မိမိတို့သည် မြေ၏အလယ်၌ တစ်စုတည်းနေရာကျ၍၊ လပ်သောအရပ်မရှိစေခြင်းငှာ၊ အိမ်တစ်ဆောင်နှင့် တစ်ဆောင်ကိုလည်းကောင်း၊ လယ်တစ်ကွက်နှင့် တစ်ကွက်ကိုလည်းကောင်း၊ ဆက်တတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။ ငါ၏နားအပါး၌ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ကြီးကျယ်တင့်တယ်သော အိမ်အများတို့သည် နေသောသူမရှိ။ လူဆိတ်ညံရာ ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ စပျစ်ဥယျာဉ်တစ်ပယ်သည် စပျစ်ရည်တစ်ဗတ်ကိုမျှသာ ဖြစ်စေမည်။ မျိုးစေ့ကိုလည်း ကြဲသောအခါ၊ ဆယ်ဖို့တွင် တစ်ဖို့ကိုမျှသာရကြလိမ့်မည်။ သေရည်သေရက်ကို သောက်အံ့သောငှာ၊ နံနက် စောစောထ၍ စပျစ်ရည်နှင့် ယစ်မူးအံ့သောငှာ၊ ညကိုလည်း လွန်စေတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏။ သူတို့၏ပွဲ၌ စောင်း၊ တယော၊ ပတ်သာ၊ ပုလွေ၊ စပျစ်ရည် ပါတတ်၏။ ထာဝရဘုရား၏အမှုတော်ကိုကား၊ ပမာဏမပြုကြ။ လက်တော်နှင့် ပြုပြင်တော်မူရာကို မရိပ်မိကြ။ ထိုကြောင့် ငါ၏လူတို့သည် ပညာမရှိ၊ ဖမ်းဆီးသိမ်းသွားခြင်းကို ခံရကြ၏။ မှူးမတ်တို့သည် မွတ်သိပ်၍ သေကြ၏။ ဆင်းရဲသားတို့သည် ရေငတ်၍ ပူဆွေးလျက်ရှိကြ၏။ ထိုကြောင့်၊ မရဏနိုင်ငံသည် မိမိလောဘကို ကျယ်စေ၍ မိမိပါးစပ်ကို အတိုင်းအရှည်မရှိဘဲ ဖွင့်ဟသဖြင့်၊ သူတို့၏ ဂုဏ်အသရေ အလုံးအရင်း၊ အသံဗလံပြုခြင်း၊ ရွှင်လန်းခြင်းတို့သည် ဆင်းမြုပ်ရကြ၏။ ယုတ်သောသူလည်း ဦးနှိမ့်ခြင်း၊ မြတ်သောသူလည်း ရှုတ်ချခြင်းကိုခံရ၍၊ မာနကြီးသော သူတို့၏မျက်နှာလည်း ပျက်ရ၏။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် တရားစီရင်ခြင်းအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့်မည်။ သန့်ရှင်းတော်မူသော ဘုရားသခင်သည် ဖြောင့်မတ်ခြင်းအားဖြင့်၊ သန့်ရှင်းခြင်းရှိတော်မူလိမ့်မည်။ ထိုအခါ သိုးသငယ်တို့သည် အလိုအလျောက် ကျက်စားကြလိမ့်မည်။ သူဌေးသူကြွယ်ပိုင်ဖူး၍ လူဆိတ်ညံရာအရပ်၌လည်း ဧည့်သည်တို့သည် စားရကြလိမ့်မည်။ ဒုက္ခကို ဒုစရိုက်ဖြင့်ဆွဲသောသူ၊ လှည်းကြိုးဖြင့် ဆွဲသကဲ့သို့၊ အပြစ်ကို ဆွဲငင်သောသူတို့သည် အမင်္ဂလာရှိကြ၏။ သူတို့ကလည်း၊ ဘုရားသခင်၏အမှုကို ငါတို့သည် မြင်ရမည်အကြောင်း၊ အလျင်အမြန်ကြိုးစားတော်မူပါစေ။ ငါတို့သည် သိနားလည်ရမည်အကြောင်း၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား၏အကြံတော်သည်၊ အနီးသို့ချဉ်း၍ပြည့်စုံပါစေဟု ဆိုတတ်ကြ၏။ မကောင်းကိုအကောင်း၊ အကောင်းကိုမကောင်းဟု ခေါ်တတ်သောသူ၊ အလင်းအရာ၌ အမိုက်၊ အမိုက်အရာ၌ အလင်းကိုလည်းကောင်း၊ အချိုအရာ၌ အခါး၊ အခါးအရာ၌ အချိုကိုလည်းကောင်း၊ အလွဲယူတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏။ ငါသည် ပညာရှိသည်ဟု ကိုယ်ကိုထင်သောသူ၊ သမ္မာသတိနှင့် ပြည့်စုံသည်ဟု ထင်မှတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။ စပျစ်ရည်ကို များစွာသောက်နိုင်သောသူ၊ ဆေးနှင့်ရောသော သေရည်သေရက်ကိုသောက်ခြင်းအမှု၌၊ အားကြီးသောသူတို့သည် အမင်္ဂလာရှိကြ၏။ ထိုသူတို့သည် တံစိုးကိုစားခြင်းငှာ၊ မတရားသောသူတို့ကို အပြစ်မပေးဘဲလွှတ်၍၊ ဖြောင့်မတ်သောသူတို့၏ဖြောင့်မတ်ခြင်းကို ဝန်မခံ၊ ပယ်ရှားတတ်ကြ၏။ ထိုကြောင့်၊ မီးလျှာသည် ကောက်ရိုးကိုလျက်၊ မီးလျှံသည် မြက်ခြောက်ကို ကျွမ်းစေသည်နည်းတူ၊ သူတို့၏အမြစ်သည် ဆွေးမြေ့သော သစ်သားကဲ့သို့ ဖြစ်၍၊ အပွင့်သည်လည်း မြေမှုန့်ကဲ့သို့ လွင့်တက်လိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏တရားတော်ကို ကယ်ကြပြီ။ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရား၏ ဗျာဒိတ်တော်ကို မထီမဲ့မြင်ပြုကြပြီ။ ထိုကြောင့်၊ ထာဝရဘုရားသည် မိမိလူတို့ကို အမျက်တော်ထွက်လျက်၊ သူတို့၌လက်တော်ကိုဆန့်၍ ဒဏ်ခတ်တော်မူသဖြင့်၊ တောင်တို့သည် တုန်လှုပ်၍၊ သူတို့၏အသေကောင်တို့သည် လမ်းများ၌ မစင်ကဲ့သို့ဖြစ်ကြ၏။ သို့သော်လည်း အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။ ဝေးသောအရပ်မှာနေသော လူမျိုးတို့အဖို့ အလံကိုထူ၍၊ မြေကြီးစွန်းသားတို့ကို နှိုးဆော်တော်မူသဖြင့်၊ သူတို့သည် အလျင်အမြန်လာကြလိမ့်မည်။ သူတို့တွင် မောသောသူမရှိ။ ထိမိ၍ လဲသောသူ မရှိ။ ငိုက်မျဉ်းသောသူ၊ အိပ်ပျော်သောသူလည်းမရှိ။ သူတို့ခါးစည်း မပြေ။ ခြေနင်းကြိုးလည်းမကျွတ်။ သူတို့မြားတို့သည် ထက်ကြ၏။ လေးတို့သည်လည်း တင်းလျက်ရှိကြ၏။ မြင်းခွာတို့သည် မီးကျောက်ကဲ့သို့လည်းကောင်း၊ ရထားဘီးတို့သည်လည်း၊ လေပွေကဲ့သို့လည်းကောင်း ထင်ကြ၏။ သူတို့အသံဗလံသည် ခြင်္သေ့ဟောက်သံနှင့်တူ၍၊ ခြင်္သေ့ပျိုကဲ့သို့ ဟောက်ကြလိမ့်မည်။ ဟောက်လျက် အကောင်ကိုဖမ်း၍ ဆောင်သွားကြလိမ့်မည်။ အဘယ်သူမျှ မကယ်မနုတ်ရ။ ထိုကာလ၌ သူတို့သည် သမုဒ္ဒရာ အသံဗလံကဲ့သို့ ဟုန်းဟုန်းမြည်ကြလိမ့်မည်။ ထိုပြည်ကို ကြည့်ရှုလျှင်၊ မှောင်မိုက်အတိ၊ ဒုက္ခဆင်းရဲသက်သက် ရှိ၍၊ မိုးကောင်းကင်အလင်းသည် ကွယ်ပျောက်လိမ့်သတည်း။
ဟေရှာယ 5 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေရှာယ 5:8-30
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ