YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 26

26
ဂေ​ရာ​မြို့​၌​ဣ​ဇာက်​နေ​ထိုင်​ခြင်း
1အာ​ဗြ​ဟံ​လက်​ထက် ထို​ပြည်၌​ဖြစ်​ဖူး​သော အ​စာ​ခေါင်း​ပါး​ခြင်း​မှ​တစ်​ပါး၊ နောက်​တစ်​ဖန် အ​စာ​ခေါင်း​ပါး​ခြင်း​ရှိ​ပြန်​သည်​ဖြစ်၍၊ ဣ​ဇာက်​သည် ဖိ​လိ​တ္တိ​မင်း​ကြီး အ​ဘိ​မ​လက်​နေ​ရာ​ဂေ​ရာ​မြို့​သို့ သွား​လေ၏။ 2ထာ​ဝ​ရ​ဘု​ရား​သည်​လည်း သူ့​အား​ထင်​ရှား၍၊ သင်​သည် အဲ​ဂု​တ္တု​ပြည်​သို့​မ​သွား​နှင့်၊ ငါ​ပြော​လ​တ္တံ့​သော​ပြည်၌​နေ​လော့။ 3ယ​ခု​ဤ​ပြည်၌ တည်း​ခို၍​နေ​လော့။ သင့်​ဘက်​မှာ​ငါ​နေ၍ ကောင်း​ချီး​ပေး​မည်။ အ​ကြောင်း​မူ​ကား၊ သင်​နှင့် သင်၏​အ​မျိုး​အ​နွယ်​အား ဤ​ပြည်​ရှိ​သ​မျှ​တို့​ကို ငါ​ပေး​မည်။ သင်၏​အ​ဘ​အာ​ဗြ​ဟံ​အား ငါ​ကျိန်​ဆို​သော​စ​ကား​ရှိ​သည်​အ​တိုင်း​ငါ​ပြု​မည်။#က၊ ၂၂:၁၆-၁၈။ 4သင်၏​အ​မျိုး​အ​နွယ်​ကို ကောင်း​ကင်​ကြယ်​ကဲ့​သို့​များ​ပြား​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်​အား​လည်း၊ ဤ​ပြည်​ရှိ​သ​မျှ​တို့​ကို ငါ​ပေး​မည်။ သင်၏​အ​မျိုး​အ​နွယ်​အား​ဖြင့်​လည်း၊ လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်။ 5အ​ကြောင်း​မူ​ကား၊ အာ​ဗြ​ဟံ​သည် ငါ့​စ​ကား​ကို​နား​ထောင်၍၊ ငါ​စီ​ရင်​မှာ​ထား​သော ပ​ညတ်​တ​ရား​အ​မျိုး​မျိုး​တို့​ကို စောင့်​ရှောက်​သ​တည်း​ဟု မိန့်​တော်​မူ၏။
6ဣ​ဇာက်​သည် ဂေ​ရာ​မြို့၌​နေ​စဉ်​တွင်၊ မြို့​သား​တို့​သည် သူ၏​မ​ယား​အ​ကြောင်း​ကို​မေး​သော​အ​ခါ၊ ရေ​ဗ​က္က​သည် လှ​သော​အ​ဆင်း​အ​ရောင်​ရှိ​သော​ကြောင့်၊ 7ဤ​ပြည်​သား​ယောက်ျား​တို့​သည် သူ့​အ​ကြောင်း​ကြောင့် ငါ့​ကို​သတ်​မည်​ဟု​စိုး​ရိမ်၍၊ သူ​သည်​ငါ့​မ​ယား​ဖြစ်​သည်​ဟု မ​ပြော​မ​ဆို​ဝံ့၊ ငါ့​နှ​မ​ဖြစ်​သည်​ဟု ပြော​ဆို၏။#က၊ ၁၂:၁၃၊ ၂၀:၂။ 8ထို​မြို့၌​ကာ​လ​အင်​တန်​ကြာ​နေ​ပြီး​မှ၊ တစ်​နေ့​သ၌၊ ဣ​ဇာက်​သည် မိ​မိ​မ​ယား​ရေ​ဗ​က္က​နှင့်​က​စား​သည်​ကို၊ ဖိ​လိ​တ္တိ​မင်း​ကြီး​အ​ဘိ​မ​လက်​သည် ပြတင်း​ပေါက်​ဝ​က ကြည့်​မြင်​လျှင်၊ 9ဣ​ဇာက်​ကို​ခေါ်၍၊ ထို​မိန်း​မ​သည်၊ အ​ကယ်​စင်​စစ် သင်၏​မ​ယား​ဖြစ်၏။ သို့​ရာ​တွင်၊ သူ​သည်​ငါ့​နှ​မ​ဖြစ်၏​ဟု အ​ဘယ်​ကြောင့် သင်​ပြော​ရ​သ​နည်း​ဟု​မေး​သော်၊ ဣ​ဇာက်​က၊ သူ့​အ​တွက်​ကြောင့် ကျွန်ုပ်​သေ​မည်​ကို​စိုး​ရိမ်​ပါ​သည်​ဟု လျှောက်​ဆို၏။ 10အ​ဘိ​မ​လက်​မင်း​က​လည်း၊ ငါ​တို့၌ သင်​ပြု​သော​အ​မှု​ကား အ​ဘယ်​သို့​နည်း။ တစ်​စုံ​တစ်​ယောက်​သော​သူ​သည်၊ သင်၏​မ​ယား​နှင့် အ​မှတ်​တ​မဲ့​သင့်​နေ​လျှင်၊ ငါ​တို့​ခေါင်း​ပေါ်​မှာ သင်​သည် အ​ပြစ်​ရောက်​စေ​လိမ့်​မည်​တ​ကား​ဟု ဆို​ပြီး​မှ၊ 11ဤ​သူ​လင်​မ​ယား​ကို ပြစ်​မှား​သော​သူ​သည် ဆက်​ဆက်​အ​သေ​ခံ​ရ​မည်​ဟု မိ​မိ​လူ​အ​ပေါင်း​တို့​ကို မှာ​ထား​သ​နည်း။
12ထို​ပြည်၌ ဣ​ဇာက်​သည်​မျိုး​စေ့​ကို​ကြဲ၍၊ တစ်​နှစ်​ချင်း​တွင် အ​ဆ​တစ်​ရာ​သော​အ​သီး​အ​နှံ​ကို​ရ​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ 13သူ​သည်​ကြီး​ပွား၍၊ အ​လွန်​စည်း​စိမ်း​ကြီး​သည်​တိုင်​အောင် တိုး​တက်​လျက်၊ စီး​ပွား​ဥ​စ္စာ​များ​ပြား​စွာ​ဖြစ်​လေ၏။ 14သိုး​စု၊ နွား​စု​များ၊ ကျွန်​များ​နှင့်​ပြည့်​စုံ​ကြွယ်​ဝ၏။ ထို​ကြောင့်၊ ဖိ​လိ​တ္တိ​လူ​တို့​သည် သူ့​ကို​ငြူ​စူ​ကြ၏။ 15အ​ဘ​အာ​ဗြ​ဟံ​လက်​ထက်၌၊ အ​ဘ၏​ကျွန်​တို့​တူး​သော ရေ​တွင်း​ရှိ​သ​မျှ​တို့​ကို မြေ​နှင့်​ဖို့​ပိတ်​ကြ၏။ 16အ​ဘိ​မ​လက်​မင်း​က​လည်း၊ သင်​သည် ငါ​တို့​ထက်​တန်​ခိုး​ကြီး၏။ ငါ​တို့​ထံ​မှ​ထွက်​သွား​လော့​ဟု၊ ဣ​ဇာက်​ကို​အ​မိန့်​ရှိ​သော​ကြောင့်၊ 17ဣ​ဇာက်​သည် ထို​မြို့​မှ​ထွက်​သွား​ပြီး​လျှင်၊ ဂေ​ရာ​ချိုင့်၌​တဲ​ကို ဆောက်၍​နေ​လေ၏။
18ထို​အ​ခါ ဣ​ဇာက်​သည်၊ အ​ဘ​အာ​ဗြ​ဟံ​ကျွန်​တို့​တူး၍၊ အ​ဘ​သေ​သော​နောက်၊ ဖိ​လိ​တ္တိ​လူ​တို့​ဖို့​သော​ရေ​တွင်း​တို့​ကို တူး​ဖော်​ပြန်၍၊ အ​ထက်​က အ​ဘ​သ​မုတ်​သော​အ​မည်​ဖြင့် သ​မုတ်​လေ၏။ 19ဣ​ဇာက်​ကျွန်​တို့​လည်း၊ ချိုင့်​ထဲ၌​တူး၍ စမ်း​ရေ​တွင်း​ကို တွေ့​ကြ၏။ 20ဂေ​ရာ​အ​မျိုး​သား​နွား​ကျောင်း​တို့​က​လည်း၊ ဤ​ရေ​သည် ငါ​တို့​ရေ​ဖြစ်၏​ဟု၊ ဣ​ဇာက်၏​နွား​ကျောင်း​တို့​နှင့် လု​ယက်​ပြော​ဆို​ကြ၏။ ထို​သို့ အ​ချင်း​ချင်း​လု​ယက်​ကြ​သော​ကြောင့်၊ ထို​ရေ​တွင်း​ကို ဧ​သက်​အ​မည်​ဖြင့်​မှည့်​လေ၏။ 21နောက်​တစ်​ဖန် အ​ခြား​သော​ရေ​တွင်း​ကို တူး​ပြန်​ကြ၏။ ထို​ရေ​တွင်း​ကို​လည်း တစ်​ဖန်​လု​ကြ​သော​ကြောင့်၊ သိ​တ​န​အ​မည်​ဖြင့်​မှည့်​လေ၏။ 22ထို​အ​ရပ်​မှ နေ​ရာ​ပြောင်း၍၊ အ​ခြား​သော​ရေ​တွင်း​ကို​တူး​ကြ၏။ ထို​ရေ​တွင်း​ကို အ​ဘယ်​သူ​မျှ မ​လု​ယက်​သော​ကြောင့်၊ ငါ​တို့​နေ​စ​ရာ​အ​ခွင့်​ကို ယ​ခု​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​ပြီ​ဖြစ်၍၊ ဤ​ပြည်၌ ငါ​တို့​သည် စီး​ပွား​များ​ကြ​လိမ့်​မည်​ဟု​ဆို​လျက်၊ ထို​ရေ​တွင်း​ကို ရ​ဟော​ဘုတ်​အ​မည်​ဖြင့် မှည့်​သ​တည်း။
23တစ်​ဖန်​ထို​အ​ရပ်​မှ ဗေ​ရ​ရှေ​ဘ​အ​ရပ်​သို့ ပြောင်း​လေ၏။ 24ထို​နေ့​ည​မှာ ထာ​ဝ​ရ​ဘု​ရား​သည်​ထင်​ရှား၍၊ ငါ​သည် သင်၏​အ​ဘ​အာ​ဗြ​ဟံ၏​ဘု​ရား​ဖြစ်၏။ မ​စိုး​ရိမ်​နှင့်။ ငါ​သည်​သင့်​ဘက်​မှာ​ရှိ၏။ ငါ​သည်​ကောင်း​ချီး​ပေး​မည်။ ငါ၏​ကျွန်​အာ​ဗြ​ဟံ​အ​တွက်၊ သင်၏​အ​မျိုး​အ​နွယ်​ကို​ငါ​များ​ပြား​စေ​မည်​ဟု မိန့်​တော်​မူ၏။ 25ထို​အ​ရပ်၌ ယဇ်​ပ​လ္လင်​ကို​တည်၍၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို​ပ​တ္ထ​နာ​ပြု၏။ တဲ​ကို​လည်း​တည်​ဆောက်၍၊ ကျွန်​တို့​သည် ရေ​တွင်း​ကို​တူး​ကြ၏။
26ထို​အ​ခါ အ​ဘိ​မ​လက်​မင်း​သည်၊ အ​ဆွေ​တော်​အ​ဟု​ဇတ်​နှင့် ဗိုလ်​ချုပ်​မင်း​ဖိ​ကော​လ​တို့​ကို​ခေါ်၍၊ ဂေ​ရာ​မြို့​မှ ဣ​ဇာက်​ရှိ​ရာ​သို့​သွား၏။#က၊ ၂၁:၂၂။ 27ဣ​ဇာက်​က​လည်း၊ သင်​တို့​သည် ငါ့​ကို​မြင်​ပြင်း၍​နှင်​ထုတ်​ပြီး​မှ၊ အ​ဘယ်​ကြောင့်​လာ​ကြ​သ​နည်း​ဟု​မေး​လျှင်၊ 28ထို​သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဘက်​မှာ​ရှိ​တော်​မူ​ကြောင်း​ကို၊ ငါ​တို့​အ​မှန် သိ​မြင်​သည်​ဖြစ်၍၊ 29ငါ​တို့​သည် သင့်​ကို​မ​ထိ​မ​ခိုက်၊ ကျေး​ဇူး​ကို​သာ​ပြု၍၊ ငြိမ်​ဝပ်​စွာ​လွှတ်​လိုက်​သည်​နည်း​တူ၊ သင်​သည်​ငါ​တို့​ကို​အ​ပြစ်​မ​ပြု​ရ​ဟု၊ ငါ​တို့​တစ်​ဖက်၊ သင့်​တစ်​ဖက်၊ နှစ်​ဖက်​သား​တို့​သည်၊ သ​စ္စာ​က​တိ​ထား၍ မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ​စို့။ သင်​သည် ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သော​သူ​ဖြစ်​ပါ၏​ဟု ဆို​ကြ​လေ​သော်၊ 30ဣ​ဇာက်​သည်၊ သူ​တို့​အ​ဖို့ စား​သောက်​ပွဲ​ကို​လုပ်၍၊ အ​တူ​စား​သောက်​ကြ၏။ 31နံ​နက်​စော​စော​ထ၍၊ အ​ချင်း​ချင်း​တစ်​ဦး​နှင့် တစ်​ဦး သ​စ္စာ​ပြု​လိုက်​ပြီး​မှ၊ ဣ​ဇာက်​သည် သူ့​တို့​ကို​လွှတ်​လိုက်၍၊ သူ​တို့​သည် ငြိမ်​ဝပ်​စွာ​သွား​ရ​ကြ၏။ 32ထို​နေ့၌​ပင် ဣ​ဇာက်​ကျွန်​တို့​သည်​လာ၍၊ မိ​မိ​တို့​တူး​သော​တွင်း၌ ရေ​တွေ့​ကြောင်း​ကို​ပြော​ဆို​ကြ​လျှင်၊ 33ထို​ရေ​တွင်း​ကို ရှေ​ဘ​အ​မည်​ဖြင့်​မှည့်​လေ၏။ ထို​ကြောင့် ထို​အ​ရပ်၌ တည်​သော​မြို့​ကို​ဗေ​ရ​ရှေ​ဘ​မြို့​ဟု ယ​နေ့​တိုင်​အောင်​တွင်​လေ​သ​တည်း။
ဧ​သော​၏​လူ​မျိုး​ခြား​မ​ယား​များ
34ဧ​သော​သည် အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ၊ ဟိ​တ္တိ​အ​မျိုး​သား​ဗေ​ရိ၏​သ​မီး​ယု​ဒိတ်၊ ဟိ​တ္တိ​အ​မျိုး​သား ဧ​လုန်၏​သ​မီး​ဗာ​ရှ​မတ်​တို့​နှင့် အိမ်​ထောင်​လေ၏။ 35ထို​မိန်း​မ​တို့​သည် ဣ​ဇာက်​နှင့်​ရေ​ဗ​က္က၌ စိတ်​နှ​လုံး​ပူ​ပန်​စ​ရာ​အ​ကြောင်း​ဖြစ်​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦး 26: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။