ရှင်ယာကုပ် 3
3
လျှာကိုချုပ်တည်းခြင်း
1ငါ့ညီအစ်ကိုတို့၊ ငါတို့သည်သာ၍ ကျပ်တည်းသော စစ်ကြောစီရင်ခြင်းကို ခံရမည်ဟု သင်တို့သိ၍ အများသောဆရာ မဖြစ်ကြနှင့်။- 2ငါတို့ရှိသမျှသည် အများသောအားဖြင့် မှားတတ်ကြ၏။ စကားအားဖြင့် မှားခြင်းမရှိသောသူမည်သည်ကား၊ စုံလင်သောသူဖြစ်၏။ မိမိကိုယ်တစ်ကိုယ်လုံးကို ချုပ်တည်းနိုင်သောသူ ဖြစ်၏။- 3မြင်းကိုနိုင်ခြင်းငှာ ပါးစပ်ကိုဇက်ခွံ့တတ်၏။ သို့ပြု၍ မြင်းကိုယ်တစ်ကိုယ်လုံးကို လှည့်စေတတ်၏။- 4ထိုမှတစ်ပါး၊ အလွန်ကြီးသောသင်္ဘောသည် ပြင်းစွာသောလေဟုန်နှင့် လွင့်သွားသော်လည်း၊ တက်မကိုင် အလိုရှိသည်အတိုင်း၊ ငယ်သောတက်မဖြင့် လှည့်တတ်၏။- 5ထိုနည်းတူ၊ လျှာသည် ငယ်သောအင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ အဘယ်မျှလောက် များစွာသောထင်းကို အနည်းငယ်သောမီးသည် ညှိနိုင်သည်ကို ကြည့်ပါလော့။- 6လျှာသည် မီးဖြစ်၏။ ဒုစရိုက်၏ လောကဓာတ်လည်းဖြစ်၏။ ထိုသို့နှင့်အညီ၊ လျှာသည် ငါတို့၏အင်္ဂါတို့တွင်တည်၍ တစ်ကိုယ်လုံးကို ညစ်ညူးစေ၏။ ဇာတိစက်ကိုလည်း ရှို့တတ်၏။ မိမိသည်လည်း ငရဲမီးရှို့ခြင်းကို ခံလျက်ရှိ၏။- 7သားရဲမျိုး၊ ငှက်မျိုး၊ တွားတတ်သောတိရစ္ဆာန်မျိုး၊ ငါးမျိုးတို့ကို လူမျိုးသည် အောင်တတ်သည်အတိုင်း အောင်ခဲ့ပြီ။- 8လျှာကိုကား၊ အဘယ်လူမျှမအောင်နိုင်၊ မဆုံးမနိုင်သော အဆိုးအညစ်ဖြစ်၏။ သေစေတတ်သော အဆိပ်အတောက်နှင့် ပြည့်စုံ၏။- 9ငါတို့သည် လျှာဖြင့် ခမည်းတော်ဘုရားသခင်ကို ကောင်းချီးပေးတတ်ကြ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းသောလူတို့ကို လျှာဖြင့် ကျိန်ဆဲတတ်ကြ၏။- 10နှုတ်တစ်ပါးတည်းအထဲက၊ ထောမနာချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်း ထွက်တတ်ပါသည်တကား၊ ငါ့ညီအစ်ကိုတို့၊ ထိုသို့မဖြစ်ကောင်းရာ။- 11စမ်းရေပေါက် တစ်ပေါက်တည်းအထဲက ချိုသောရေနှင့် ခါးသောရေ ထွက်တတ်သလော။- 12ငါ့ညီအစ်ကိုတို့၊ သင်္ဘောသဖန်းပင်သည် သံလွင်သီးကို သီးနိုင်သလော။ စပျစ်ပင်သည် သင်္ဘောသဖန်းသီးကို သီးနိုင်သလော။ ထိုအတူ၊ ငန်သောရေသည် ချိုသောရေကို မဖြစ်စေနိုင်။
အထက်မှသက်ရောက်သောပညာ
13သင်တို့တွင် အတတ်အလိမ္မာနှင့်ပြည့်စုံသော ပညာရှိ တစ်စုံတစ်ယောက်ရှိလျှင်၊ ထိုသူသည် ပညာ၏ နူးညံ့သိမ်မွေ့ခြင်းနှင့်တကွ၊ ကောင်းမြတ်သော ကျင့်ကြံပြုမူခြင်းအားဖြင့် မိမိအမှုတို့ကို ပြပါစေ။- 14သို့မဟုတ် သင်တို့စိတ်ထဲမှာ ခါးစွာသော ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင်၊ သမ္မာတရားကို မုသားဖြင့်ဆန်၍ မဝါကြွားကြနှင့်။- 15ထိုသို့သောပညာသည် အထက်မှ သက်ရောက်သောပညာမဟုတ်။ မြေကြီးပညာ၊ ဇာတိပကတိပညာ၊ နတ်ဆိုးပညာဖြစ်၏။- 16အကြောင်းမူကား၊ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင်၊ မငြိမ်မဝပ်ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ်စွာ ပြုမူခြင်း အမျိုးမျိုးရှိတတ်၏။- 17အထက်မှ သက်ရောက်သောပညာမူကား၊ ရှေ့ဦးစွာစင်ကြယ်၏။ ထိုမှတစ်ပါး၊ အသင့်အတင့်နေတတ်၏။ ဖြည်းညင်းသောသဘော ရှိ၏။ သွေးဆောင်လွယ်၏။ ကရုဏာနှင့်လည်းကောင်း၊ ကောင်းကျိုးနှင့်လည်းကောင်း ပြည့်စုံ၏။ လျစ်လျူသောစိတ်ရှိ၏။ လျှို့ဝှက်ခြင်းနှင့် ကင်းစင်၏။- 18အသင့်အတင့်နေခြင်းငှာပြုစုတတ်သော သူတို့သည် ဖြောင့်မတ်ခြင်းတရား၏ မျိုးစေ့ကို ငြိမ်သက်စွာ ကြဲတတ်ကြ၏။
လက်ရှိရွေးချယ်ထားမှု
ရှင်ယာကုပ် 3: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.