ထိုနောက် တစ်ဆယ်လေးနှစ်လွန်ပြီးမှ၊ ငါသည် တိတုကိုခေါ်၍ ဗာနဗနှင့်အတူ ယေရုရှင်မြို့သို့ တစ်ဖန် သွားလေ၏။- ဗျာဒိတ်တော်အတိုင်းပင် သွားသည်ဖြစ်၍၊ တစ်ပါးအမျိုးတို့၌ ဟောပြောသော ဧဝံဂေလိတရားကို ထိုအခါ ငါကြားပြောလေ၏။ ထိုသို့ဆိုသော် ငါဆောင်ရွက် ခဲ့ပြီးသောအမှုနှင့် နောက်၌ ဆောင်ရွက် လတ္တံ့သောအမှုကို အချည်းနှီးမဖြစ်စေခြင်းငှာ၊ အသရေ ထင်ရှားသော သူတို့အားသာ တိတ်ဆိတ်စွာကြားပြော၏။- သို့သော်လည်း ငါနှင့်အတူပါသော ဟေလသအမျိုးတိတုကို အရေဖျားလှီးခြင်းကို မခံစေကြ။- ယေရှုခရစ်အားဖြင့် ငါတို့ခံစားသော လွှတ်ခြင်းအခွင့်ကို ချောင်းကြည့်၍ ငါတို့ကို ကျွန်ခံစေမည် အကြံနှင့်၊ ပရိယာယ်အားဖြင့် သူတစ်ပါးသွင်း၍ ငါတို့အထဲသို့ဝင်သော ညီအစ်ကို၏အယောင်ကို ဆောင်သော သူတို့အကြောင်းကြောင့် ထိုသို့ပြုကြ၏။- မှန်သောဧဝံဂေလိတရားသည် သင်တို့၌ တည်နေမည်အကြောင်း၊ ငါတို့သည် ထိုသူတို့စီရင်ခြင်းကို ခဏမျှ ဝန်မခံကြ။- အသရေထင်ရှားသောသူတို့သည် အထက်က အဘယ်သို့သောသူ ဖြစ်ကြသည်ကိုငါမဆိုင်။ ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူ။ ထိုသူတို့နှင့် ငါသည် ပေါင်းဖော်၍ ထူးခြားသောအရာကို မခံရသည်သာမက၊- အရေဖျားလှီးခြင်းကိုခံသောသူတို့တွင် ပေတရုကို တမန်တော်ဖြစ်စေခြင်းငှာ၊ ပေတရု၌ ပြုပြင်တော်မူသောသူသည်၊ တစ်ပါးအမျိုးသားတို့တွင် ငါ့ကို တမန်တော်ဖြစ်စေခြင်းငှာ ငါ၌လည်း ပြုပြင်တော်မူသည်ဖြစ်၍၊ အရေဖျားလှီးခြင်းနှင့် စပ်ဆိုင်သော ဧဝံဂေလိတရားကို ပေတရု၌ အပ်တော်မူသည်နည်းတူ၊ အရေဖျားလှီးခြင်းနှင့် မစပ်ဆိုင်သော ဧဝံဂေလိတရားကို ငါ၌ အပ်တော်မူကြောင်းကို သူတို့သည် သိမြင်ကြ၏။- အမှီတံကဲဖြစ်သောယာကုပ်၊ ကေဖ၊ ယောဟန် တို့သည်လည်း၊ ငါရသောကျေးဇူးတော်ကို သိကြသောအခါ၊ မိမိတို့သည် အရေဖျားလှီးခြင်းကိုခံသော သူတို့ဆီသို့ သွားမည်အကြောင်းနှင့်၊ ငါတို့သည် တစ်ပါးအမျိုးသားတို့ဆီသို့ သွားမည်အကြောင်း၊ လက်ယာလက်ခံခြင်းကို ဗာနဗနှင့် ငါ့အား ပေးကြ၏။- ငါတို့သည် ဆင်းရဲသောသူများကို အောက်မေ့စေခြင်းငှာ သူတို့အလိုတစ်ခုတည်း ရှိ၏။ ထိုအမှုကို ငါသည် အလိုအလျောက် ကြိုးစားအားထုတ်လေ့ရှိ၏။ ထိုနောက်ပေတရုသည် အန္တိအုတ်မြို့သို့ ရောက်လာသောအခါ၊ သူ၌အပြစ်တင်စရာ အခွင့်ရှိသောကြောင့် သူ့ကိုယ်တိုင်ကို ငါငြင်း၍ဆီးတားရ၏။- အကြောင်းမူကား၊ လူအချို့သည် ယာကုပ်ထံမှ မရောက်မလာမီ၊ ပေတရုသည် တစ်ပါးအမျိုးသားတို့နှင့် အတူစား၏။ သူတို့ရောက်လာသောနောက်၊ ပေတရုသည် အရေဖျားလှီးခြင်းကို ခံသောသူတို့၏မျက်နှာကို ထောက်၍ တစ်ပါးအမျိုးသားတို့နှင့် မပေါင်းဝံ့။ တစ်ယောက်တခြားစီ နေ၏။- ကြွင်းသောယုဒလူတို့သည် ပေတရုနှင့်အတူ လျှို့ဝှက်၍၊ သူတို့ လျှို့ဝှက်ခြင်းအားဖြင့် ဗာနဗသည်လည်း သူတို့ဘက်သို့ပါသွား၏။- သူတို့သည် မှန်သော ဧဝံဂေလိတရားနှင့်အညီ ဖြောင့်မတ်စွာ မကျင့်ကြောင်းကို ငါသည်မြင်လျှင်၊ ထိုသူအပေါင်းတို့ရှေ့မှာ ပေတရုအား ငါဆိုသည်ကား၊ သင်သည် ယုဒလူဖြစ်လျက်ပင် ယုဒထုံးစံအတိုင်းမကျင့်ဘဲ၊ တစ်ပါးအမျိုး၏ထုံးစံအတိုင်း ကျင့်လျှင်၊ တစ်ပါးအမျိုးသားတို့သည် ယုဒထုံးစံအတိုင်း ကျင့်စေခြင်းငှာ အဘယ်ကြောင့် သူတို့ကို အနိုင်အထက်ပြုသနည်း။ လူတို့သည် ပညတ်တရား၏အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ မရောက်၊- ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ကြသည်ကို၊ အပြစ်ထင်ရှားသော တစ်ပါး အမျိုးသားမဟုတ်ဘဲ၊ ဇာတိအမျိုးအားဖြင့် ယုဒလူဖြစ်သောငါတို့သည် အမှန်သိသည်နှင့်အညီ ပညတ်တရား၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့မရောက်၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ၊ ငါတို့ပင် ယေရှုခရစ်ကို ယုံကြည်ကြပြီ။ အကြောင်းမူကား၊ ပညတ်တရား၏ အကျင့်အားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်ရာ။- ခရစ်တော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ ငါတို့သည် ကြိုးစားလျက်ပင်၊ အပြစ် ထင်ရှားသောသူ ဖြစ်သေးသည်မှန်လျှင်၊ ခရစ်တော်သည် အပြစ်တရားကို ပြုစုသောသူဖြစ်သလော။- ထိုသို့မဖြစ်နိုင်ရာ။ အထက်က ငါဖြိုဖျက်သော အရာကို နောက်တစ်ဖန် ငါတည်ဆောက်ပြန်လျှင်၊ ကိုယ်အပြစ်ရှိသည်ကို ကိုယ်ထင်ရှားစွာပြ၏။- ထိုမှတစ်ပါး၊ ငါသည် ဘုရားသခင်နှင့် ဆိုင်သောအရာ၌ အသက်ရှင်မည်အကြောင်း၊ ပညတ်တရားနှင့် ဆိုင်သောအရာ၌ ပညတ်တရားအားဖြင့် သေလျက်နေ၏။- ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ ယခုငါရှင်သော အသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် တည်၏။ သားတော်သည် ငါ့ကိုချစ်၍ ငါ့အဖို့ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။- ဘုရားသခင်၏ ကျေးဇူးတော်ကို ငါမပယ်။ ပညတ်တရားကို အမှီပြု၍ ဖြောင့်မတ်ရာသို့ ရောက်နိုင်လျှင် ခရစ်တော်သည် အချည်းနှီး အသေခံတော်မူပြီ။
ဂလာတိ 2 ကိုဖတ်ပါ။
နားထောင်ပါ။ ဂလာတိ 2
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဂလာတိ 2:1-21
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ