အို မိခင်၊ ငါ၌ အမင်္ဂလာရှိ၏။ မိခင်သည် တစ်ပြည်လုံးရန်တွေ့သောသူ၊ ငြင်းဆန်သောသူဖြစ်သော ငါ့ကို ဖွားမြင်ပါပြီ။ ငါသည် သူတစ်ပါးကို အတိုးနှင့် မချေး။ သူတစ်ပါးသည်လည်း ငါ့ကိုအတိုးနှင့်မချေး။ သို့သော်လည်း၊ လူခပ်သိမ်းတို့သည် ငါ့ကို ကျိန်ဆဲတတ်ကြ၏။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ် သင့်ကို ငါချမ်းသာပေးမည်။ အမှုရောက်သောကာလ၊ ညှဉ်းဆဲခြင်းကိုခံရသော ကာလ၌၊ ရန်သူသည် သင့်ထံမှာတောင်းပန်မည်အကြောင်း၊ အကယ်စင်စစ် ငါစီရင်မည်။ သံချင်းတိုက်သောအခါ မြောက်ပြည်သံကိုလည်းကောင်း၊ သံမဏိကိုလည်းကောင်း ချိုးနိုင်သလော။ သင်၏ပြည် တစ်လျှောက်လုံး၌ သင်ပြုသောအပြစ်များကြောင့်၊ သင်၏ဥစ္စာဘဏ္ဍာကို အဖိုးမခံဘဲ လုယူသော သူတို့လက်သို့ ငါပေးမည်။ သင်မသိသောပြည်သို့ ရန်သူနှင့်အတူ သင့်ကိုငါသွားစေမည်။ သင်တို့ကို လောင်သောမီးသည် ငါ့အမျက်အားဖြင့် ရှို့လျက်ရှိ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် သိတော်မူ၏။ အကျွန်ုပ်ကိုအောက်မေ့လျက် အကြည့်အရှုကြွလာ၍၊ အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့ကို တရားသဖြင့် ပေးတော်မူပါ။ သူတို့ကိုသည်းခံ၍၊ အကျွန်ုပ်ကို သုတ်သင်ပယ်ရှင်းတော် မမူပါနှင့်။ အကျွန်ုပ်သည် ကိုယ်တော်အတွက် ကဲ့ရဲ့ခြင်းခံရကြောင်းကို အောက်မေ့တော်မူပါ။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တွေ့သော နှုတ်ကပတ်တော်စကားကို ခံယူပါပြီ။ နှုတ်ကပတ်တော်သည် အကျွန်ုပ် ဝမ်းမြောက်ရွှင်လန်းစရာအကြောင်း ဖြစ်ပါ၏။ နာမတော်ဖြင့် အကျွန်ုပ်ကို ခေါ်ဝေါ်ပါ၏။ ပွဲခံသောသူ အစည်းအဝေး၌ အကျွန်ုပ်မထိုင်ပါ။ ပျော်ရွှင်ခြင်းအမှုကို မပြုပါ။ လက်တင်တော်မူသောကြောင့်၊ တစ်ယောက်တည်း ထိုင်ပါပြီ။ အကျွန်ုပ်ကို ဒေါသအမျက်နှင့် ပြည့်စေတော်မူပြီ။ အကျွန်ုပ်ခံရသောဝေဒနာသည် အဘယ်ကြောင့် မြဲပါသနည်း။ မပျောက်လို၊ မပျောက်နိုင်သောအနာကို အဘယ်ကြောင့် ခံရပါသနည်း။ အကယ်စင်စစ် ကိုယ်တော်သည်ပျောက်တတ်၍၊ လှည့်စားသောရေကဲ့သို့ အကျွန်ုပ်၌ ဖြစ်တော်မူပါပြီတကား။ ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည်ပြန်လာလျှင်၊ သင့်ကိုငါဆောင်ခဲ့၍၊ သင်သည် ငါ၏အမှုကို ထမ်းရလိမ့်မည်။ သင်သည် မြတ်သောအရာနှင့် ယုတ်သောအရာတို့ကို ပိုင်းခြားခွဲထားလျှင်၊ ငါ့နှုတ်ကဲ့သို့ ဖြစ်ရလိမ့်မည်။ သူတို့သည် သင့်ထံသို့ ပြန်လာကြလိမ့်မည်။ သင်သည် သူတို့ရှိရာသို့ ပြန်၍မသွားရ။ ငါသည်လည်း သင့်ကို ဤလူမျိုးတစ်ဖက်၌ ခိုင်ခံ့သောကြေးဝါမြို့ရိုး ဖြစ်စေမည်။ သူတို့သည် သင့်ကိုတိုက်၍ မနိုင်ရကြ။ ငါသည် သင့်ကို နုတ်ယူကယ်တင်ခြင်းငှာ သင့်ဘက်၌နေမည်။ လူဆိုးလက်မှ သင့်ကိုငါနုတ်၍၊ ကြောက်မက်ဖွယ်သော သူတို့လက်မှ ရွေးယူမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
ယေရမိ 15 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယေရမိ 15:10-21
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ