ယုဒနှင့် ညီအစ်ကိုတို့သည် ယောသပ်အိမ်သို့ရောက်၍၊ သူသည်အိမ်၌ရှိသေးသဖြင့်၊ သူ့ရှေ့မှာပျပ်ဝပ်လျက် နေကြ၏။ ယောသပ်ကလည်း၊ သင်တို့သည် အဘယ်သို့ပြုပြီးသနည်း။ ငါကဲ့သို့သောယောက်ျားသည် ထူးဆန်းသောဉာဏ်ရှိကြောင်းကို သင်တို့မသိကြသလောဟု ဆို၏။ ယုဒကလည်း၊ ကျွန်တော်တို့သည်သခင်အား အဘယ်စကားဖြင့် လျှောက်ရပါအံ့နည်း။ အဘယ်သို့ပြောရပါအံ့နည်း။ ဤအမှုနှင့် အဘယ်သို့လွတ်နိုင်ပါအံ့နည်း။ ကိုယ်တော်ကျွန်တို့၏အပြစ်ကို ဘုရားသခင်စစ်၍ တွေ့တော်မူပြီ။ အကြင်သူ၌ ဖလားတော်ကိုတွေ့၏။ ထိုသူမှစ၍ ကျွန်တော်တို့ရှိသမျှသည် သခင်၏ကျွန်ဖြစ်ကြပါ၏ဟု လျှောက်လေသော်၊ ထိုသို့ငါမပြုရ။ အကြင်သူ၏လက်၌ ငါ့ဖလားကိုတွေ့၏။ ထိုသူသည် ငါ့ကျွန်ဖြစ်စေ။ သင်တို့မူကား အဘထံသို့ ငြိမ်ဝပ်စွာသွားကြလော့ဟု စီရင်လေ၏။ ထိုအခါ ယုဒသည်ချဉ်းကပ်လျက်၊ သခင်ဘုရား၊ ကိုယ်တော်ကျွန်သည် စကားတစ်ခွန်းဖြင့် နားတော်လျှောက်ရသောအခွင့်ကို ပေးတော်မူပါ။ ကိုယ်တော်ကျွန်၌ အမျက်ထွက်တော်မမူပါနှင့်။ ကိုယ်တော်သည် ဖာရောဘုရင်ကဲ့သို့ ဖြစ်တော်မူ၏။ သခင်က၊ သင်တို့သည်အဘရှိသလော။ ညီရှိသလောဟု ကျွန်တော်တို့အား မေးတော်မူလျှင်၊ ကျွန်တော်တို့က၊ ကျွန်တော်တို့အဘ အသက်ကြီးသောသူရှိပါ၏။ အဘအသက်ကြီးစဉ်အခါရသော သားငယ်တစ်ယောက်ရှိပါ၏။ သူ၏အစ်ကိုသေပါပြီ။ သူ့အမိဖွားသောသားတို့တွင် သူတစ်ယောက်တည်းကျန်ရစ်ပါ၏။ ထိုကြောင့် သူ၏အဘသည်သူ့ကိုချစ်ပါ၏ဟု သခင်အား ပြန်လျှောက်လေသော်၊ ကိုယ်တော်က၊ ထိုသူကိုငါကြည့်ရှုရအောင် ငါ့ထံသို့ခေါ်ခဲ့ကြဟု ကိုယ်တော်ကျွန်တို့အား မိန့်တော်မူ၏။ ကျွန်တော်တို့က ထိုသူငယ်ကို အဘနှင့်မခွာနိုင်ပါ။ အဘနှင့်ခွာလျှင် အဘသေပါလိမ့်မည်ဟု သခင်အားလျှောက်သော်လည်း၊ ကိုယ်တော်က၊ သင်တို့ညီမပါလျှင် သင်တို့သည် ငါ့မျက်နှာကိုနောက်တစ်ဖန်မမြင်ရဟု ကိုယ်တော်ကျွန်တို့အား မိန့်တော်မူ၏။ ထိုနောက်ကျွန်တော်တို့သည် ကိုယ်တော်ကျွန်တည်းဟူသော ကျွန်တော်တို့အဘထံသို့ ပြန်၍ရောက်သောအခါ၊ သခင်စကားတော်ကို အဘအားပြန်ကြားပါ၏။ ကျွန်တော်တို့အဘကလည်း၊ တစ်ဖန်သွား၍ ငါတို့စားစရာအနည်းငယ်ကို ဝယ်ကြပါဟုဆိုသောအခါ၊ ကျွန်တော်တို့က၊ အကျွန်ုပ်တို့သည် မသွားနိုင်ပါ။ ညီပါလျှင်သွားနိုင်ပါ၏။ ညီမပါလျှင် ထိုသူ၏မျက်နှာကိုမမြင်ရပါဟု ပြန်ပြောပါ၏။ ကိုယ်တော်ကျွန်၊ ကျွန်တော်အဘကလည်း၊ သင်တို့သိသည်အတိုင်း ငါ့မယားသည် ငါ့အားသားနှစ်ယောက်ကိုဖွား၏။ တစ်ယောက်ကား ငါ့ထံမှထွက်သွား၏။ အကယ်စင်စစ် သူသည် အပိုင်းအပိုင်းကိုက်ဖြတ်ခြင်းကို ခံရပါပြီတကားဟု ငါဆိုရ၏။ ထိုကာလမှစ၍ သူ့ကိုငါမမြင်ရ။ ဤသူကိုလည်း ငါ့ထံမှယူသွား၍ သူ၌ဘေးရောက်လျှင်၊ သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ကျွန်တော်တို့အားဆိုပါ၏။ သို့ဖြစ်၍ ကျွန်တော်သည် ကိုယ်တော်ကျွန်၊ ကျွန်တော်အဘထံသို့ရောက်သောအခါ၊ သူငယ်မပါလျှင် အဘ၏အသက်သည် သူငယ်၏အသက်၌ မှီလျက်ရှိသောကြောင့်၊ သူငယ်မရှိသည်ကိုမြင်သောအခါ အဘသေပါလိမ့်မည်။ ကိုယ်တော်ကျွန်တို့သည်၊ ကိုယ်တော်ကျွန်တည်းဟူသော ကျွန်တော်တို့အဘဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏနိုင်ငံသို့ သက်ရောက်စေကြပါလိမ့်မည်။ ကိုယ်တော်ကျွန်က၊ အကျွန်ုပ်သည် တစ်ဖန်သူငယ်ကို အဘထံသို့ ပြန်၍မဆောင်ခဲ့လျှင်၊ အစဉ်မပြတ် အဘရှေ့မှာအပြစ်ကိုခံပါစေဟုဆိုသဖြင့်၊ အဘထံမှာ သူငယ်၏အာမခံဖြစ်ပါ၏။ သို့ဖြစ်၍ ကိုယ်တော်ကျွန်သည် သူငယ်အတွက်နေရစ်၍ သခင်ထံကျွန်ခံရသောအခွင့်၊ သူငယ်ကိုကား အစ်ကိုတို့နှင့်အတူ သွားရသောအခွင့်ကို ပေးတော်မူပါ။ သူငယ်သည် ကျွန်တော်၌မပါလျှင်၊ ကျွန်တော်အဘထံသို့ အဘယ်သို့ကျွန်တော်သွားနိုင်ပါမည်နည်း။ သို့ပြုလျှင် ကျွန်တော်အဘ၌ရောက်လတ္တံ့သော ဘေးဥပဒ်ကို ကျွန်တော်မြင်ရပါလိမ့်မည်တကားဟု လျှောက်လေ၏။
ကမ္ဘာဦး 44 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 44:14-34
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ