တစ်ဖန် ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြုသောကြောင့်၊ သူတို့ကို မိဒျန်အမျိုးလက်၌ ခုနစ်နှစ်ပတ်လုံးအပ်တော်မူသဖြင့်၊ မိဒျန်အမျိုးသည် ဣသရေလအမျိုးကို နိုင်၍ ညှဉ်းဆဲသောကြောင့်၊ ဣသရေလအမျိုးသားတို့သည် တောင်ရိုး၌ ခိုင်ခံ့သော ဥမင်မြေတွင်းတို့ကို လုပ်ရကြ၏။ ဣသရေလအမျိုးသည် လယ်လုပ်ပြီးမှ၊ မိဒျန်ပြည်သားနှင့် အာမလက်ပြည်သား အစရှိသော အရှေ့ပြည်သားတို့သည် ချီလာ၍၊ တပ်ချသဖြင့်၊ ဂါဇမြို့တိုင်အောင် မြေအသီးအနှံကို သုတ်သင်ပယ်ရှင်းလျက် စားစရာကို ချန်၍မထား။ သိုးနွားမြည်းကိုလည်း ချန်၍မထားကြ။ အဘယ်သို့နည်းဟူမူကား၊ သူတို့သည် တိရစ္ဆာန်များ၊ တဲများပါလျက်၊ ကျိုင်းကောင်များပြားသကဲ့သို့၊ သူတို့နှင့် ကုလားအုတ်တို့သည် မရေတွက်နိုင်အောင် များပြားသဖြင့် ဣသရေလပြည်ကို ဖျက်ဆီးလျက် လာကြ၏။ ဣသရေလအမျိုးသားတို့သည် မိဒျန်အမျိုးသားတို့ကြောင့် အလွန်ဆင်းရဲ၍ ထာဝရဘုရားအား ဟစ်ကြော်ကြ၏။ ထိုသို့ မိဒျန်အမျိုးသားတို့ကြောင့်၊ ထာဝရဘုရားအား ဟစ်ကြော်ကြသောအခါ၊ ထာဝရဘုရားသည် ပရောဖက်တစ်ယောက်ကို ဣသရေလအမျိုးသားတို့ထံသို့ စေလွှတ်တော်မူ၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင်တို့ကို ငါနုတ်ဆောင်ပြီ။ အဲဂုတ္တုပြည်သားလက်မှလည်းကောင်း၊ ညှဉ်းဆဲသောသူအပေါင်းတို့ လက်မှလည်းကောင်း၊ သင်တို့ကိုကယ်နုတ်၍၊ သူတို့ကို သင်တို့ရှေ့မှ နှင်ထုတ်သဖြင့် သူတို့ပြည်ကိုပေးပြီ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်တို့နေသော အာမောရိပြည်သား ကိုးကွယ်သော ဘုရားတို့ကို မကြောက်ရွံ့ကြနှင့်ဟု ငါပညတ်သော်လည်း၊ သင်တို့သည် ငါ့စကားကို နားမထောင်ကြဟု မိန့်တော်မူ၏။ တစ်ဖန် ထာဝရဘုရား၏ကောင်းကင်တမန်သည် လာ၍၊ ဩဖရရွာမှာ အဗျေဇာအမျိုးသားယောရှပိုင်သော သပိတ်ပင်အောက်၌ ထိုင်လေ၏။ ယောရှသားဂိဒေါင်သည် မိမိစပါးကို မိဒျန်လူတို့ မတွေ့စေခြင်းငှာ၊ စပျစ်သီးနယ်ရာ တန်ဆာအနားမှာ စပါးကိုနယ်လျက်နေ၏။ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကိုယ်ထင်ရှား၍၊ ခွန်အားကြီးသော အချင်းသူရဲ၊ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏ဟုဆိုလျှင်၊ ဂိဒေါင်က၊ အိုသခင်၊ ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည်မှန်လျှင် အဘယ်ကြောင့် ဤအမှုကြီး ရောက်ရပါသနည်း။ ထာဝရဘုရားသည် ငါတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူသည် မဟုတ်လောဟု အကျွန်ုပ်တို့အဘများ ပြောသည်အတိုင်း ပြုတော်မူသော၊ အံ့ဖွယ်သော အမှုရှိသမျှတို့သည် အဘယ်မှာ ရှိပါသနည်း။ ယခုမှာ ထာဝရဘုရားသည် အကျွန်ုပ်တို့ကိုစွန့်၍ မိဒျန်လူတို့လက်သို့ အပ်တော်မူပြီတကားဟု ဆိုလေသော်၊ ထာဝရဘုရားသည် သူ့ကိုကြည့်ရှု၍ ယခု သင်ရသောတန်ခိုးကို အမှီပြုလျက် သွားလော့။ သင်သည် ဣသရေလအမျိုးကို မိဒျန်လူတို့လက်မှ ကယ်နုတ်လိမ့်မည်။ သင့်ကို ငါစေခိုင်းသည် မဟုတ်လောဟု မိန့်တော်မူ၏။ ဂိဒေါင်ကလည်း၊ အိုသခင်၊ အကျွန်ုပ်သည် ဣသရေလအမျိုးကို အဘယ်သို့ ကယ်နုတ်နိုင်ပါမည်နည်း။ အကျွန်ုပ်အဆွေအမျိုးသည် မနာရှေအမျိုး၌ သာ၍ဆင်းရဲပါ၏။ အကျွန်ုပ်သည်လည်း၊ ကိုယ်အဆွေအမျိုး၌ အယုတ်ဆုံးသော သူဖြစ်ပါ၏ဟု လျှောက်လျှင်၊ ထာဝရဘုရားက၊ အကယ်စင်စစ် ငါသည် သင်နှင့်အတူရှိသဖြင့်၊ သင်သည် လူတစ်ယောက်ကို လုပ်ကြံသကဲ့သို့၊ မိဒျန်လူတို့ကို လုပ်ကြံလိမ့်မည်ဟု မိန့်တော်မူ၏။
တရားသူကြီး 6 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တရားသူကြီး 6:1-16
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ