ထိုကာလ၌ ထာဝရဘုရားသည် ပြေးတတ်သော မြွေလဝိသန်ကိုလည်းကောင်း၊ လိမ်သော မြွေလဝိသန်ကိုလည်းကောင်း ခိုင်ခံ့ကြီးမားသော ဓားတော်နှင့် ဒဏ်ပေး၍၊ ပင်လယ်၌ရှိသော နဂါးကိုလည်း သတ်တော်မူလိမ့်မည်။ ထိုကာလ၌ စပျစ်ဥယျာဉ်ကို အကြောင်းပြု၍၊ ဤသို့ သီချင်းဆိုကြလော့။ ငါထာဝရဘုရားသည် ဥယျာဉ်စောင့်ဖြစ်၏။ မခြားမလပ် ရေလောင်းမည်။ အဘယ်သူမျှ မဖျက်စေခြင်းငှာ၊ နေ့ညမပြတ် စောင့်ရှောက်မည်။ ငါ့အမျက် ငြိမ်းပြီ။ ဆူးပင်မျိုးကိုမူကား၊ စစ်ပွဲ၌ ငါတွေ့ပါစေသော။ ချက်ချင်းတိုက်၍ တစ်ပြိုင်နက်မီးရှို့မည်။ သို့မဟုတ် ငါ၏အစွမ်းသတ္တိကို ကိုးစား၍၊ ငါနှင့် မိတ်သဟာယ ဖွဲ့ကြစေ။ ငါနှင့် မိတ်သဟာယဖွဲ့ကြစေသော။ နောင်ကာလ၌ ယာကုပ်သည် အမြစ်ကျလိမ့်မည်။ ဣသရေလသည် စိမ်းလန်း၍ အဖူးအငုံထွက်သဖြင့်၊ လောကီနိုင်ငံကို အသီးနှင့် ပြည့်စေလိမ့်မည်။ သူ့ကို ညှဉ်းဆဲသောသူတို့ကို ညှဉ်းဆဲတော်မူသည် နည်းတူ၊ သူ့ကို ညှဉ်းဆဲတော်မူသလော။ သူ့ကိုသတ်သောသူတို့သည် အသေသတ်ခြင်းကို ခံရကြသည် နည်းတူ၊ သူသည် အသေသတ်ခြင်းကို ခံရသလော။ သူ့ကိုစွန့်ပစ်၍ အတော်အတန် ဆုံးမတော်မူ၏။ အရှေ့လေ လာသောအခါ၊ ပြင်းစွာသောလေဖြင့် တိုက်သွားတော်မူ၏။ ထိုသို့ ယာကုပ်အမျိုးသည် ယဇ်ပလ္လင်ကျောက်တို့ကို ထုံးကျောက်ကဲ့သို့ ချိုးဖဲ့၍၊ အာရှရပင်နှင့် ရုပ်တုတို့ကို လှဲသောအခါ၊ မိမိအပြစ်ပြေ၍၊ အပြစ်ပြေရှင်းခြင်း အကျိုးကျေးဇူးရှိသမျှကို ခံရလိမ့်မည်။ သို့သော်လည်း၊ ခိုင်ခံ့သောမြို့သည်၊ ဆိတ်ညံသောအရပ်၊ တောကဲ့သို့စွန့်၍ ပစ်ထားသောနေရာ ဖြစ်လိမ့်မည်။ ထိုအရပ်၌ နွားသငယ်သည် ကျက်စားလျက်၊ အိပ်လျက်နေ၍၊ အညွန့်များကို ကိုက်စားလိမ့်မည်။ အခက်အလက်တို့သည် သွေ့ခြောက်သောအခါ ချိုးခြင်းသို့ရောက်၍၊ မိန်းမတို့သည် လာ၍ မီးရှို့ကြလိမ့်မည်။ အကြောင်းမူကား၊ ပညာမဲ့သောအမျိုးဖြစ်၏။ ထိုကြောင့်၊ ဖန်ဆင်းပြုပြင်တော်မူသောသူသည် မသနား၊ ကျေးဇူးမပြုဘဲ နေတော်မူလိမ့်မည်။ အိုဣသရေလ အမျိုးသားတို့၊ ထိုကာလ၌လည်း၊ ထာဝရဘုရားသည် မြစ်ကြီးမှစ၍၊ အဲဂုတ္တုမြစ်တိုင်အောင် သစ်သီးများကို သိမ်းယူတော်မူသဖြင့်၊ သင်တို့သည် တစ်ယောက်နောက်တစ်ယောက်၊ ကောက်သိမ်းခြင်းကျေးဇူးတော်ကို ခံရကြလိမ့်မည်။ ထိုကာလ၌လည်း၊ ကြီးသောတံပိုးကို မှုတ်ရလိမ့်မည်။ အာရှုရိပြည်၌ ပျောက်သောသူ၊ အဲဂုတ္တုပြည်၌ စွန့်ပစ်သောသူတို့သည် လာ၍၊ ယေရုရှလင်မြို့တွင်၊ သန့်ရှင်းသောတောင်ပေါ်မှာ ထာဝရဘုရားရှေ့တော်၌ ဝတ်ပြု၍ ကိုးကွယ်ကြလိမ့်မည်။
ဟေရှာယ 27 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေရှာယ 27:1-13
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ