ယေရမိ 20
20
ပါရှုရနှင့်ပဋိပက္ခဖြစ်ခြင်း
1ထိုသို့ယေရမိဟောပြောကြောင်းကို၊ ဗိမာန်တော်မှူးဖြစ်သော ယဇ်ပုရောဟိတ် ဣမေရသားပါရှုရသည် ကြားသောအခါ၊ 2ပရောဖက် ယေရမိကိုရိုက်ပုတ်၍၊ ဗိမာန်တော်နားမှာ ဗင်္ယာမိန် အထက်တံခါးဝတွင် ထိတ်ခတ်၍ထား၏။ 3နက်ဖြန်နေ့၌ ပါရှုရသည် ယေရမိကို ထိတ်မှလွှတ်သောအခါ၊ ယေရမိက၊ ထာဝရဘုရားသည် သင့်ကို ပါရှုရဟူ၍ မှည့်တော်မမူ။ မာဂေါမိဿဘိတ်ဟူ၍ မှည့်တော်မူ၏။ 4ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် သင်နှင့် သင်၏အဆွေခင်ပွန်းတို့၌၊ သင့်ကို ကြောက်မက်ဖွယ်သောအရာ ဖြစ်စေမည်။ သူတို့သည်လည်း၊ သင့်မျက်မှောက်၌ ရန်သူ၏ဓားဖြင့် ဆုံးကြလိမ့်မည်။ ယုဒပြည်တစ်ပြည်လုံးကို ဗာဗုလုန်ရှင်ဘုရင်လက်သို့ ငါအပ်သဖြင့်၊ သူသည် ပြည်သားတို့ကို ဗာဗုလုန်မြို့သို့သိမ်းသွား၍၊ ဓားနှင့် သတ်လိမ့်မည်။ 5ဤမြို့၏ အစွမ်းသတ္တိရှိသမျှကိုလည်းကောင်း၊ လုပ်ဆောင်၍ ရသမျှသောဥစ္စာကိုလည်းကောင်း၊ ဆည်းပူးသမျှသော ရတနာကိုလည်းကောင်း၊ ယုဒရှင်ဘုရင်၏ဘဏ္ဍာတော်အလုံးစုံတို့ကိုလည်းကောင်း၊ ရန်သူလက်သို့ငါအပ်သဖြင့်၊ ရန်သူတို့သည် လုယက်၍ ဗာဗုလုန်မြို့သို့ သိမ်းသွားကြလိမ့်မည်။ 6သင်ပါရှုရနှင့် သင်၏အိမ်သူ အိမ်သားအပေါင်းတို့ကိုလည်း သိမ်းသွားကြလိမ့်မည်။ သင်သည် ဗာဗုလုန်မြို့သို့ ရောက်ရလိမ့်မည်။ သင်ဟောပြောသော မုသားစကားကို နားထောင်သော သင်၏အဆွေခင်ပွန်း အပေါင်းတို့နှင်တကွ၊ သင်သည် ထိုမြို့၌သေ၍ သင်္ဂြိုဟ်ခြင်းကို ခံရလိမ့်မည်ဟု ပါရှုရအားပြောဆို၏။
ယေရမိ၏မြည်တမ်းခြင်း
7အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူသည်အတိုင်း အကျွန်ုပ်လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက်အားကြီး၍ နိုင်တော်မူပြီ။ အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းကို နေ့တိုင်းခံရပါ၏။ လူတိုင်း ပြက်ရယ်ခြင်းကို ပြုတတ်ကြပါ၏။ 8အကျွန်ုပ်သည် ဟောပြောလေရာရာ၌ အနိုင်အထက်ပြုခြင်း၊ ညှဉ်းဆဲခြင်းအမှုကြောင့် အော်ဟစ်၍ ကြွေးကြော်ရပါ၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အကျွန်ုပ်၌ ကဲ့ရဲ့ခြင်း၊ အစဉ်ပြက်ရယ်ခြင်းကို ခံစရာအကြောင်း ဖြစ်ပါ၏။ 9ထိုကြောင့်၊ ငါသည် နှုတ်ကပတ်တော်ကို မကြားမပြော၊ နာမတော်ကိုအမှီပြု၍ မဟောဘဲနေမည်ဟု သဘောထားသော်လည်း၊ ငါ့အရိုးတို့၌ချုပ်ထား၍၊ လောင်သောမီးကဲ့သို့ နှုတ်ကပတ်တော်သည် ငါ့နှလုံး၌ ဖြစ်သောကြောင့်၊ အလွန်ငြီးငွေ့သဖြင့် အောင့်၍မနေနိုင်၊ 10လူများကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရ၏။ ခပ်သိမ်းသော အရပ်တို့၌ ကြောက်မက်ဖွယ်သော အကြောင်းရှိ၏။ သူတစ်ပါးတို့က သတင်းကို ကြားပြောကြလော့။ ငါတို့သည် တစ်ဆင့် ကြားပြောလိမ့်မည်ဟု ဆိုကြ၏။ ငါ၏အနားမှာ အစဉ်နေသော ငါ၏မိတ်ဆွေအပေါင်းတို့က၊ ငါတို့သည် သူ့ကိုနိုင်၍ အငြိုးထားသောစိတ်ပြေစေခြင်းငှာ၊ သူ့ကို သွေးဆောင်ကောင်း သွေးဆောင်လိမ့်မည်ဟု ဆိုကြ၏။ 11သို့သော်လည်း၊ ထာဝရဘုရားသည် အားကြီးသောသူရဲကဲ့သို့ ငါ့ဘက်၌ ရှိတော်မူ၏။ ထိုကြောင့်၊ ငါ့ကိုညှဉ်းဆဲသော သူတို့သည် မနိုင်ဘဲ ထိမိ၍ လဲကြလိမ့်မည်။ အကြံမမြောက်သောကြောင့် အလွန်ရှက်ကြလိမ့်မည်။ မပြေမပျောက်နိုင်သော ထာဝရရှက်ကြောက်ခြင်း ရှိကြလိမ့်မည်။ 12ဖြောင့်မတ်သော သူတို့ကို စုံစမ်း၍၊ နှလုံးကျောက်ကပ်သဘောကို သိမြင်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ရှေ့တော်၌ဖွင့်ပြပါသည်ဖြစ်၍၊ သူတို့၌ အပြစ်ဒဏ် စီရင်တော်မူကြောင်းကို အကျွန်ုပ်မြင်ရပါလိမ့်မည်။ 13ထာဝရဘုရားအား သီချင်းဆိုကြလော့။ ထာဝရဘုရားကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ မတရားသဖြင့် ပြုသောသူတို့လက်မှ၊ ဆင်းရဲသောသူကို ကယ်နုတ်တော်မူသတည်း။
14ငါဖွားသော နေ့ရက်သည် အမင်္ဂလာရှိပါစေသော။ ငါ့ကို ငါ့အမိဖွားသော နေ့ရက်သည် ကောင်းချီးမင်္ဂလာကို မခံပါစေနှင့်။#ယောဘ၊ ၃:၁-၁၉။ 15ငါ့အဘထံသို့သွား၍၊ ကိုယ်တော်သည် သားယောက်ျားကို ရပါပြီဟု သတင်းပြောလျက်၊ ငါ့အဘကို အလွန်ဝမ်းမြောက်စေသော သူသည် အမင်္ဂလာရှိပါစေသော။ 16ထာဝရဘုရားသည် နောင်တမရ၊ ဖျက်ဆီးတော်မူသောမြို့တို့ကဲ့သို့၊ ထိုသူသည်ဖြစ်ပါစေသော။ နံနက်အချိန်၌ ကြွေးကြော်သံကိုလည်းကောင်း၊ မွန်းတည့်အချိန်၌ အော်ဟစ်သံကိုလည်းကောင်း ကြားပါစေသော။ 17အကြောင်းမူကား၊ သူသည် ငါ့ကိုဖွားစကပင်မသတ်ဘဲ၊ ငါ့အမိ၏ဝမ်းသည် ငါ၏သင်္ချိုင်းဖြစ်၍၊ ငါ့ကိုအစဉ် ကိုယ်ဝန်ဆောင်မည် အကြောင်းမပြုဘဲ နေပါသည်တကား။ 18ငါသည် ပူပန်ခြင်း၊ ဝမ်းနည်းခြင်းကိုခံရမည် အကြောင်းနှင့် ရှက်ကြောက်ခြင်းအားဖြင့် ကိုယ်အသက်ကို လွန်စေရမည်အကြောင်း၊ အဘယ်ကြောင့် ငါ့ကို ဖွားမြင်ရပါသနည်း။
လက်ရှိရွေးချယ်ထားမှု
ယေရမိ 20: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.