YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 24:1-27

ကမ္ဘာဦး 24:1-27 JBMLE

အာ​ဗြ​ဟံ​သည်​အို၍၊ အ​သက်​အ​ရွယ်​ကြီး​ရင့်​လှ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်၊ အ​ရာ​ရာ၌ သူ့​ကို​ကောင်း​ချီး​ပေး​တော်​မူ​ပြီ။ အာ​ဗြ​ဟံ​သည်၊ မိ​မိ​အိမ်​သား​တို့​တွင်​အ​သက်​ကြီး၍ ဘ​ဏ္ဍာ​စိုး​လုပ်​သော​သူ​ကို​ခေါ်​လျက်၊ သင်​သည်၊ ငါ​နေ​သော​ခါ​နာန်​အ​မျိုး​သ​မီး​တို့​တွင်၊ ငါ့​သား​ဖို့ မ​ယား​ကို​မ​ရွေး​မ​ယူ​ဘဲ၊ ငါ့​ပြည်​ငါ့​အ​မျိုး​သား​ချင်း​တို့​ထံ​သို့​သွား၍၊ ငါ့​သား​ဣ​ဇာက်​အ​ဖို့ မ​ယား​ကို​ယူ​ရ​မည်​ဟု၊ သင်၏​လက်​ကို ငါ့​ပေါင်​အောက်၌​ထား​ပြီး​မှ၊ ကောင်း​ကင်​မြေ​ကြီး​အ​ရှင်​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်၍၊ ငါ​ကျိန်​ဆို​စေ​ပါ​မည်​ဟု​ဆို၏။ ကျွန်​က​လည်း၊ မိန်း​မ​သည် ဤ​ပြည်​သို့ မ​လိုက်​မ​လာ​လို​လျှင်၊ ကိုယ်​တော်​ထွက်​လာ​သော​ပြည်​သို့ ကိုယ်​တော်၏​သား​ကို တစ်​ဖန်​ကျွန်​တော်​ခေါ်​သွား​ရ​ပါ​မည်​လော​ဟု မေး​လေ​သော်၊ အာ​ဗြ​ဟံ​က၊ ထို​ပြည်​သို့ ငါ့​သား​ကို​ခေါ်၍​မ​သွား​နှင့်။ သ​တိ​ပြု​လော့။ ငါ့​အ​ဘ၏​အိမ်​မှ​လည်း​ကောင်း၊ ငါ့​အ​မျိုး​သား​နေ​ရာ​ပြည်​မှ​လည်း​ကောင်း ငါ့​ကို​ခေါ်၍၊ သင်၏​အ​မျိုး​အ​နွယ်​အား ဤ​ပြည်​ကို​ငါ​ပေး​မည်​ဟု၊ ငါ့​အား​ဗျာ​ဒိတ်​တော်​ပေး၍ ကျိန်​ဆို​တော်​မူ​သော ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ မိ​မိ​ကောင်း​ကင်​တ​မန်​ကို သင့်​ရှေ့၌​စေ​လွှတ်​တော်​မူ​သ​ဖြင့်၊ သင်​သည်​ထို​ပြည်​မှ ငါ့​သား​ဖို့ မ​ယား​ကို​ယူ​ရ​လိမ့်​မည်။ မိန်း​မ​သည် သင်​နှင့်​အ​တူ​မ​လိုက်​လို​လျှင်၊ သင်​သည်၊ ယ​ခု​ငါ​ပေး​သော​ကျိန်​ဆို​ခြင်း​နှင့် ကင်း​လွတ်​စေ။ ငါ့​သား​ကို ထို​ပြည်​သို့​ခေါ်၍ မ​သွား​နှင့်​ဟု​ဆို​ပြီး​မှ၊ ကျွန်​သည် သ​ခင်​အာ​ဗြ​ဟံ၏​ပေါင်​အောက်၌ လက်​ကို​ထား၍ ထို​အ​မှု၌​ကျိန်​ဆို​လေ၏။ ထို​ကျွန်​သည်​လည်း၊ မိ​မိ​သ​ခင်၏​ဥ​စ္စာ​ရှိ​သ​မျှ​ကို စီ​ရင်​သော​သူ​ဖြစ်၍၊ သ​ခင်၏​ကု​လား​အုတ်​စု​ထဲ​က၊ ကု​လား​အုတ်​ဆယ်​စီး​ကို​ယူ၍​ထ​သွား​သ​ဖြင့်၊ မေ​သော​ပေါ​တာ​မိ​တိုင်း၊ နာ​ခေါ်​မြို့​သို့ ရောက်​လေ၏။ မိန်း​မ​များ​ရေ​ခပ်​သော ညဉ့်​ဦး​ယံ​အ​ချိန်၌၊ မြို့​ပြင်​ရေ​တွင်း​နား​မှာ ကု​လား​အုတ်​တို့​ကို ဝပ်​စေ​ပြီး​လျှင်၊ အ​ကျွန်ုပ်၏​သ​ခင်၊ အာ​ဗြ​ဟံ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ယ​နေ့​အ​ကျွန်ုပ်​အ​ကြံ​ကို​ထ​မြောက်​စေ၍၊ အ​ကျွန်ုပ်၏​သ​ခင်​အာ​ဗြ​ဟံ၌ ကျေး​ဇူး​ပြု​တော်​မူ​ပါ​ဟု၊ အ​ကျွန်ုပ်​ဆု​တောင်း​ပါ၏။ အ​ကျွန်ုပ်​သည်၊ ဤ​ရေ​တွင်း​နား​မှာ​ရပ်​နေ၍၊ ထို​မြို့​သူ​သ​တို့​သ​မီး​တို့​သည်၊ ရေ​ခပ်​ခြင်း​ငှာ​လာ​ကြ​သည်​တွင်၊ အ​ကြင်​သ​တို့​သ​မီး​ကို၊ ကျွန်ုပ်​သောက်​ခြင်း​ငှာ သင်၏​ရေ​ဘူး​ကို​ချ​ပါ​ဟု​ဆို​သော်၊ သောက်​ပါ၊ သင်၏​ကု​လား​အုတ်​တို့​ကို​လည်း​ရေ​တိုက်​ပါ​မည်​ဟု၊ ပြန်​ဆို​သော​သ​တို့​သ​မီး​သည်၊ ကိုယ်​တော်၏​ကျွန်​ဣ​ဇာက်​ဖို့ ခန့်​ထား​တော်​မူ​သော​သူ​ဖြစ်​ပါ​စေ​သော။ ထို​သို့​အား​ဖြင့်၊ အ​ကျွန်ုပ်၏​သ​ခင်၌​ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကို၊ အ​ကျွန်ုပ်​သိ​ရ​ပါ​မည်​ဟု လျှောက်​ဆို၏။ ထို​သို့​လျှောက်​ဆို၍​မ​ပြီး​မီ၊ အာ​ဗြ​ဟံ​အစ်​ကို​နာ​ခေါ်​မ​ယား၊ မိ​လ​ခါ​သား၊ ဗေ​သွေ​လ၏​သ​မီး​ရေ​ဗ​က္က​သည်၊ ရေ​ဘူး​ကို​ထမ်း​လျက် ထွက်​လာ​သည်​ကို​မြင်၏။ ထို​သ​တို့​သ​မီး​သည်၊ အ​လွန်​အ​ဆင်း​လှ၍၊ ယောက်ျား​နှင့်​မ​ဆက်​ဆံ​သေး​သော က​ညာ​ဖြစ်၏။ ရေ​တွင်း​သို့​ဆင်း၍၊ ရေ​ဘူး​ကို​ရေ​နှင့်​ဖြည့်​ပြီး​မှ တက်​လာ၏။ ကျွန်​သည်​လည်း၊ ထို​မိန်း​မ​နှင့် တွေ့​ခြင်း​ငှာ​ပြေး၍၊ သင်၏​ရေ​ဘူး၌ ရေ​အ​နည်း​ငယ်​ကို သောက်​ပါ​ရ​စေ​ဟု​ဆို​လေ​သော်၊ မိန်း​မ​က၊ သောက်​ပါ​လော့​အ​ရှင်​ဟု​ဆို​သ​ဖြင့်၊ မိ​မိ​လက်​ပေါ်​မှာ၊ အ​လျင်​အ​မြန်​ရေ​ဘူး​ကို​ချ၍၊ ရေ​ကို​ပေး​လေ၏။ ရေ​ကို​ပေး​ပြီး​လျှင်၊ သင်၏​ကု​လား​အုတ်​တို့​သည်​လည်း၊ ဝ​စွာ သောက်​စ​ရာ​ဖို့​ရေ​ခပ်​ပါ​မည်​ဟု ဆို​သည်​အ​တိုင်း၊ အ​လျင်​အ​မြန်​ဘူး၌​ရှိ​သော​ရေ​ကို ရေ​တိုက်​ခွက်​ထဲ၌​လောင်း​ပြီး​လျှင်၊ တစ်​ဖန်​ခပ်​ခြင်း​ငှာ​ရေ​တွင်း​သို့​ပြေး၍၊ ကု​လား​အုတ်​အ​ဖို့ ရေ​ခပ်​လေ၏။ ယောက်ျား​သည် ထို​မိန်း​မ​ကို​အံ့​ဩ၍၊ မိ​မိ​ရောက်​လာ​သော​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​ပြု​စု​တော်​မူ​သည်၊ မ​မူ​သည်​ကို​သိ​လို၍၊ တိတ်​ဆိတ်​စွာ​နေ​လေ၏။ ကု​လား​အုတ်​များ​ကို ရေ​သောက်​စေ​ပြီး​သော​နောက်၊ ယောက်ျား​သည်၊ အ​ချိန်​ငါး​မူး​ရှိ​သော ရွှေ​နှာ​ဆွဲ၊ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​လက်​ကောက်​တစ်​ရံ​ကို​ထုတ်၍၊ သင်​သည် အ​ဘယ်​သူ၏​သ​မီး​ဖြစ်​သ​နည်း။ ကျွန်ုပ်​ကို​ပြော​ပါ။ သင်၏​အ​ဘ​အိမ်၌ ကျွန်ုပ်​တို့​တည်း​ခို​စ​ရာ​အ​ရပ်​ရှိ​သ​လော​ဟု မေး​လေ​သော်၊ မိန်း​မ​က၊ ကျွန်ုပ်​သည် နာ​ခေါ်၏​မ​ယား​မိ​လ​ခါ​ဖွား​မြင်​သော၊ ဗေ​သွေ​လ၏​သ​မီး​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊ ကျွန်ုပ်​တို့၌ မြက်​ခြောက်​များ၊ စား​ဖွယ်​သောက်​ဖွယ်​များ​နှင့် တည်း​ခို​စ​ရာ​အ​ရပ်​လည်း​ရှိ​သည်​ဟူ၍​လည်း​ကောင်း ဆို​လေ၏။ ထို​အ​ခါ​ယောက်ျား​သည် ဦး​ညွှတ်​ချ၍ ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​လျက်၊ က​ရု​ဏာ၊ သ​စ္စာ​တော်​ကို အ​ကျွန်ုပ်​သ​ခင်​မှ ရုပ်​သိမ်း​တော်​မ​မူ​သော၊ အ​ကျွန်ုပ်​သ​ခင်​အာ​ဗြ​ဟံ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ လမ်း​မှာ​သွား​လျက်​ရှိ​သော အ​ကျွန်ုပ်​ကို ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​သ​ခင်၏​ညီ​အစ်​ကို​တို့​အိမ်​သို့ ပို့​ဆောင်​တော်​မူ​ပါ​သည်​တ​ကား​ဟု မြွက်​ဆို၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။