YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 47:1-12

ကမ္ဘာဦး 47:1-12 JBMLE

ထို​စ​ကား​အ​တိုင်း ယော​သပ်​သည်​ဖာ​ရော​မင်း​ထံ​သို့​သွား၍၊ ကျွန်​တော်​အ​ဘ​နှင့် အစ်​ကို​တို့​သည် သိုး​နွား၊ ဥ​စ္စာ​ရှိ​သ​မျှ​ကို​ဆောင်​လျက် ခါ​နာန်​ပြည်​က​ရောက်​လာ၍၊ ဂေါ​ရှင်​ပြည်၌​ရှိ​ကြ​ပါ​သည်​ဟု​လျှောက်​သ​ဖြင့်၊ အစ်​ကို​စု​ထဲ​က​ရွေး၍ ငါး​ယောက်​တို့​ကို အ​ထံ​တော်​သို့​သွင်း​လေ၏။ ဖာ​ရော​မင်း​က​လည်း၊ သင်​တို့​သည် အ​ဘယ်​သို့ လုပ်​ဆောင်​လေ့​ရှိ​ကြ​သ​နည်း​ဟု​မေး​လျှင်၊ သူ​တို့​က၊ ကိုယ်​တော်​ကျွန်​တို့​သည် ဘိုး​ဘေး​နှင့်​တ​ကွ သိုး​ထိန်း​ဖြစ်​ကြ​ပါ၏​ဟူ၍​လည်း​ကောင်း၊ ခါ​နာန်​ပြည်၌ အ​လွန်​အ​စာ​ခေါင်း​ပါး၍ သိုး​နွား​ကျက်​စား​ရာ​မ​ရှိ​သော​ကြောင့်၊ ကိုယ်​တော်​ကျွန်​တို့​သည် ပြည်​တော်၌​တည်း​ခို​ခြင်း​ငှာ လာ​ကြ​ပါ၏။ သို့​ဖြစ်၍ ကိုယ်​တော်​ကျွန်​တို့​သည် ဂေါ​ရှင်​ပြည်၌​နေ​ရ​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ​ဟူ၍​လည်း​ကောင်း လျှောက်​ကြ၏။ ဖာ​ရော​မင်း​က​လည်း၊ သင်၏​အ​ဘ​နှင့်​အစ်​ကို​တို့​သည် သင့်​ထံ​သို့ ရောက်​လာ​ကြ​သည်​ဖြစ်၍၊ အဲ​ဂု​တ္တ​ပြည်​သည် သင့်​ရှေ့​မှာ​ရှိ၏။ သင်၏​အ​ဘ​နှင့် သင်၏​အစ်​ကို​တို့​ကို အ​ကောင်း​ဆုံး​သော​အ​ရပ် ဂေါ​ရှင်​ပြည်၌​နေ​ရာ​ချ​လော့။ သူ​တို့​တွင် အ​စွမ်း​သ​တ္တိ​ရှိ​သော​သူ​အ​ချို့​တို့​ကို​တွေ့​လျှင် ငါ၏​သိုး​နွား​အုပ်​အ​ရာ၌​ခန့်​ထား​လော့​ဟု ယော​သပ်​အား မိန့်​တော်​မူ၏။ ယော​သပ်​သည် အ​ဘ​ယာ​ကုပ်​ကို​သွင်း၍ ဖာ​ရော​မင်း​ရှေ့​မှာ​ထား​သ​ဖြင့်၊ ယာ​ကုပ်​သည် ဖာ​ရော​မင်း​ကို​ကောင်း​ချီး​ပေး၏။ ဖာ​ရော​မင်း​က၊ သင်​သည် အ​သက်​အ​ဘယ်​မျှ​လောက်​ရှိ​ပြီ​နည်း​ဟု ယာ​ကုပ်​အား​မေး​လျှင်၊ ကျွန်​တော်​သည်​ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်၍ လွန်​သော​အ​သက်​သည် အ​နှစ်​တစ်​ရာ​သုံး​ဆယ်​ရှိ​ပါ​ပြီ။ ကျွန်​တော်​အ​သက်​ရှင်​သော​နှစ်​ပေါင်း​နည်း၍ ဆိုး​ပါ၏။ ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်​သော ဘိုး​ဘေး​တို့၏​အ​သက်​တန်း​ကို မ​မီ​ပါ​ဟု လျှောက်​ဆို​ပြီး​လျှင်၊ ဖာ​ရော​မင်း​ကို​ကောင်း​ချီး​ပေး၍ အ​ထံ​တော်​က​ထွက်​သွား​လေ၏။ ဖာ​ရော​မင်း​အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ ယော​သပ်​သည် အ​ဘ​နှင့်​အစ်​ကို​တို့​ကို နေ​ရာ​ချ၍ အဲ​ဂု​တ္တု​ပြည်၌​အ​ကောင်း​ဆုံး​သော​အ​ရပ် ရာ​မ​သက်​မြေ​ကို​အ​ပိုင်​ပေး၏။ အ​ဘ​နှင့်​အစ်​ကို​များ၊ အ​ဘ၏​အိမ်​သား​ရှိ​သ​မျှ​တို့​ကို အ​နည်း​အ​များ​အ​လိုက် ကျွေး​မွေး၏။