သုံးရက်မြောက်သောနေ့၌ ယောသပ်သည်သူတို့ကိုခေါ်၍၊ ငါသည် ဘုရားသခင်ကို ကြောက်ရွံ့သောသူဖြစ်၏။ သို့ဖြစ်၍ သင်တို့သည် အသက်ချမ်းသာစေခြင်းငှာ ပြုရသောအမှုဟူမူကား၊ သင်တို့သည်ဖြောင့်မတ်သောသူမှန်လျှင်၊ သင်တို့ညီအစ်ကိုတို့တွင် တစ်စုံတစ်ယောက်ကို ထောင်အိမ်၌အချုပ်ခံလျက်နေစေပြီးလျှင်၊ ကြွင်းသောသူတို့မူကား သွားကြလော့။ အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် စပါးကိုယူ၍သွားကြလော့။ အငယ်ဆုံးသောညီကို ငါ့ထံသို့ဆောင်ခဲ့ကြလော့။ သို့ပြုလျှင် သင်တို့စကားမှန်လိမ့်မည်။ သင်တို့ အသက်လည်း ချမ်းသာရလိမ့်မည်ဟုဆိုသည်အတိုင်း သူတို့သည်ပြုကြ၏။ ထိုအခါ သူတို့အချင်းချင်းဆိုကြသည်ကား၊ အကယ်စင်စစ် ငါတို့သည် ညီ၏အမှု၌အပြစ်ကြီးကြ၏။ သူသည် ငါတို့ကိုတောင်းပန်သောအခါ၊ သူ့စိတ်ဆင်းရဲခြင်းကို ငါတို့သည်မြင်လျက်နှင့် နားမထောင်ဘဲနေကြ၏။ ထိုကြောင့် ဤအမှုသည် ငါတို့အပေါ်မှာ ယခုရောက်လာပြီဟု တစ်ယောက်ကိုတစ်ယောက် ပြောဆိုကြ၏။ ရုဗင်ကလည်း၊ သူငယ်ကိုမပြစ်မှားပါနှင့်ဟု ကျွန်ုပ်ဆိုသည်မဟုတ်လော။ သင်တို့သည် နားမထောင်ဘဲနေကြသောကြောင့် သူ၏အသွေးအတွက် ယခုအစစ်ခံရကြသည်ဟု ပြန်၍ဆို၏။ ထိုသို့ မိမိတို့ပြောဆိုကြသောစကားကို ယောသပ်နားလည်သည်ဟု သူတို့မထင်ကြ။ အကြောင်းမူကား၊ ယောသပ်သည် စကားပြန်နှင့် သူတို့ကို ပြောတတ်သောကြောင့်တည်း။ ထိုအခါ ယောသပ်သည် သူတို့ထံမှခဏခွာ၍ငိုလေ၏။ တစ်ဖန်လာပြန်၍ နှုတ်ဆက်ပြီးလျှင်၊ ရှိမောင်ကို သူတို့အစုထဲကယူ၍ သူတို့ရှေ့တွင် ချည်နှောင်လေ၏။ ထိုနောက်သူတို့အိတ်များကို စပါးနှင့်ပြည့်စေ၍၊ သူတို့ငွေကိုလည်း အသီးအသီးအိတ်တို့တွင် ပြန်ထည့်စေခြင်းငှာလည်းကောင်း၊ လမ်းခရီး၌ စားစရိတ်ကိုပေးစေခြင်းငှာလည်းကောင်းစီရင်၍ ထိုသို့လျှင်သူတို့၌ပြုလေ၏။ သူတို့သည်လည်း မြည်းများအပေါ်၌စပါးကိုတင်၍ ထွက်သွားကြ၏။ စခန်းသို့ရောက်သောအခါ၊ တစ်ယောက်သောသူသည် မြည်းကို အစာကျွေးခြင်းငှာမိမိအိတ်ကိုဖွင့်လျှင်၊ အိတ်ဝတွင်ရှိသော ငွေကိုမြင်လေ၏။ ညီအစ်ကိုတို့အားလည်း ကျွန်ုပ်ငွေကိုပြန်ထားပြီ။ ကြည့်ပါ၊ အိတ်ထဲမှာရှိသည်ဟုဆိုသော်၊ သူတို့သည်စိတ်နှလုံးလျော့၍ ကြောက်လန့်လျက်၊ ငါတို့၌ဘုရားသခင်ပြုတော်မူသော ဤအမှုသည် အဘယ်အမှုဖြစ်ပါလိမ့်မည်နည်းဟု တစ်ယောက်ကိုတစ်ယောက်ဆိုကြ၏။
ကမ္ဘာဦး 42 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 42:18-28
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ