YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 29:1-14

ကမ္ဘာဦး 29:1-14 JBMLE

တစ်​ဖန်​ယာ​ကုပ်​သည် ခ​ရီး​သွား၍၊ အ​ရှေ့​ပြည်​သား​တို့​နေ​ရာ​အ​ရပ်​သို့ ရောက်​ပြီး​လျှင်၊ မျှော်​ကြည့်၍ တော​စ၌ ရေ​တွင်း​တစ်​ခု​ကို​မြင်၏။ ထို​တွင်း​ရေ​ဖြင့် သိုး​စု​များ​ကို တိုက်​တတ်​သည်​ဖြစ်၍၊ တွင်း​နား​မှာ သိုး​စု​သုံး​စု​အိပ်​လျက်​ရှိ၏။ ရေ​တွင်း​ဝ​ပေါ်​မှာ ကြီး​စွာ​သော​ကျောက်​ရှိ၏။ သိုး​ထိန်း​အ​ပေါင်း​တို့​သည် ထို​အ​ရပ်၌​စု​ဝေး​သော​အ​ခါ၊ ရေ​တွင်း​ဝ၌ ဖုံး​အုပ်​သော​ကျောက်​ကို လှိမ့်​လှန်၍၊ သိုး​များ​ကို​ရေ​တိုက်​ပြီး​လျှင်၊ ထို​ကျောက်​ကို မိ​မိ​နေ​ရာ​ရေ​တွင်း​ဝ​ပေါ်​မှာ တစ်​ဖန်​တင်​ထား​လေ့​ရှိ၏။ ယာ​ကုပ်​က​လည်း၊ ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​ဘယ်​အ​ရပ်​က လာ​ကြ​သ​နည်း​ဟု​မေး​လျှင်၊ ငါ​တို့​သည် ခါ​ရန်​မြို့​က​လာ​ကြ​သည်​ဟု ပြော​ဆို​လေ၏။ တစ်​ဖန်​ယာ​ကုပ်​က၊ နာ​ခေါ်​သား​လာ​ဗန်​ကို သိ​သ​လော​ဟု​မေး​လျှင်၊ သိ၏​ဟု​ပြန်​ဆို​သော်၊ သူ​သည်​မာ​ပါ၏​လော​ဟု တစ်​ဖန်​မေး​ပြန်​လျှင်၊ မာ​ပါ၏။ သူ၏​သ​မီး​ရာ​ခေ​လ​သည် သိုး​များ​နှင့်​တ​ကွ​လာ​လိမ့်​မည်​ဟု ဆို​ကြ​လေ​၏။ ယာ​ကုပ်​က​လည်း၊ နေ့​အ​ချိန် အ​လွန်​များ​စွာ​ရှိ​သေး၏။ သိုး​တို့​ကို စု​ဝေး​ရာ​အ​ချိန်​မ​ဟုတ်​သေး။ ရေ​တိုက်​ပြီး​လျှင်၊ သွား၍​ထိန်း​ကြ​ဦး​လော့​ဟု ဆို​လေ၏။ သူ​တို့​က​လည်း၊ သိုး​ထိန်း​အ​ပေါင်း​စု​ဝေး၍၊ ရေ​တွင်း​ဝ၌ ဖုံး​အုပ်​သော​ကျောက်​ကို လှိမ့်​လှန်​ပြီး​မှ​သာ၊ သိုး​တို့​ကို​ရေ​တိုက်​ရ၏။ သို့​မ​ဟုတ်၊ မ​တိုက်​ရ​ဟု​ပြန်​ဆို​ကြ​၏။ ထို​သို့​တစ်​ဦး​နှင့် တစ်​ဦး​နှုတ်​ဆက်​ကြ​စဉ်​တွင်၊ ရာ​ခေ​လ​သည်၊ မိ​မိ​အ​ဘ၏​သိုး​တို့​ကို ထိန်း​ရ​သည်​ဖြစ်၍၊ သိုး​တို့​ကို​ဆောင်​လျက်​လာ၏။ ယာ​ကုပ်​သည်၊ မိ​မိ​ဦး​ရီး​လာ​ဗန်၏​သ​မီး​ရာ​ခေ​လ​နှင့် ဦး​ရီး​လာ​ဗန်၏​သိုး​တို့​ကို မြင်​သော​အ​ခါ၊ အ​နီး​သို့​ချဉ်း၍၊ ရေ​တွင်း၌​ဖုံး​အုပ်​သော​ကျောက်​ကို လှိမ့်​လှန်​ပြီး​လျှင်၊ ဦး​ရီး​လာ​ဗန်၏​သိုး​တို့​ကို ရေ​တိုက်​လေ၏။ ထို​နောက်၊ ယာ​ကုပ်​သည် ရာ​ခေ​လ​ကို​နမ်း​၍၊ ကျယ်​သော​အ​သံ​နှင့်​ငို​လေ​၏။ မိ​မိ​သည် ရာ​ခေ​လ​အ​ဘ၏​တူ၊ ရေ​ဗ​က္က​၏​သား​ဖြစ်​ကြောင်း​ကို ကြား​ပြော​လျှင်၊ ရာ​ခေ​လ​သည်​ပြေး​၍ မိ​မိ​အ​ဘ​အား​ပြန်​ကြား​လေ၏။ လာ​ဗန်​သည် မိ​မိ​တူ​ယာ​ကုပ်၏ သ​တင်း​စ​ကား​ကို​ကြား​သော​အ​ခါ၊ ကြို​ဆို​ခြင်း​ငှာ အ​လျင်​အ​မြန်​သွား၍၊ ပိုက်​ဖက်​နမ်း​ရှုတ်​လျက်၊ မိ​မိ​အိမ်​သို့​ဆောင်​သွား​လေ၏။ ယာ​ကုပ်​သည်​လည်း မိ​မိ​အ​မှု​အ​ရာ​ရှိ​သ​မျှ​ကို​ကြား​ပြော​လျှင်၊ လာ​ဗန်​က၊ အ​ကယ်​စင်​စစ် သင်​သည်​ငါ့​အ​ရိုး​အ​သား​ပင်​ဖြစ်၏​ဟု ဆို​လေ၏။