YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေ 11:1-11

ဟောရှေ 11:1-11 JBMLE

ဣ​သ​ရေ​လ​သည် အ​သက်​ငယ်​သော​အ​ခါ ငါ​သည် ချစ်၍ ငါ့​သား​ကို အဲ​ဂု​တ္တု​ပြည်​မှ ခေါ်​ခဲ့​ပြီ။ သူ​တို့​ကို ခေါ်​သော​သူ​တို့​ထံ​မှ ထွက်​သွား​ကြ၏။ ဗာ​လ​ဘု​ရား​တို့​အား ယဇ်​ပူ​ဇော်၍ ရုပ်​တု​ဆင်း​တု​တို့​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ၏။ ငါ​သည် သွား​တတ်​သော​အ​တတ်​ကို ဧ​ဖ​ရိမ်​အား လက်​ဆွဲ၍ သွန်​သင်၏။ သို့​သော်​လည်း၊ ငါ​စောင့်​မ​ခြင်း​ကျေး​ဇူး​ကို သူ​သည် မ​သိ​ဘဲ​နေ၏။ လူ​ကို ဆွဲ​တတ်​သော ကြိုး​တည်း​ဟူ​သော မေ​တ္တာ​ကြိုး​နှင့် ငါ​ဆွဲ​ငင်၏။ ပါး​ရိုး​အ​နား​သို့ ထမ်း​ပိုး​ကို​ရွှေ့၍ ဖြည်း​ညင်း​စွာ ကျွေး၏။ အ​ထံ​တော်​သို့ မ​ပြန်​မ​လာ​ဟု သူ​သည် ငြင်း​သော​ကြောင့်၊ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်၍​မ​သွား​ရ။ အာ​ရှု​ရိ​မင်း​သည် သူ​တို့​ကို အုပ်​စိုး​ရ​လိမ့်​မည်။ ဓား​ဘေး​သည် သူ့​နေ​ရာ​မြို့​တို့​အ​ပေါ်​သို့ ရောက်၍ မင်း​တို့​ကို ဖျက်​ဆီး​လိမ့်​မည်။ သူ​တို့ ကြံ​စည်​ခြင်း​အား​ဖြင့်​ပင် သုတ်​သင်​ပယ်​ရှင်း​လိမ့်​မည်။ ငါ၏​လူ​တို့​သည် ငါ့​ထံ​မှ​လွှဲ​မြဲ​လွှဲ​ကြ၏။ အ​မြင့်​ဆုံး​သော ဘု​ရား​ထံ​သို့ ခေါ်​သော်​လည်း၊ ထို​ဘု​ရား​ကို အ​ဘယ်​သူ​မျှ မ​ချီး​မြှောက်​လို။ အို ဧ​ဖ​ရိမ်၊ ငါ​သည် သင့်​ကို အ​ဘယ်​သို့ စွန့်​နိုင်​မည်​နည်း။ အို ဣ​သ​ရေ​လ၊ သင့်​ကို အ​ဘယ်​သို့ အပ်​နှံ​နိုင်​မည်​နည်း။ သင့်​ကို အာ​ဒ​မာ​မြို့​ကဲ့​သို့ အ​ဘယ်​သို့​ဖြစ်​စေ​နိုင်​မည်​နည်း။ ဇေ​ဘိုင်​မြို့​အ​ရာ၌ အ​ဘယ်​သို့ ခန့်​ထား​နိုင်​မည်​နည်း။ ငါ​သည် နှ​လုံး​ပြောင်း​လဲ၍ အ​လွန် ကြင်​နာ​သော​စိတ်​ရှိ၏။ ပြင်း​စွာ အ​မျက်​ထွက်​သည်​အ​တိုင်း မ​ပြု​လို။ ဧ​ဖ​ရိမ်​ကို အ​ထပ်​ထပ် မ​ဖျက်​ဆီး​လို။ ငါ​သည် လူ​မ​ဟုတ်၊ ဘု​ရား​သ​ခင်​ဖြစ်၏။ မြို့​ထဲ​မှာ​နေ​သော မြို့​သား​မ​ဟုတ်​သော်​လည်း၊ သင်​တို့​တွင်​နေ၍ သန့်​ရှင်း​သော​ဘု​ရား ဖြစ်၏။ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​နောက်​တော်​သို့ လိုက်​ကြ​လိမ့်​မည်။ ခြင်္သေ့​ကဲ့​သို့ ဟောက်​တော်​မူ​မည်။ ဟောက်​တော်​မူ​သော​အ​ခါ သား​သ​မီး​တို့​သည် အ​နောက်​မျက်​နှာ​မှ အ​လျင်​အ​မြန် ပြေး​ကြ​လိမ့်​မည်။ စာ​ငှက်​ကဲ့​သို့ အဲ​ဂု​တ္တု​ပြည်​မှ​လည်း​ကောင်း၊ ချိုး​ကဲ့​သို့ အာ​ရှု​ရိ​ပြည်​မှ​လည်း​ကောင်း အ​လျင်​အ​မြန် ပြေး​ကြ၍၊ သူ​တို့​ကို နေ​ရင်း​အ​ရပ်၌ ငါ​နေ​ရာ​ချ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။