YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 6:1-13

ဟေရှာယ 6:1-13 JBMLE

ဩ​ဇိ​မင်း​ကြီး အ​နိ​စ္စ​ရောက်​သော​နှစ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​လွန်​မြင့်​မြတ်​သော ပ​လ္လင်​ပေါ်​မှာ​ထိုင်​တော်​မူ​သည်​ကို ငါ​မြင်၏။ အ​ဝတ်​တော်​တန်​ဆာ​သည် ဗိ​မာန်​တော်​ကို​ဖြည့်​လေ၏။ ကောင်း​ကင်​တ​မန်​သ​ရပ်​တို့​သည် ပ​လ္လင်​တော်​တစ်​ဖက်​တစ်​ချက်၌ ရပ်​နေ​ကြ၏။ သူ​တို့​သည် အ​တောင်​ခြောက်​ခု​စီ​ရှိ၍၊ အ​တောင်​နှစ်​ခု​ဖြင့် မျက်​နှာ​ကို​ဖုံး​လျက်၊ အ​တောင်​နှစ်​ခု​ဖြင့် ခြေ​တို့​ကို​ဖုံး​လျက်၊ အ​တောင်​နှစ်​ခု​ဖြင့် ပျံ​တတ်​ကြ၏။ သူ​တို့​က​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​တော်​မူ၏။ သန့်​ရှင်း​တော်​မူ၏။ သန့်​ရှင်း​တော်​မူ၏။ မြေ​ကြီး​လုံး​သည် ဘုန်း​တော်​နှင့် ပြည့်​လေ၏​ဟု တစ်​ပါး​ကို​တစ်​ပါး ကြွေး​ကြော်၍ မြွက်​ဆို​ကြ၏။ ထို​သို့​သော ကြွေး​ကြော်​သံ​ကြောင့်၊ တံ​ခါး​တိုင်​တို့​သည် လှုပ်​ရှား၍၊ မီး​ခိုး​နှင့် တစ်​အိမ်​လုံး ပြည့်​လေ၏။ ငါ​က​လည်း၊ ငါ၌​အ​မင်္ဂ​လာ​ရှိ၏။ ငါ​အ​ကျိုး​နည်း​ပြီ။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ညစ်​ညူး​သော​နှုတ်​ခမ်း​ရှိ​လျက်၊ ညစ်​ညူး​သော​နှုတ်​ခမ်း​ရှိ​သော လူ​မျိုး​တွင်​နေ​လျက်​နှင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ရှင်​ဘု​ရင်​ကို၊ ကိုယ်​မျက်​စိ​နှင့် မြင်​လေ​ပြီ​တ​ကား​ဟု ဆို၏။ ထို​အ​ခါ ကောင်း​ကင်​တ​မန်​သ​ရပ်​တစ်​ပါး​သည် ယဇ်​ပ​လ္လင်​ပေါ်​က မီး​ညှပ်​ဖြင့်​ယူ​သော မီး​ခဲ​တစ်​ခဲ​ကို လက်​နှင့်​ကိုင်​လျက်၊ ငါ​ရှိ​ရာ​သို့​ပျံ​လာ၍၊ ငါ့​နှုတ်​ကို​တို့​ပြီး​လျှင်၊ ဤ​မီး​ခဲ​သည် သင်၏​နှုတ်​ခမ်း​ကို​တွေ့​ပြီ။ သင်၏​ဒု​စ​ရိုက်​ကို​သုတ်​သင်​ပြီ။ သင်၏​အ​ပြစ်​လည်း ပြေ​ရှင်း​ပြီ​ဟု ဆို၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ ငါ​သည်​အ​ဘယ်​သူ​ကို စေ​လွှတ်​ရ​မည်​နည်း။ ငါ​တို့​အ​ဖို့ အ​ဘယ်​သူ​သွား​မည်​နည်း​ဟု​မေး​တော်​မူ​သံ​ကို ငါ​ကြား​လျှင်၊ ငါ​က၊ အ​ကျွန်ုပ်​ရှိ​ပါ၏။ အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​ပါ​ဟု လျှောက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ထို​လူ​မျိုး​ရှိ​ရာ​သို့ သွား​ပြီး​လျှင်၊ သင်​တို့​သည် ကြား​လျက်​ပင်၊ အ​နက်​ကို​နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်​မည်။ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ မြင်​ကြ​လိမ့်​မည်​ဟု ပြော​လော့။ သူ​တို့​မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ စိတ်​နှ​လုံး​မ​သိ၊ အ​ကျင့်​မ​ပြောင်း​လဲ၊ သူ​တို့​အ​နာ​ရော​ဂါ​ကို ငါ​မ​ငြိမ်း​စေ​ရ​သည်​တိုင်​အောင်၊ သူ​တို့​စိတ်​နှ​လုံး​ကို မိုက်​စေ​လော့။ သူ​တို့ နား​ကို​လည်း ထိုင်း​စေ​လော့။ သူ​တို့​မျက်​စိ​ကို​လည်း ပိတ်​လော့​ဟု မိန့်​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ကြာ​ပါ​လိမ့်​မည်​နည်း​ဟု ငါ​မေး​လျှောက်​ပြန်​လျှင်၊ မြို့​တို့​သည် မြို့​သား​မ​ရှိ၊ အိမ်​တို့​သည် အိမ်​သား​မ​ရှိ​အောင် ဖျက်​ဆီး​ခြင်း​သို့​ရောက်​သ​ဖြင့်၊ တစ်​ပြည်​လုံး​သည် လူ​ဆိတ်​ညံ​ရာ​သက်​သက် ဖြစ်​သည်​တိုင်​အောင်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် လူ​တို့​ကို ဝေး​သော​အ​ရပ်​သို့ ပြောင်း​စေ​တော်​မူ၍၊ ပြည်​ထဲ​မှာ များ​စွာ​သော​စွန့်​ပစ်​ခြင်း ရှိ​သည်​တိုင်​အောင်​လည်း​ကောင်း၊ ထို​ကာ​လ​သည်​ကြာ​လိမ့်​မည်။ ထို​ပြည်၌ ဆယ်​ဖို့​တွင်​တစ်​ဖို့ ကြွင်း​သေး​သော်​လည်း၊ ထို​အ​ကြွင်း​သည် အ​ထပ်​ထပ်​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်၊ ထင်း​ရှူး​ပင်​နှင့် သ​ပိတ်​ပင်​တို့​ကို ခုတ်​လှဲ၍၊ သစ်​ငုတ်​သည် ကြွင်း​သ​ကဲ့​သို့၊ သန့်​ရှင်း​သော​အ​နွယ်​သည် ထို​ပြည်၌ အ​ငုတ်​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။