ယောဟန်အမည်ရှိသော သူတစ်ယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။- ထိုသူကိုလူအပေါင်းတို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ ရောက်မည်အကြောင်း ထိုသူသည် သက်သေခံဖြစ်၍၊ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှာလာ၏။- ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှာသာလာ၏။- ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသောလူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။- သူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲ နေကြ၏။- ထိုသူကိုလက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။- ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဖွားသောသားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဖွားသောသားမဟုတ်။ လူအလိုအလျောက် ဖွားသောသားမဟုတ်။ ဘုရားသခင်ဖွားတော်မူသောသား ဖြစ်သတည်း။ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တစ်ပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။- ယောဟန်သည် ထိုသခင်၏အကြောင်းကို သက်သေခံ၍ ကြွေးကြော်သည်ကား၊ ငါ့နောက်ကြွလာသောသူသည် ငါမရှိမီ ရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ ကြီးမြတ်သည်ဟု ငါဆိုရာ၌၊ ထိုသူကိုဆိုလိုသည်ဟု သက်သေခံလေ၏။- ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူးတစ်ပါး၌ ထပ်ဆင့်၍ ကျေးဇူးတစ်ပါးကို ငါတို့ရှိသမျှသည်ခံရကြပြီ။- အကြောင်းမူကား၊ ပညတ်တရားတော်ကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာတရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း။- ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။ ယုဒလူတို့က၊ သင်သည်အဘယ်သူနည်းဟု ယောဟန်ကိုမေးမြန်းစေခြင်းငှာ ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့ကို ယေရုရှလင်မြို့မှ စေလွှတ်သောအခါ၊ ယောဟန်သည် သက်သေခံလေသည်မှာ၊- ငါသည် ခရစ်တော်မဟုတ်ဟု ထိမ်ဝှက်ခြင်းမရှိ။ အတည့်အလင်း ပြောဆို၏။- ထိုသူတို့ကလည်း၊ သို့ဖြစ်လျှင် သင်သည် အဘယ်သူနည်း။ ဧလိယဖြစ်သလောဟု မေးမြန်းပြန်၏။ ယောဟန်က၊ ငါသည် ဧလိယမဟုတ်ဟု ဆို၏။ ဤမည်သော ပရောဖက်ဖြစ်သလောဟု မေးပြန်လျှင်၊ မဟုတ်ဟု ဆိုပြန်၏။- ထိုသူတို့ကလည်း၊ သင်သည် အဘယ်သူနည်း။ ငါတို့ကိုစေလွှတ်သောသူတို့အား ပြန်လျှောက်စရာ ရှိစေခြင်းငှာ၊ သင်သည်ကိုယ်ကို အဘယ်သို့ဆိုသနည်းဟု မေးပြန်ကြ၏။- ယောဟန်ကလည်း၊ ငါသည်ပရောဖက်ဟေရှာယ ဟောပြောသည်နှင့်အညီ၊ ထာဝရဘုရား၏ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ဟု တော၌ ဟစ်ကြော်သောသူ၏အသံဖြစ်သည်ဟု ဆို၏။- အစေခံသောသူတို့ကား၊ ဖာရိရှဲဖြစ်ကြသတည်း။- ထိုသူတို့ကလည်း၊ သင်သည် ခရစ်တော်မဟုတ်၊ ဧလိယမဟုတ်၊ ဤမည်သော ပရောဖက်မဟုတ်သည်မှန်လျှင် အဘယ်ကြောင့် ဗတ္တိဇံကိုပေးသနည်းဟု မေးပြန်ကြ၏။- ယောဟန်ကလည်း၊ ငါသည် ရေ၌ ဗတ္တိဇံကိုပေး၏။ သင်တို့အလယ်၌ သင်တို့မသိသော သူတစ်ယောက်ရှိ၏။- ထိုသူသည် ငါ့နောက်ကြွလာသော်လည်း ငါ့ထက်သာ၍ကြီးမြတ်၏။ ထိုသူ၏ခြေနင်းတော်ကြိုးကိုမျှ ဖြည်ခြင်းငှာ ငါမထိုက်ဟု ပြန်ပြော၏။- ယောဟန်သည် ဗတ္တိဇံကိုပေးရာအရပ်၊ ယော်ဒန်မြစ်တစ်ဖက် ဗေသနိရွာ၌ ဤအမှုအရာဖြစ်သတည်း။ နက်ဖြန်နေ့၌ ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင်၊ ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကိုကြည့်လော့။- ငါမရှိမီရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ ကြီးမြတ်သောသူသည် ငါ့နောက်ကြွလာသည်ဟု ငါဆိုရာ၌၊ ထိုသူကိုဆိုလို၏။- အစက ထိုသူကိုငါမသိ။ သို့သော်လည်း ထိုသူကို ဣသရေလလူတို့အား ထင်ရှားစေခြင်းငှာ ငါသည် ရေ၌ ဗတ္တိဇံကိုပေးလျက်လာ၏။- ထိုမှတစ်ပါး ဝိညာဉ်တော်သည်ကောင်းကင်မှ ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ထိုသူ၏အပေါ်၌ နားတော်မူသည်ကို ငါမြင်ရပြီ။- အစက ထိုသူကိုငါမသိ။ ရေ၌ဗတ္တိဇံကိုပေးစေခြင်းငှာ ငါ့ကိုစေလွှတ်တော်မူသောသူက၊ အကြင်သူ၏အပေါ်၌ ဝိညာဉ်တော်ဆင်းသက်၍ နားတော်မူသည်ကို သင်သည်မြင်လျှင်၊ ထိုသူကား သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကိုပေးသောသူပေတည်းဟု မိန့်တော်မူသည်နှင့်အညီ။- ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏သားတော် ဖြစ်တော်မူကြောင်းကို သက်သေခံသည်ဟု ယောဟန်ဆိုလေ၏။ တစ်ဖန် ယောဟန်သည် နက်ဖြန်နေ့၌ တပည့်နှစ်ယောက်တို့နှင့် အတူရပ်နေ၍၊- ယေရှုကြွတော်မူသည်ကိုမြင်လျှင်၊ ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့ဟုဆို၏။- တပည့်နှစ်ယောက်တို့သည် ထိုစကားကိုကြားလျှင်၊ ယေရှုနောက်တော်သို့ လိုက်ကြ၏။- ယေရှုသည်လှည့်၍ ထိုသူတို့ လိုက်ကြသည်ကို မြင်တော်မူလျှင်၊ အဘယ်အလိုရှိသနည်းဟု မေးတော်မူ၏။ ထိုသူတို့က၊ ရဗ္ဗိ၊ ကိုယ်တော်သည် အဘယ်မှာနေတော်မူသနည်းဟု မေးလျှောက်ကြ၏။ ရဗ္ဗိ၊ အနက်ကား၊ အရှင်ဘုရားဟု ဆိုလိုသတည်း။- ယေရှုကလည်း လာ၍ကြည့်ကြလော့ဟု မိန့်တော်မူ၏။ ထိုသူတို့သည်သွား၍ နေတော်မူရာအရပ်ကို ကြည့်ကြ၏။ ထိုအချိန်သည် ဆယ်နာရီအချိန်ဖြစ်၍ မိုးချုပ်သည်တိုင်အောင် အထံတော်၌နေကြ၏။- ယောဟန်၏စကားကိုကြား၍ နောက်တော်သို့ လိုက်သောသူနှစ်ယောက်တို့တွင် တစ်ယောက်ကား ရှိမုန်ပေတရုညီ အန္ဒြေပေတည်း။- ထိုသူသည် မိမိအစ်ကိုရှိမုန်ကို ရှေ့ဦးစွာတွေ့လျှင်၊ ငါတို့သည် မေရှိယကိုတွေ့ကြပြီဟု ပြောဆိုလျက်၊- သူ့ကို ယေရှုထံသို့ ပို့ဆောင်လေ၏။ မေရှိယအနက်ကား ခရစ်တော်ဟုဆိုလိုသတည်း။ ယေရှုသည် ထိုသူကိုကြည့်ရှု၍၊ သင်သည် ယောန၏သားရှိမုန်ဖြစ်၏။ ကေဖအမည်သစ်ကို ရလတ္တံ့ဟု မိန့်တော်မူ၏၊ ကေဖအနက်ကား ပေတရုဟု ဆိုလိုသတည်း။ နက်ဖြန်နေ့၌ ဂါလိလဲပြည်သို့ကြွခြင်းငှာ အလိုတော်ရှိလျှင် ဖိလိပ္ပုကိုတွေ့၍၊ ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏။- ဖိလိပ္ပုကား၊ အန္ဒြေနှင့်ပေတရုမွေးဖွားရာ ဗက်ဇဲဒမြို့မှ လာသောသူဖြစ်သတည်း။- ဖိလိပ္ပုသည် နာသနေလကိုတွေ့လျှင်၊ မောရှေသည် ပညတ္တိကျမ်း၌လည်းကောင်း၊ ပရောဖက်တို့သည် သူတို့ကျမ်း၌လည်းကောင်း အကြောင်းပြု၍ ရေးထားသောသူ၊ နာဇရက်မြို့သားဖြစ်သော ယောသပ်၏သားယေရှုကို ငါတို့သည် တွေ့ကြပြီဟုဆို၏။- နာသနေလကလည်း၊ နာဇရက်မြို့ထဲက ကောင်းသောအရာ တစ်စုံတစ်ခုမျှ ထွက်နိုင်သလောဟုမေးလျှင်၊ ဖိလိပ္ပုက၊ လာ၍ကြည့်ပါဟု ဆို၏။- နာသနေလလာသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ လှည့်စားခြင်းအပြစ်နှင့် ကင်းလွတ်သော ဣသရေလလူစစ်ကို ကြည့်လော့ဟု ထိုသူကိုအမှတ်ပြု၍ မိန့်တော်မူ၏။- နာသနေလကလည်း၊ ကိုယ်တော်သည် အဘယ်သို့သောအားဖြင့် အကျွန်ုပ်ကို သိတော်မူသနည်းဟု မေးလျှောက်သော်၊ ယေရှုက၊ ဖိလိပ္ပုသည် သင့်ကိုမခေါ်မီ၊ သင်သည် သင်္ဘောသဖန်းပင်အောက်၌ ရှိသည်ကို ငါမြင်သည်ဟု ပြန်၍မိန့်တော်မူလျှင်၊- အရှင်ဘုရား၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော် ဖြစ်တော်မူ၏၊ ဣသရေလလူတို့၏ ရှင်ဘုရင်လည်း ဖြစ်တော်မူ၏ဟု နာသနေလလျှောက်လေ၏။- တစ်ဖန် ယေရှုက၊ သင်္ဘောသဖန်းပင်အောက်၌ သင့်ကိုငါမြင်သည်ဟုဆိုသောကြောင့် ယုံသလော။ ထိုမျှမက သင်သည် သာ၍ကြီးစွာသော အကြောင်းအရာကို မြင်လတ္တံ့။- သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ နောင်ကာလ၌ ကောင်းကင်ဖွင့်လှစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် လူသား၏အပေါ်၌ ဆင်းလျက်တက်လျက် ရှိနေသည်ကိုလည်းကောင်း၊ သင်တို့သည် မြင်ရကြလတ္တံ့ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 1 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန် 1
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 1:6-51
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ