ယေရမိ 10
10
စစ်မှန်သောဘုရားနှင့်မှားယွင်းသောဘုရား
1အို ဣသရေလ အမျိုးသားတို့၊ သင်တို့အား ထာဝရဘုရားမိန့်တော်မူသောစကားကို နားထောင်ကြလော့။ 2ထာဝရဘုရား မိန့်တော်မူသည်ကား၊ သာသနာပလူတို့၏ဘာသာဓလေ့၌ မကျင်လည်ကြနှင့်။ သာသနာပလူတို့ ထိတ်လန့်ကြောက်တတ်သော မိုးကောင်းကင်နိမိတ်တို့မှ မထိတ်လန့် မကြောက်ကြနှင့်။ 3လူအမျိုးမျိုးကျင့်သော အကျင့်ဓလေ့တို့သည် အချည်းနှီးဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ သူတို့သည် တော၌ သစ်ပင်ကိုခုတ်လှဲ၍၊ ပုဆိန်နှင့်လုပ်တတ်သော လက်သမား၏ လက်လုပ်ရာဖြစ်သောအရာကို၊ 4ရွှေငွေနှင့် လှပစွာ ချယ်လှယ်ပြီးလျှင်၊ မလှုပ်ရှားစေခြင်းငှာ သံချွန်ကို တူနှင့်ရိုက်ထားကြ၏။ 5သူသည် စွန်ပလွံပင်ကဲ့သို့ ခိုင်မာ၍ စကားမပြောတတ်။ မိမိအလိုအလျောက်မသွားနိုင်သောကြောင့်၊ ထမ်း၍သွားရ၏။ ထိုအရာတို့ကို မကြောက်ကြနှင့်။ အန္တရာယ်ကို မပြုနိုင်။ ကျေးဇူးကိုလည်း မပြုနိုင်။
6အို ထာဝရဘုရား၊ ကိုယ်တော်နှင့် အဘယ်သူမျှ မတူပါ။ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ နာမတော်သည်လည်း၊ တန်ခိုးတော်အားဖြင့် ကြီးမြတ်တော်မူ၏။ 7အို လူအမျိုးမျိုးတို့၏ ဘုရင်၊ ကိုယ်တော်ကို ကြောက်သင့်သည် ဖြစ်၍၊ အဘယ်သူသည် မကြောက်ဘဲနေရပါမည်နည်း။ အမျိုးမျိုးသော ပညာရှိအပေါင်းတို့၌လည်းကောင်း၊ ခပ်သိမ်းသော တိုင်းနိုင်ငံတို့၌လည်းကောင်း ကိုယ်တော်နှင့် တူသောသူ တစ်စုံတစ်ယောက်မျှမရှိပါ။#ဗျာ၊ ၁၅:၄။ 8သူတို့သည် တစ်လုံးတစ်ဝတည်း တိရစ္ဆာန်သဘောနှင့် မိုက်သောသဘောရှိကြ၏။ သစ်သားသော်လည်း မိုက်သောအယူကို ဆုံးမတတ်၏။ 9ထုလုပ်တတ်သောသူ၊ သွန်းတတ်သောသူ၏ လက်လုပ်ရာငွေပြားကို တာရှုမြို့မှလည်းကောင်း၊ ရွှေကိုလည်း ဥဖတ်မြို့မှလည်းကောင်း ဆောင်ခဲ့တတ်၏။ ပြာသောအထည်၊ မောင်းသောအထည်နှင့် ခြုံတတ်၏။ လိမ္မာသောသူ လုပ်ရာသက်သက်ဖြစ်သတည်း။ 10ထာဝရဘုရားမူကား၊ မှန်သောဘုရား၊ အသက်ရှင်သောဘုရား၊ နိစ္စထာဝရဘုရင်ဖြစ်တော်မူ၏။ အမျက်တော်ထွက်လျှင် မြေကြီးတုန်လှုပ်ရ၏။ လူအမျိုးမျိုးတို့သည် အမျက်တော်ကိုမခံနိုင်ကြ။ 11သာသနာပလူတို့အား ပြောရသောစကားဟူမူကား၊ ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းသောဘုရားတို့သည် ဤကောင်းကင်အောက်၊ ဤမြေကြီးပြင်မှ ကွယ်ပျောက်ကြလိမ့်မည်။
ဘုရားသခင်အားချီးမွမ်းသီချင်း
12ထာဝရဘုရားသည် တန်ခိုးတော်အားဖြင့် မြေကြီးကိုဖန်ဆင်းတော်မူပြီ။ ပညာတော်အားဖြင့် လောကဓာတ်ကို တည်တော်မူပြီ။ ဉာဏ်တော်အားဖြင့် မိုးကောင်းကင်ကိုကြက်တော်မူပြီ။ 13အသံတော်ကိုလွှတ်တော်မူသောအခါ၊ မိုးရေအသံဗလံ ဖြစ်တတ်၏။ မြေကြီးစွန်းမှ မိုးတိမ်ကို တက်စေတော်မူ၏။ မိုးရွာသည်နှင့် လျှပ်စစ်ပြက်စေတော်မူ၏။ လေကိုလည်း၊ ဘဏ္ဍာတော်တိုက်ထဲက ထုတ်တော်မူ၏။ 14လူမည်သည်ကား၊ မိမိဉာဏ်အားဖြင့် တိရစ္ဆာန်ကဲ့သို့ ဖြစ်၏။ ရုပ်တုကို သွန်းသောသူတိုင်း မိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက်ရှိ၏။ အကြောင်းမူကား၊ သွန်းသောရုပ်တုသည် မုသားဖြစ်၏။ သူ၌လည်း ထွက်သက်ဝင်သက် မရှိ။ 15ထိုသို့သောအရာတို့သည် အချည်းနှီးသက်သက်ဖြစ်ကြ၏။ လှည့်စားသောအရာလည်း ဖြစ်ကြ၏။ စစ်ကြောခြင်းကိုခံရသည်ကာလ၌ ကွယ်ပျောက်ကြလိမ့်မည်။ 16ယာကုပ်အမျိုး၏အဖို့သည် ထိုသို့သောအရာနှင့် တူတော်မမူ။ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းသောဘုရား ဖြစ်တော်မူ၏။ ဣသရေလအမျိုးသည် အမွေခံတော်မူရာဖြစ်၏။ နာမတော်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားပေတည်း။
ကျရောက်လာမည့်ပြည်နှင်ဒဏ်
17အို ရဲတိုက်၌နေသောသူ၊ မြေပေါ်မှာရှိသော သင်၏ဥစ္စာပရိကံများကို စုသိမ်းလော့။ 18ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုပင်ငါသည် လောက်လွှဲစာကိုပစ်သကဲ့သို့၊ ပြည်သားများကို လောက်လွှဲထဲကပစ်၍၊ ရန်သူတို့လက်သို့ ရောက်စေခြင်းငှာ ညှဉ်းဆဲမည်ဟု မိန့်တော်မူ၏။
19ငါသည် ချိုးဖျက်ခြင်းကို ခံရသောကြောင့် အမင်္ဂလာရှိ၏။ ငါ့အနာပြင်းလှ၏။ သို့သော်လည်း၊ ငါတွေ့သော ဤဒုက္ခဝေဒနာကို ဆက်ဆက်ခံရမည်ဟု ငါဆို၏။ 20ငါ့တဲလည်းပျက်၏။ ငါ့ကြိုးရှိသမျှတို့လည်း ပြတ်ကြ၏။ ငါ့သားတို့လည်း ငါ့ထံမှထွက်သွား၍ ပျောက်ကြ၏။ နောက်တစ်ဖန် ငါ့တဲကို ဆောက်ရသောသူ၊ ငါ့ကုလားကာတို့ကို ဆွဲကာရသောသူ မရှိ။ 21အကြောင်းမူကား၊ သိုးထိန်းတို့သည် တိရစ္ဆာန်သဘောရှိ၍၊ ထာဝရဘုရားကိုမရှာဖွေသောကြောင့် အကြံမမြောက်ရကြ။ သိုးစုအပေါင်းတို့သည် အရပ်ရပ်သို့ ကွဲပြားရကြ၏။ 22အသံကို ကြားရ၏။ အနီးသို့လာ၏။ ယုဒမြို့တို့ကို ဖျက်ဆီး၍၊ မြေခွေးနေရာတွင်းဖြစ်စေခြင်းငှာ၊ ကြီးသော အသံဗလံသည် မြောက်မျက်နှာကလာ၏။
23အိုထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။ 24အို ထာဝရဘုရား၊ အကျွန်ုပ်ကိုဆုံးမတော်မူလျှင်၊ အကျိုးနည်းစေခြင်းငှာ အမျက်ထွက်တော်မမူပါနှင့်။ တရားတော်အတိုင်းသာ ဆုံးမတော်မူပါ။ 25ကိုယ်တော်ကိုမသိသော တစ်ပါးအမျိုးသားတို့ အပေါ်သို့လည်းကောင်း၊ နာမတော်ကို ပတ္ထနာမပြုသော အမျိုးအနွယ်တို့ အပေါ်သို့လည်းကောင်း အမျက်တော်ကို သွန်းလောင်းတော်မူပါ။ အကြောင်းမူကား၊ သူတို့သည် ယာကုပ်အမျိုးကို အကုန်အစင်ကိုက်စား၍၊ သူ၏နေရာကို သုတ်သင်ပယ်ရှားကြပါပြီ။
လက်ရှိရွေးချယ်ထားမှု
ယေရမိ 10: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.