ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ့ထံမှာ ကျက်စားသောသိုးတို့ကို ဖျက်ဆီး၍၊ အရပ်ရပ်သို့ ကွဲပြားစေသော သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။ ထိုကြောင့်၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို ကျွေးမွေးရသော သိုးထိန်းတို့အမှုမှာ သင်တို့သည် ငါ၏သိုးစုကိုမကြည့်ရှု၊ မပြုစု၊ အရပ်ရပ်သို့ ကွဲပြားစေ၍ နှင်ထုတ်သောကြောင့်၊ သင်တို့ပြုသော ဒုစရိုက်အပြစ်ကို သင်တို့အပေါ်မှာ ငါသက်ရောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ တစ်ဖန် မိန့်တော်မူသည်ကား၊ ငါ၏သိုးစုကို ငါနှင်ထုတ်သော ပြည်ရှိသမျှတို့၌ ကျန်ကြွင်းသောသိုးတို့ကို ငါစုဝေး၍၊ နေရင်းသိုးခြံသို့ တစ်ဖန် ငါဆောင်ခဲ့ဦးမည်။ သူတို့သည်လည်း၊ သားဖွား၍ များပြားကြလိမ့်မည်။ သူတို့ကို ကျွေးမွေးသောသိုးထိန်းတို့ကို သူတို့အပေါ်မှာ ငါခန့်ထားသဖြင့်၊ သူတို့သည် နောက်တစ်ဖန် ကြောက်ခြင်း၊ ထိတ်လန့်ခြင်း မရှိရကြ။ ဆုံးမခြင်းကိုလည်းမခံရကြဟု ထာဝရဘုရား မိန့်တော်မူ၏။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သန့်ရှင်းသောအညွန့်ကို ဒါဝိဒ်အဖို့ ငါပေါက်စေသည်အတိုင်း၊ ဉာဏ်ကောင်းသော ရှင်ဘုရင်တစ်ဦးသည် စိုးစံ၍၊ မြေကြီးပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်ရာကာလသည် ရောက်လိမ့်မည်။ ထိုမင်းလက်ထက်၌ ယုဒပြည်သည် ကယ်တင်ခြင်းသို့ရောက်၍၊ ဣသရေလပြည်လည်း ငြိမ်ဝပ်စွာ နေရလိမ့်မည်။ ထိုမင်းသည် ယေဟောဝါဇေဒကနု ဟူသော ဘွဲ့နာမရှိလိမ့်သတည်း။ သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ မကျိန်ဆိုဘဲ၊ ဣသရေလအမျိုးသား အစဉ်အဆက်တို့ကို မြောက်ပြည်မှစ၍၊ နှင်ထုတ်ဖူးသော ပြည်ရှိသမျှတို့မှ ပို့ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ ကျိန်ဆိုရသောကာလသည် နောက်တစ်ဖန် ရောက်လိမ့်မည်။ သူတို့သည် နေရင်းပြည်၌ တစ်ဖန် နေရကြလိမ့်မည်။
ယေရမိ 23 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယေရမိ 23:1-8
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ