အဲဂုတ္တုပြည်၌စပါးရှိကြောင်းကို ယာကုပ်ကြားသိလျှင်၊ သင်တို့သည် အဘယ်ကြောင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှု၍နေကြသနည်း။ အဲဂုတ္တုပြည်၌ စပါးရှိကြောင်းကိုငါကြားရပြီ။ ငါတို့သည်မသေ၊ အသက်ရှင်မည်အကြောင်း၊ ထိုပြည်သို့သွား၍ ငါတို့အဖို့ကိုဝယ်ကြလော့ဟု မိမိသားတို့အားဆိုသည်အတိုင်း၊ ယောသပ်၏အစ်ကိုတစ်ကျိပ်တို့သည် စပါးကိုဝယ်ခြင်းငှာ အဲဂုတ္တုပြည်သို့ သွားကြ၏။ ယောသပ်၏ညီ ဗင်္ယာမိန်ကိုကား အစ်ကိုတို့နှင့်အတူ ယာကုပ်သည်မစေမလွှတ်။ အကြောင်းမူကား၊ သူ၌ဘေးရောက်ကောင်းရောက်လိမ့်မည်ဟု စိုးရိမ်သတည်း။ ထိုအခါ ခါနာန်ပြည်၌ အစာခေါင်းပါးသောကြောင့်၊ အဲဂုတ္တုပြည်သို့ရောက်လာသောသူတို့တွင်၊ ဣသရေလသားတို့သည် စပါးကိုဝယ်ခြင်းငှာ လာကြ၏။ ယောသပ်သည်နိုင်ငံအုပ်ဖြစ်၍ ပြည်သားအပေါင်းတို့အား ရောင်းသောအမှုကို စီရင်လေ၏။ ယောသပ်အစ်ကိုတို့သည်လာ၍ သူ့ရှေ့မှာ ဦးညွှတ်ချကြ၏။ ယောသပ်သည် အစ်ကိုတို့ကိုမြင်လျှင်သိ၏။ သို့သော်လည်း မသိဟန်ဆောင်၍ ကြမ်းတမ်းစွာပြောလျက်၊ သင်တို့သည် အဘယ်ကလာကြသနည်းဟုမေး၏။ သူတို့ကလည်း၊ အစာကိုဝယ်ခြင်းငှာ ခါနာန်ပြည်ကလာကြပါသည်ဟု လျှောက်ကြ၏။ ယောသပ်သည် အစ်ကိုတို့ကိုသိသော်လည်း၊ သူတို့သည် ယောသပ်ကိုမသိကြ။ ယောသပ်သည်သူတို့အကြောင်းနှင့် မြင်ရသောအိပ်မက်တို့ကို အောက်မေ့လျက်၊ သင်တို့သည်သူလျှိုဖြစ်ကြ၏။ ပြည်တော်၌ အားနည်းသောအရပ်ကို ကြည့်ရှုခြင်းငှာ လာကြပြီဟုဆိုလျှင်၊ သူတို့က၊ မဟုတ်ပါသခင်။ ကိုယ်တော်၏ကျွန်တို့သည် အစာကို ဝယ်ခြင်းငှာသာလာကြပါ၏။ ကျွန်တော်တို့သည် တစ်ယောက်တည်းသောသူ၏သား ဖြစ်ကြပါ၏။ ဖြောင့်မတ်သောသူလည်း ဖြစ်ကြပါ၏။ ကိုယ်တော်၏ကျွန်တို့သည် သူလျှိုမဟုတ်ပါဟု လျှောက်ကြ၏။ ယောသပ်ကလည်း၊ မဟုတ်ဘူး။ ပြည်တော်၌အားနည်းသော အရပ်ကိုကြည့်ရှုခြင်းငှာ လာကြပြီဟုဆိုပြန်၏။ သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့သည် ခါနာန်ပြည်၌ တစ်ယောက်တည်းသောသူ၏သား၊ ညီအစ်ကိုတစ်ကျိပ်နှစ်ယောက် ဖြစ်ကြပါ၏။ အငယ်ဆုံးသောသူကား အဘနှင့်အတူယခုရှိရစ်ပါ၏။ တစ်ယောက်ကားမရှိပါဟု လျှောက်ပြန်လျှင်၊ ယောသပ်က၊ သင်တို့သည်သူလျှိုဖြစ်ကြ၏ဟု ငါဆိုသည်အရာမှာ၊ သင်တို့ကို အဘယ်သို့စုံစမ်းရမည်နည်းဟူမူကား၊ အငယ်ဆုံးသောညီ မလာလျှင်၊ ဖာရောဘုရင်အသက်ရှင်တော်မူသည်အတိုင်း သင်တို့သည် ဤအရပ်မှမထွက်မသွားရ။ သင်တို့စကား မှန်သည်မမှန်သည်ကို စုံစမ်း၍သိစေခြင်းငှာ သင်တို့တွင် တစ်ယောက်သောသူကိုစေလွှတ်၍ ညီကိုဆောင်ခဲ့စေ။ ကြွင်းသောသူတို့ကို ထောင်ထဲမှာချထားမည်။ သို့မဟုတ် ဖာရောဘုရင် အသက်ရှင်တော်မူသည်အတိုင်း၊ အကယ်စင်စစ် သင်တို့သည်သူလျှို ဖြစ်ကြ၏ဟုဆိုပြီးလျှင်၊ အစ်ကိုအပေါင်းတို့ကို သုံးရက်ချုပ်ထားလေ၏။
ကမ္ဘာဦး 42 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 42:1-17
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ