ယောက်ျားစွန့်ပစ်သော မိန်းမသည် ထွက်သွား၍၊ အခြားသောသူ၏ မယားဖြစ်ပြီးမှ၊ အရင်လင်သည် ထိုမိန်းမကို ပြန်၍ယူသင့်သလော။ ထိုသို့ပြုသောပြည်သည် ညစ်ညူးသည်မဟုတ်လောဟု ဆိုလေ့ရှိလျက်နှင့်၊ သင်သည် များစွာသော ရည်းစားတို့၌ မှီဝဲ၍ မှားယွင်းသော်လည်း၊ ငါ့ထံသို့ ပြန်လာပါဟု ထာဝရဘုရား မိန့်တော်မူ၏။ မြင့်သောအရပ်များကို မျှော်ကြည့်၍၊ လင်မနေဖူးသောအရပ် တစ်စုံတစ်ခုကိုရှာလော့။ အာရပ်လူသည် တော၌စောင့်သကဲ့သို့၊ သင်သည် လမ်းတို့၌စောင့်နေ၍၊ မတရားသော မေထုန်အားဖြင့်လည်းကောင်း၊ အဓမ္မအမှုအားဖြင့်လည်းကောင်း ပြည်ကို ညစ်ညူးစေပြီ။ မိုးခေါင်၍ နောက်မိုးတိုင်အောင် မရွာသော်လည်း၊ သင်သည် ပြည့်တန်ဆာနဖူးရှိ၍၊ ရှက်ခြင်းသဘောကို ပယ်ရှားပြီ။ ယခုမှစ၍ သင်က၊ အကျွန်ုပ်အဘ၊ ကိုယ်တော်သည် အကျွန်ုပ်အသက်ငယ်စဉ်၊ စောင့်မပါပြီဟု ငါ့အား အော်ဟစ်ပါစေသော။ ဘုရားသခင်သည် အစဉ်အမျက်ထွက်တော်မူမည်လော။ အဆုံးတိုင်အောင် အပြစ်ကို မှတ်တော်မူမည်လောဟု ဆိုပါစေသော။ ထိုသို့ဆိုသော်လည်း၊ တတ်နိုင်သမျှအတိုင်း အဓမ္မအမှုကို ပြုပါသည်တကား။ ယောရှိမင်းကြီးလက်ထက်၊ ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည်ကား၊ ဖောက်ပြန်သော ဣသရေလအမျိုး ပြုသောအမှုကို သင်မြင်ပြီလော။ မြင့်သောတောင်ရှိသမျှ အပေါ်သို့တက်၍လည်းကောင်း၊ စိမ်းသောသစ်ပင်ရှိသမျှ အောက်၌လည်းကောင်း ပြည့်တန်ဆာလုပ်လေပြီ။ သူသည် ထိုအမှုအလုံးစုံတို့ကို ပြုပြီးမှ၊ ငါ့ထံသို့ ပြန်လာပါဟု ငါပြောသော်လည်း၊ သူသည် ပြန်၍မလာ။ ထိုအမှုကို သူ၏ညီမ၊ သစ္စာပျက်သောညီမယုဒသည် ကြည့်မြင်လေ၏။ ဖောက်ပြန်သော ဣသရေလသည် မတရားသောမေထုန်ကိုပြု၍၊ မှားယွင်းသောအပြစ်များကြောင့်၊ သူနှင့်ငါကွာ၍ ဖြတ်စာကို အပ်သော်လည်း၊ သစ္စာပျက်သောညီမ ယုဒသည်လည်း၊ မကြောက်ဘဲသွား၍၊ ပြည့်တန်ဆာလုပ်ကြောင်းကို ငါမြင်ရ၏။ သူသည် မတရားသောမေထုန်ကိုပြု၍ အလွန်လော်လည်သောအားဖြင့် ပြည်ကိုညစ်ညူးစေ၍၊ ကျောက်နှင့်လည်းကောင်း၊ သစ်တုံးနှင့်လည်းကောင်း မှားယွင်းလေ၏။ ထိုမျှလောက်အပြစ်ရှိသော်လည်း၊ သစ္စာပျက်သောညီမယုဒသည် ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့ ပြန်၍မလာ။ ပြန်လာဟန်ဆောင်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ တစ်ဖန် ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည်ကား၊ သစ္စာပျက်သောယုဒသည် ဖောက်ပြန်သောဣသရေလထက် အပြစ်ကြီး၏။ သင်သည်သွား၍ မြောက်မျက်နှာသို့ ဟစ်ကြော်ရမည်စကားဟူမူကား၊ အို ဖောက်ပြန်သော ဣသရေလ၊ ပြန်လာပါဟု ထာဝရဘုရား မိန့်တော်မူ၏။ သင်၌ ငါသည် မျက်မုန်းကျိုးခြင်းကိုမပြု၊ ကရုဏာစိတ်သဘောရှိ၏။ အစဉ်အမျက်ထွက်တတ်သည် မဟုတ်ဟု ထာဝရဘုရား မိန့်တော်မူ၏။ သင်သည် ငါ့စကားကို နားမထောင်။ သင်၏ ဘုရားသခင် ထာဝရဘုရားကိုပြစ်မှား၍၊ စိမ်းသောသစ်ပင်ရှိသမျှ အောက်၌တွေ့သော ဧည့်သည်တို့နှင့် မှားယွင်းသောအပြစ်ရှိကြောင်းကို ဝန်ချရုံမျှသာ ပြုလော့ဟု ထာဝရဘုရား မိန့်တော်မူ၏။ အို ဖောက်ပြန်သော သူငယ်တို့၊ ပြန်လာကြလော့ဟု ထာဝရဘုရား မိန့်တော်မူ၏။ ငါသည် သင်တို့ကို ရွံရှာဖူးသော်လည်း၊ သင်တို့မြို့များထဲက တစ်မြို့လျှင် လူတစ်ယောက်၊ အမျိုးသားချင်းအစုစုထဲက တစ်စုလျှင် လူနှစ်ယောက်ကို ရွေးယူ၍ ဇိအုန်မြို့သို့ ပို့ဆောင်မည်။ ငါသည် နှစ်သက်သောသူတို့ကို သင်းအုပ်အရာ၌ ခန့်ထား၍၊ သူတို့သည် ဉာဏ်ပညာနှင့် ပြည့်စုံလျက် သင်တို့ကို အုပ်ကြလိမ့်မည်။ ထိုကာလတွင် သင်တို့သည် ပြည်တော်၌ တိုးပွားများပြားသောအခါ၊ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ဟူ၍ နောက်တစ်ဖန် မပြောမဆိုရ။ ထိုသေတ္တာတော်ကို စိတ်မစွဲလမ်း၊ မအောက်မေ့၊ မပြုစုရ။ နောက်တစ်ဖန်မလုပ်ရဟု ထာဝရဘုရား မိန့်တော်မူ၏။ ထိုအခါ ယေရုရှလင်မြို့ကို ထာဝရဘုရား၏ပလ္လင်ဟူ၍ ခေါ်ကြလိမ့်မည်။ လူမျိုးအပေါင်းတို့သည်လည်း၊ ထာဝရဘုရား၏ နာမတော်ကိုအမှီပြု၍၊ ထိုပလ္လင်သို့ စည်းဝေးကြလိမ့်မည်။ နောက်တစ်ဖန် မိမိတို့၌ ဆိုးသောစိတ်နှလုံး ခိုင်မာခြင်းသဘောသို့လိုက်၍ မကျင့်ရကြ။ ထိုကာလ၌ ယုဒအမျိုးသည် ဣသရေလအမျိုးနှင့် ပေါင်းဖော်လျက်၊ မြောက်မျက်နှာအရပ်က တစ်စုတည်းလာ၍၊ သင်တို့ဘိုးဘေးများ အမွေခံဖို့၊ ငါပေးဖူးသောပြည်သို့ရောက်ကြလိမ့်မည်။
ယေရမိ 3 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယေရမိ 3:1-18
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို