ဟောရှေ 2
2
1သင်တို့ညီအစ်ကိုများကို ငါ၏လူဟူ၍လည်းကောင်း၊ သင်တို့နှမများကို သနားစုံမက်အပ်သောသမီး ဟူ၍လည်းကောင်း တစ်ဖန် ခေါ်ကြလော့။
သစ္စာမဲ့သူအတွက်ချစ်ခြင်းမေတ္တာ
2သင်တို့အမိနှင့် ဆွေးနွေးကြလော့။ သူသည် ငါ့မယားမဟုတ်၊ ငါသည်လည်း သူ့လင်မဟုတ်ကြောင်းကို ဆွေးနွေးကြလော့။ ပြည့်တန်ဆာမျက်နှာကိုပယ်၍ မှားယွင်းခြင်းအမှုကို ရှောင်စေ။ 3မရှောင်လျှင် သူ၏အဝတ်ရှိသမျှကို ငါချွတ်၍၊ သူဖွားသောနေ့၌ အဝတ်မရှိသကဲ့သို့ အဝတ်မပါ၊ ပြင်၌ ထုတ်ထားမည်။ လွင်ပြင်ကဲ့သို့ သုတ်သင်မည်။ သွေ့ခြောက်သော မြေကဲ့သို့ ဖြစ်စေလျက် ရေအငတ်ထား၍ သေစေမည်။ 4သူ၏သားသမီးတို့သည် သူမျောက်မထား၍ရသော သားသမီးဖြစ်သောကြောင့် သူတို့ကို ငါမသနားမစုံမက်ဘဲ နေမည်။ 5သူတို့အမိသည် ပြည့်တန်ဆာဖြစ်၏။ သူတို့ကို ပဋိသန္ဓေယူသောသူသည် ရှက်ဖွယ်သောအမှုကို ပြုပြီ။ သူကလည်း၊ ငါ့မုန့်၊ ငါ့ရေ၊ ငါ့သိုးမွေး၊ ငါ့ပိုက်ဆန်၊ ငါ့ဆီ၊ ငါသောက်သောအရည်တို့ကို ပေးတတ်သော ငါ့ရည်းစားများ နောက်သို့ ငါလိုက်မည်ဟုဆိုပြီ။ 6သို့ဖြစ်၍၊ သူ့ကိုဆူးစောင်ရန်းနှင့် ကာထားမည်။ ထွက်စရာမရှိစေခြင်းငှာ သူ့ပတ်လည်၌ ကျောက်ရိုးကိုလည်း တည်မည်။ 7သူသည် ရည်းစားတို့ကို လိုက်သော်လည်း မမီ၊ ရှာသော်လည်း မတွေ့ဘဲနေရသောအခါ၊ လင်ဟောင်းထံသို့ ငါပြန်သွားမည်။ ယခုနေရာထက် အရင်နေရာ သာ၍ကောင်းသည်ဟု ဆိုလိမ့်မည်။ 8ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့ကို ငါပေးသနားသည် ဟူ၍လည်းကောင်း၊ ဗာလဘုရားအား ပူဇော်သောရွှေနှင့် ငွေကို သူ၌ ငါများပြားစေသည် ဟူ၍လည်းကောင်း သူသည် မအောက်မေ့ပါတကား။ 9သို့ဖြစ်၍၊ စပါးရိတ်ရာကာလ၌ ငါ့စပါးကိုလည်းကောင်း၊ စပျစ်ရည်လုပ်ရာကာလ၌ ငါ့စပျစ်ရည်ကိုလည်းကောင်း၊ သူ၏ကိုယ်ကို ဖုံးလွှမ်းစရာ ငါ့သိုးမွေးနှင့် ပိုက်ဆန်ကိုလည်းကောင်း ငါသိမ်းယူမည်။ 10ယခုပင် သူ၏ရည်းစားများရှေ့၌ သူ့အဝတ်ကို ငါလှစ်လှန်၍ အရှက်ခွဲမည်။ ငါ့လက်မှ အဘယ်သူမျှ သူ့ကိုမနုတ်ရ။ 11သူရွှင်လန်းစရာအကြောင်းရှိသမျှနှင့် ပွဲခံခြင်း၊ လဆန်းနေ့၊ ဥပုသ်နေ့စောင့်ခြင်း၊ ပရိသတ်စည်းဝေးခြင်း အလုံးစုံတို့ကို ငါပြတ်စေမည်။ 12ဤသည်ကား၊ ငါ့ရည်းစားပေးသော ဆုလက်ဆောင်ဖြစ်သည်ဟု သူဆိုရာ စပျစ်ဥယျာဉ်၊ သင်္ဘောသဖန်းဥယျာဉ်တို့ကို ငါသုတ်သင်ပယ်ရှင်း၍၊ လွင်ပြင်ဖြစ်စေသဖြင့် တောသားရဲတို့သည် ကိုက်စားကြလိမ့်မည်။ 13ဗာလဘုရားတို့အား နံ့သာပေါင်းကိုမီးရှို့၍ နှာခေါင်းဆွဲနှင့် လည်ဆွဲတန်ဆာကို ဆင်လျက် ရည်းစားများနောက်သို့ လိုက်သဖြင့်၊ ငါ့ကို မေ့လျော့၍ ဗာလဘုရားတို့ လက်ထက်၌ ပြုမိသောအပြစ်နှင့် အလျောက် ငါစီရင်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
လူမျိုးတော်အပေါ်ထာဝရဘုရား၏မေတ္တာ
14သို့ရာတွင်၊ သူ့ကို တစ်ဖန်ငါဖြားယောင်းမည်။ တောလမ်းဖြင့် ပို့ဆောင်သော်လည်း၊ နှစ်သိမ့်စေသော စကားကိုပြောမည်။ 15တောတစ်ဖက်၌ စပျစ်ဥယျာဉ်တို့ကိုလည်းကောင်း၊ အာခေါ်ချိုင့်၌ မျှော်လင့်ရာတံခါးကိုလည်းကောင်း ငါပေးမည်။ သူသည် အသက် ငယ်စဉ်ကာလ၊ အဲဂုတ္တုပြည်မှ ထွက်လာသောအခါ၊ သီချင်းဆိုသကဲ့သို့၊ တောတစ်ဖက်သို့ ရောက်သောအခါ သီချင်းဆိုရလိမ့်မည်။#ယောရှု၊ ၇:၂၄-၂၆။ 16ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ သင်သည်ငါ့ကို သခင်ဟူ၍ မခေါ်ရ၊ ခင်ပွန်းဟူ၍ ခေါ်ရမည်။ 17အခြားတစ်ပါးသော သခင်တို့၏ဘွဲ့နာမများကို သူ၏နှုတ်မှ ငါပယ်၍၊ ထိုဘွဲ့နာမများကို နောက်တစ်ဖန် မမှတ်မိမမြွက်ဆိုရ။ 18ထိုကာလ၌ ငါသည် သူတို့အတွက်၊ တောသားရဲ၊ မိုးကောင်းကင်ငှက်၊ မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်များနှင့် မိတ်သဟာယဖွဲ့၍၊ လေး၊ ဓား၊ စစ်တိုက်လက်နက်တို့ကို မြေပေါ်က ပယ်ရှားသဖြင့် သူတို့သည် စိုးရိမ်ခြင်းမရှိဘဲ အိပ်ရကြလိမ့်မည်။ 19ငါသည် ကိုယ်အဖို့ သင့်ကို အစဉ်အမြဲသိမ်းယူမည်။ ဖြောင့်မတ်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ချစ်သနားစုံမက်ခြင်းနှင့် အညီ ကိုယ်အဖို့ သင့်ကိုသိမ်းယူမည်။ 20သစ္စာစောင့်ခြင်းနှင့်အညီ သိမ်းယူ၍၊ သင်သည် ထာဝရဘုရားကို သိရလိမ့်မည်။ 21ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ငါသည် နားထောင်မည်။ မိုးကောင်းကင်စကားကို နားထောင်၍၊ သူသည် မြေကြီးစကားကို နားထောင်မည်။ 22မြေကြီးသည်လည်း ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့၏စကားကို နားထောင်၍၊ သူတို့သည်လည်း ယေဇရေလစကားကို နားထောင်ကြလိမ့်မည်။ 23ထိုသတို့သမီးကို မျိုးစေ့ကဲ့သို့ မြေ၌ ကိုယ်အဖို့ငါကြဲမည်။ မသနားမစုံမက်အပ်သော သတို့သမီးကို ငါသနားစုံမက်မည်။ ငါ၏ လူမဟုတ်သော သူကိုလည်း သင်သည်ငါ၏လူဖြစ်သည်ဟု ငါဆိုမည်။ သူကလည်း ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော်မူသည်ဟု လျှောက်လိမ့်မည်ဟုမိန့်တော်မူ၏။#ရော၊ ၉:၂၅။ ၁ ပေ၊ ၂:၁၀။
လက်ရှိရွေးချယ်ထားမှု
ဟောရှေ 2: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.