ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော ငါတို့ သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ၊ လူမျက်နှာကို ထောက်ခြင်းမရှိကြနှင့်။- ရွှေလက်စွပ်နှင့် တင့်တယ်သော အဝတ်ကို ဝတ်ဆင်သောသူ၊ ညစ်သောအဝတ်ကိုဝတ်၍ ဆင်းရဲသော သူနှစ်ဦးသည် သင်တို့၏ တရားဇရပ်ထဲသို့ ဝင်သောအခါ၊- တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်၍၊ ကောင်းမွန်သော ဤအရပ်မှာထိုင်ပါ ဟူ၍လည်းကောင်း၊ ဆင်းရဲသောသူကို၊ ဟိုမှာနေလော့၊ သို့မဟုတ် ဤအရပ်မှာ ငါ့ခြေတင်ခုံအောက်၌ ထိုင်လော့ဟူ၍လည်းကောင်း၊ သင်တို့သည် ပြောဆိုလျှင်၊- တစ်ဖက်၌ ငဲ့ကွက်သောစိတ်ရှိ၍ မကောင်းသောအကြံအစည်နှင့် စီရင်သောသူ ဖြစ်ကြသည်မဟုတ်လော။- ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ လောကတွင် ဆင်းရဲသောသူတို့သည် ယုံကြည်ခြင်း ရတနာကို ရတတ်စေခြင်းငှာလည်းကောင်း၊ ဘုရားသခင်ကို ချစ်သောသူတို့အား ပေးမည်ဟု ဝန်ခံတော်မူသော နိုင်ငံတော်၏အမွေခံ ဖြစ်စေခြင်းငှာလည်းကောင်း၊ ထိုသူတို့ကို ရွေးကောက်တော်မူသည် မဟုတ်လော။- သင်တို့သည် ဆင်းရဲသောသူကို မထီမဲ့မြင် ပြုကြသည်တကား။ ငွေရတတ်သော သူတို့သည် သင်တို့ကို ညှဉ်းဆဲနှိပ်စက်ကြသည် မဟုတ်လော။ တရားပလ္လင်ရှေ့သို့ ဆွဲငင်ကြသည်မဟုတ်လော။- သင်တို့ကိုသမုတ်သော နာမတော်မြတ်ကို သူတို့သည် ကဲ့ရဲ့ကြသည်မဟုတ်လော။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ကျမ်းစာ၌ပါသော ရွှေပညတ်တော်ကို သင်တို့သည် စောင့်ရှောက်လျှင်၊ ကောင်းသောအကျင့်ကို ကျင့်ရာသို့ရောက်ကြ၏။- သို့မဟုတ် လူမျက်နှာကိုထောက်လျှင်၊ ဒုစရိုက်ကို ပြုသောသူဖြစ်ကြ၏။ တရားကို လွန်ကျူးသောသူဟု ပညတ်တော်အားဖြင့် ထင်ရှားစွာဖြစ်ကြ၏။- အဘယ်သို့နည်းဟူမူကား၊ ပညတ်တရားအလုံးစုံကို စောင့်ရှောက်သည်တွင် တစ်စုံတစ်ခု၌မှားမိလျှင်၊ ပညတ်တရားကို လွန်ကျူးသောအပြစ်ရှိ၏။- သူ့မယားကိုမပြစ်မှားနှင့်ဟု ပညတ်တော်မူသောသူက၊ လူအသက်ကို မသတ်နှင့်ဟု ပညတ်တော်မူသေး၏။ သို့ဖြစ်၍ သင်သည် သူ့မယားကိုမပြစ်မှားဘဲနေသော်လည်း၊ လူအသက်ကို သတ်လျှင်၊ ပညတ်တရားကို လွန်ကျူးသောသူ ဖြစ်၏။- လွှတ်ခြင်းတရားအတိုင်း စီရင်ခြင်းကို ခံရလတ္တံ့သောသူကဲ့သို့၊ စကားပြောခြင်း၊ အမှုပြုခြင်းကို စီရင်ကြလော့။- ကရုဏာမရှိသောသူသည်၊ ကရုဏာကိုမရဘဲ၊ တရားစီရင်ခြင်းကို ခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းကိုအောင်၍ ဝါကြွားတတ်၏။ ငါ့ညီအစ်ကိုတို့၊ တစ်စုံတစ်ယောက်သောသူက၊ ငါသည် ယုံကြည်ခြင်းရှိ၏ဟု ပြောလျက်၊ အကျင့်ကို မကျင့်ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်သလော။- ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍၊ နေ့တိုင်း စားရသောအစာမရှိသောအခါ၊- သင်တို့တွင် တစ်စုံတစ်ယောက်သောသူက၊ ငြိမ်ဝပ်စွာသွားကြလော့။ နွေးကြလော့။ ဝကြလော့ဟု ပြောလျက်၊ သူတို့ကိုယ်နှင့်တော်လျော်သော အသုံးအဆောင်ကို မပေးဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။- ထိုနည်းတူ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် တစ်ပါးတည်းရှိသောကြောင့် အသေဖြစ်၏။- တစ်နည်းကား၊ သင်သည် ယုံကြည်ခြင်းရှိ၏။ ငါသည် အကျင့်ရှိ၏။ သို့ဖြစ်၍ သင်သည်အကျင့်မရှိဘဲ သင်၏ယုံကြည်ခြင်းကို ပြလော့။ ငါမူကား၊ အကျင့်အားဖြင့် ငါ၏ယုံကြည်ခြင်းကို ပြမည်ဟု ပြောစရာရှိ၏။- ဘုရားသခင်တစ်ဆူတည်းရှိသည်ဟု သင်သည်ယုံ၏။ ကောင်းပေ၏။ နတ်ဆိုးတို့သည် ယုံ၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။ လျှပ်ပေါ်သောလူ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်သည်ကို သိချင်သလော။- ငါတို့အဘအာဗြဟံသည်၊ မိမိသားဣဇာက်ကို ယဇ်ပလ္လင်ပေါ်မှာ တင်လှူပူဇော်သောအခါ၊ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော။- ယုံကြည်ခြင်းသည် အကျင့်နှင့်အတူပြုပြင်၍၊ အကျင့်အားဖြင့် စုံလင်သည်ကို သိမြင်ရ၏။- အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏ဟူသော ကျမ်းစကား ပြည့်စုံလေ၏။ အာဗြဟံသည်လည်း၊ ဘုရားသခင်၏အဆွေဟူ၍ ခေါ်ဝေါ်ခြင်းကိုခံရ၏။- လူသည် ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်။ အကျင့်အားဖြင့် ရောက်သည်ကို သင်တို့သိမြင်ရကြ၏။- ထိုနည်းတူ၊ ပြည့်တန်ဆာရာခပ်သည်၊ တမန်တို့ကိုလက်ခံပြီးမှ အခြားသောလမ်းဖြင့် လွှတ်လိုက်၍၊ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော။- ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို့၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်၏။
ရှင်ယာကုပ် 2 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယာကုပ် 2
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယာကုပ် 2:1-26
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ