ဟေရှာယ 57
57
ရုပ်တုကိုးကွယ်မှုကိုရှုတ်ချခြင်း
1ဖြောင့်မတ်သောသူသည်ဆုံး၍ ကျေးဇူးပြုတတ်သောသူတို့သည် ပယ်ရှားခြင်းကို ခံရသောအခါ၊ ဖြောင့်မတ်သောသူကို မကောင်းသောအမှုအရာထဲက ရုပ်သိမ်းပြီဟု အဘယ်သူမျှ မဆင်ခြင်၊ အဘယ်သူမျှ မအောက်မေ့ကြ။ 2ထိုသို့သော သူသည် ချမ်းသာထဲသို့ ဝင်ရ၏။ ဖြောင့်မတ်စွာကျင့်လျက် မိမိအိပ်ရာပေါ်မှာ ငြိမ်ရ၏။
3စုန်းမသား၊ မျောက်မထားသော မိန်းမသား၊ ပြည့်တန်ဆာမသားတို့၊ ချဉ်းကပ်ကြလော့။ 4သင်တို့သည် အဘယ်သူကို ကျီစယ်ကြသနည်း။ အဘယ်သူအားနှုတ်ကိုဖွင့်၍ လျှာကို ထုတ်ပြကြသနည်း။ သင်တို့သည် ဖောက်ပြန်သော အမျိုး၊ သစ္စာပျက်သောအမျိုး ဖြစ်ကြသည်မဟုတ်လော။ 5စိမ်းသော သစ်ပင်ရှိသမျှအောက်မှာ ရုပ်တုဆင်းတု၌ တပ်မက်သောသူ၊ ချိုင့်ထဲ၊ ကျောက်စောင်းအောက်မှာ သူငယ်ကို သတ်သောသူ မဟုတ်လော။ 6ချိုင့်ထဲမှာ ချောသောကျောက်ခဲတို့တွင် သင်၏တာရှိ၏။ ထိုသို့သောအရာတို့သည် သင်၏အမွေဖြစ်၏။ ထိုသို့သော အရာရှေ့မှာ သွန်းလောင်းရာပူဇော်သကာနှင့် ဘောဇဉ်ပူဇော်သကာကို ပြုတတ်၏။ ထိုအမှုတို့ကို ငါနှစ်သက်တတ်သလော။ 7မြင့်လှသော တောင်ကြီးပေါ်မှာ သင်၏ခုတင်ကိုထားပြီးလျှင်၊ ထိုအရပ်သို့တက်၍ ယဇ်ပူဇော်တတ်၏။ 8သင်အောက်မေ့စရာ သက်သေကို တံခါးနှင့် တိုင်နောက်မှာ ထားပြီး။ ငါမှတစ်ပါး အခြားသူတို့အား အဝတ်ကိုချွတ်၍၊ အိပ်ရာပေါ်သို့ တက်လေပြီ။ မိမိခုတင်ကို ကျယ်စေ၍ သူတို့နှင့် ဝန်ခံပြီ။ သူတို့ခုတင်ကိုလည်း တပ်မက်၍၊ နေရာအရပ်ကို ရှာလေပြီ။ 9ဆီမွှေးပါလျက်၊ ရှင်ဘုရင့်ထံသို့သွားပြီ။ နံ့သာမျိုးများကိုသုံးပြီ။ တမန်တို့ကို ဝေးသောအရပ်သို့ စေလွှတ်၍၊ မရဏနိုင်ငံတိုင်အောင် မိမိကိုမိမိ နှိမ့်ချပြီ။ 10ဝေးစွာခရီးသွား၍ ပင်ပန်းသော်လည်း စိတ်မပျက်။ ကြိုးစား၍ အသက်လွတ်သောကြောင့် အားလျော့ခြင်းမရှိ။ 11သင်သည် သစ္စာပျက်သည် တိုင်အောင်လည်းကောင်း၊ ငါ့ကိုမေ့လျော့၍ သတိမပြုဘဲနေသည် တိုင်အောင်လည်းကောင်း၊ အဘယ်သူကို ကြောက်ရွံ့သနည်း။ ငါသည် ရှေးကာလမှစ၍ တိတ်ဆိတ်စွာနေသောကြောင့်၊ သင်သည် ငါ့ကိုမကြောက်ဘဲ နေသည်မဟုတ်လော။ 12သင်၏ကုသိုလ်နှင့်၊ သင်ပြုသောအမှုတို့ကို ငါဖော်ပြမည်။ 13ထိုသို့သောအမှုသည် အကျိုးကို မပေးနိုင်။ သင်သည် အော်ဟစ်သောအခါ၊ သင်၏အလုံးအရင်းတို့သည် ကယ်နုတ်ကြစေ။ လေသည် သူတို့ကို တိုက်သွားလိမ့်မည်။ လေတစ်မှုတ်နှင့် လွင့်ကြလိမ့်မည်။ ငါ့ကို ကိုးစားသောသူမူကား၊ ပြည်တော်ကို ပိုင်၍၊ ငါ၏သန့်ရှင်းသောတောင်ကို အမွေခံရလိမ့်မည်။
အနာပျောက်စေသောထာဝရဘုရား
14ထိုအခါ မြေကိုဖို့ကြ။ မြေကိုဖို့ကြ။ လမ်းကိုပြင်ကြ။ ငါ့လူတို့၏ လမ်းခရီး၌ အဆီးအတားမရှိစေနှင့်ဟု ငါပြောဆိုရ၏။ 15အကြောင်းမူကား၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူထသော၊ အနန္တကာလတည်းဟူသော ဘုံဗိမာန်၌ စံတော်မူထသော၊ အထွတ်အမြတ် ဖြစ်တော်မူသောဘုရား မိန့်တော်မူသည်ကား၊ ငါသည် မြင့်မြတ်သန့်ရှင်းသော အရပ်၌နေ၏။ စိတ်နှိမ့်ချသောသူနှင့်၊ နှလုံးကြေကွဲသော သူတို့၏စိတ်ဝိညာဉ်အသက်ရှင်စေခြင်းငှာ၊ ကြေကွဲနှိမ့်ချသော စိတ်သဘောရှိသောသူတို့၌လည်း ငါနေ၏။ 16ငါသည် အစဉ်မပြတ် တရားတွေ့မည်မဟုတ်။ အစဉ်မပြတ် အမျက်ထွက်မည်မဟုတ်။ ထိုသို့ဟုတ်လျှင်၊ အသက်သည် ငါ့ရှေ့မှာပျောက်၍၊ ငါဖန်ဆင်းသောဝိညာဉ်သည် ပျက်စီးခြင်းသို့ရောက်လိမ့်မည်။ 17သူ၏ လောဘလွန်ကျူးခြင်းအပြစ်ကြောင့်၊ ငါသည် အမျက်ထွက်၍ ဒဏ်ခတ်လေ၏။ အမျက်ထွက်၍ မျက်နှာကို လွှဲလေ၏။ သူသည်လည်း မိမိအလိုရှိရာလမ်းသို့ လွှဲသွားလေ၏။ 18သူ၏ အကျင့်ဓလေ့တို့ကို ငါမြင်ပြီ။ သူ့ကိုအနာပျောက်စေ၍ လမ်းပြဦးမည်။ သူ့ကိုလည်းကောင်း၊ သူနှင့်အတူ စိတ်ညှိုးငယ်သော သူတို့ကိုလည်းကောင်း၊ ချမ်းသာပေးဦးမည်။ 19ငါသည် နှုတ်ခမ်းအသီးကို ဖန်ဆင်း၏။ ဝေးသောသူ၌လည်းကောင်း၊ နီးသောသူ၌လည်းကောင်း ငြိမ်သက်ခြင်းဖြစ်စေ၊ ငြိမ်သက်ခြင်းဖြစ်စေ၊ သူ၏အနာကို ငါပျောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။#ဧ၊ ၂း၁၇။ 20မတရားသောသူတို့မူကား၊ မငြိမ်နိုင်ဘဲလှုပ်ရှား၍၊ ရွှံ့နှင့် အမှိုက်ကိုပက်သော ပင်လယ်ရေနှင့် တူကြ၏။ 21မတရားသောသူတို့၌ ငြိမ်သက်ခြင်းမရှိဟု ငါ၏ဘုရားသခင်မိန့်တော်မူ၏။#ဟေရှာ၊ ၄၈း၂၂။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယ 57: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.