဘဲ၊ ထိုအရပ်မှထွက်၍ တောနှင့်အနီး ဧဖရိမ်အမည်ရှိသောမြို့သို့ကြွ၍ တပည့်တော်တို့နှင့်အတူ နေတော်မူ၏။ ယုဒပသခါပွဲခံခါနီးတွင် လူများတို့သည် မိမိတို့ကိုသန့်ရှင်းစေခြင်းငှာ ပွဲမခံမီ အရပ်ရပ်တို့မှ ယေရုရှလင်မြို့သို့ လာကြ၏။- ထိုသူတို့သည် ယေရှုကိုရှာဖွေ၍၊ အချင်းတို့၊ အဘယ်သို့ထင်ကြသနည်း။ သူသည် ပွဲသို့မလာသလောဟု ဗိမာန်တော်၌ရပ်လျက် အချင်းချင်းမေးမြန်းကြ၏။- ထိုအခါ အဘယ်သူသည် ယေရှုရှိရာအရပ်ကိုသိလျှင် သူ့ကိုဖမ်းဆီးစေခြင်းငှာ ပြညွှန်ရမည်ဟု ယဇ်ပုရာဟိတ်အကြီးတို့နှင့် ဖာရိရှဲတို့သည် မှာခဲ့ကြပြီ။
ရှင်ယောဟန် 11 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန် 11
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 11:38-57
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ