အာဗြဟံလက်ထက် ထိုပြည်၌ဖြစ်ဖူးသော အစာခေါင်းပါးခြင်းမှတစ်ပါး၊ နောက်တစ်ဖန် အစာခေါင်းပါးခြင်းရှိပြန်သည်ဖြစ်၍၊ ဣဇာက်သည် ဖိလိတ္တိမင်းကြီး အဘိမလက်နေရာဂေရာမြို့သို့ သွားလေ၏။ ထာဝရဘုရားသည်လည်း သူ့အားထင်ရှား၍၊ သင်သည် အဲဂုတ္တုပြည်သို့မသွားနှင့်၊ ငါပြောလတ္တံ့သောပြည်၌နေလော့။ ယခုဤပြည်၌ တည်းခို၍နေလော့။ သင့်ဘက်မှာငါနေ၍ ကောင်းချီးပေးမည်။ အကြောင်းမူကား၊ သင်နှင့် သင်၏အမျိုးအနွယ်အား ဤပြည်ရှိသမျှတို့ကို ငါပေးမည်။ သင်၏အဘအာဗြဟံအား ငါကျိန်ဆိုသောစကားရှိသည်အတိုင်းငါပြုမည်။ သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့များပြားစေမည်။ သင်၏အမျိုးအနွယ်အားလည်း၊ ဤပြည်ရှိသမျှတို့ကို ငါပေးမည်။ သင်၏အမျိုးအနွယ်အားဖြင့်လည်း၊ လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်။ အကြောင်းမူကား၊ အာဗြဟံသည် ငါ့စကားကိုနားထောင်၍၊ ငါစီရင်မှာထားသော ပညတ်တရားအမျိုးမျိုးတို့ကို စောင့်ရှောက်သတည်းဟု မိန့်တော်မူ၏။ ဣဇာက်သည် ဂေရာမြို့၌နေစဉ်တွင်၊ မြို့သားတို့သည် သူ၏မယားအကြောင်းကိုမေးသောအခါ၊ ရေဗက္ကသည် လှသောအဆင်းအရောင်ရှိသောကြောင့်၊ ဤပြည်သားယောက်ျားတို့သည် သူ့အကြောင်းကြောင့် ငါ့ကိုသတ်မည်ဟုစိုးရိမ်၍၊ သူသည်ငါ့မယားဖြစ်သည်ဟု မပြောမဆိုဝံ့၊ ငါ့နှမဖြစ်သည်ဟု ပြောဆို၏။ ထိုမြို့၌ကာလအင်တန်ကြာနေပြီးမှ၊ တစ်နေ့သ၌၊ ဣဇာက်သည် မိမိမယားရေဗက္ကနှင့်ကစားသည်ကို၊ ဖိလိတ္တိမင်းကြီးအဘိမလက်သည် ပြတင်းပေါက်ဝက ကြည့်မြင်လျှင်၊ ဣဇာက်ကိုခေါ်၍၊ ထိုမိန်းမသည်၊ အကယ်စင်စစ် သင်၏မယားဖြစ်၏။ သို့ရာတွင်၊ သူသည်ငါ့နှမဖြစ်၏ဟု အဘယ်ကြောင့် သင်ပြောရသနည်းဟုမေးသော်၊ ဣဇာက်က၊ သူ့အတွက်ကြောင့် ကျွန်ုပ်သေမည်ကိုစိုးရိမ်ပါသည်ဟု လျှောက်ဆို၏။ အဘိမလက်မင်းကလည်း၊ ငါတို့၌ သင်ပြုသောအမှုကား အဘယ်သို့နည်း။ တစ်စုံတစ်ယောက်သောသူသည်၊ သင်၏မယားနှင့် အမှတ်တမဲ့သင့်နေလျှင်၊ ငါတို့ခေါင်းပေါ်မှာ သင်သည် အပြစ်ရောက်စေလိမ့်မည်တကားဟု ဆိုပြီးမှ၊ ဤသူလင်မယားကို ပြစ်မှားသောသူသည် ဆက်ဆက်အသေခံရမည်ဟု မိမိလူအပေါင်းတို့ကို မှာထားသနည်း။
ကမ္ဘာဦး 26 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 26:1-11
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ