YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဇရ 3

3
ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​ကို​ပြန်​လည် အ​စ​ပြု​ခြင်း
1သ​တ္တ​မ​လ​ရောက်​မှ မြို့​ရွာ​အ​ရပ်​ရပ်၌ နေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား လူ​အ​ပေါင်း​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့​သို့ တ​ညီ​တ​ညွတ်​တည်း လာ၍ စု​ဝေး​ကြ၏။ 2ထို​အ​ခါ ယော​ဇ​ဒက်​သား​ယော​ရှု​နှင့် သူ၏​ညီ​အစ်​ကို ယဇ်​ပု​ရော​ဟိတ်​များ၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် သူ၏​ညီ​အစ်​ကို​များ​တို့​သည် ထ၍ ဘု​ရား​သ​ခင်၏​လူ မော​ရှေ​ရေး​ထား​သော ပ​ည​တ္တိ​ကျမ်း​စာ၌​ပါ​သည် အ​တိုင်း၊ မီး​ရှို့​ရာ​ယဇ်​တို့​ကို ပူ​ဇော်​လို​သော​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့်​ယဇ်​ပ​လ္လင်​ကို တည်​ကြ၏။#ထွ၊ ၂၇:၂။ 3ထို​ပြည်​အ​ရပ်​ရပ်၌ နေ​သော​သူ​တို့​ကို ကြောက်​သော်​လည်း၊ ယဇ်​ပ​လ္လင်​ကို မိ​မိ​ဖိ​နပ်​ပေါ်​မှာ တည်​ထား၍၊ နံ​နက်​ညဉ့်​ဦး​မ​ပြတ် မီး​ရှို့​ရာ​ယဇ်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ကြ၏။#တော၊ ၂၈:၁-၈။ 4ကျမ်း​စာ​လာ​သည်​အ​တိုင်း၊ သ​ကေ​နေ​ပွဲ​ကို​လည်း​ခံ၍ တ​ရား​နှင့်​အ​ညီ နေ့​တိုင်း​ပြု​သင့်​သော​ဝတ်​ကို ပြု​လျက်၊ နေ့​တိုင်း​မီး​ရှို့​ရာ​ယဇ်​တို့​ကို အ​ရေ​အ​တွက်​နှင့် ပူ​ဇော်​ကြ၏။#တော၊ ၂၉:၁၂-၃၈။ 5ထို​နောက်​မှ အ​မြဲ​ပူ​ဇော်​ရ​သော​ယဇ်၊ လ​ဆန်း​နေ့၌​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​စေ​သော ဓ​မ္မ​ပွဲ​နေ့၌​လည်း​ကောင်း၊ ပူ​ဇော်​ရ​သော​ယဇ်၊ ထာ​ဝ​ရ​ဘု​ရား​အား အ​လို​လို​ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​သော​သူ အ​သီး​အ​သီး​အ​ဖို့ ပူ​ဇော်​ရ​သော​ယဇ်​တို့​ကို ပူ​ဇော်​လျက်​နေ​ကြ၏။#တော၊ ၂၈:၁၁-၂၉:၃၉။ 6ဗိ​မာန်​တော် တိုက်​မြစ်​ကို မ​ချ​သေး​သော်​လည်း၊ သ​တ္တ​မ​လ တစ်​ရက်​နေ့​မှ​စ၍ မီး​ရှို့​ရာ​ယဇ်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ကြ၏။ 7ပန်း​ရန်​သ​မား​နှင့် လက်​သ​မား​တို့​အား​လည်း ငွေ​ကို​ပေး​ကြ၏။ ပေ​ရ​သိ​ရှင်​ဘု​ရင်​ကု​ရု အ​ခွင့်​ပေး​တော်​မူ​သည်​အ​တိုင်း၊ အာ​ရဇ်​သစ်​သား​ကို လေ​ဗ​နုန်​တောင်​မှ ယု​ပ္ပေ​ဆိပ်​သို့ ဆောင်​စေ​ခြင်း​ငှာ၊ ဇိ​ဒုန်​မြို့​သား​နှင့် တု​ရု​မြို့​သား​တို့​အား၊ စား​စ​ရိတ်​နှင့် ဆီ​များ​ကို ပေး​ကြ၏။
ဗိ​မာန်​တော်​ပြန်​လည်​တည်​ဆောက်​ခြင်း
8ယေ​ရု​ရှ​လင်​မြို့ ဗိ​မာန်​တော်​သို့​ရောက်​သော ဒု​တိ​ယ​နှစ်၊ ဒု​တိ​ယ​လ​တွင် ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ၊ ယော​ဇ​ဒက်​သား ယော​ရှု၊ ကျန်​ကြွင်း​သော ညီ​အစ်​ကို၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​များ၊ အ​ချုပ်​ခံ​ရ​သော လူ​စု​ထဲ​က​ထွက်၍၊ ယေ​ရု​ရှ​လင်​မြို့​သို့​လာ​သော လူ​များ​အ​ပေါင်း​တို့​သည်​ထ၍ ဗိ​မာန်​တော် တည်​ဆောက်​ခြင်း​အ​မှု​ကို နှိုး​ဆော်​စိမ့်​သော​ငှာ လေ​ဝိ​သား​တို့​ကို ခန့်​ထား​ကြ၏။ 9ထို​အ​ခါ ယု​ဒ​အ​မျိုး၊ ယော​ရှု​နှင့် သူ၏​သား​ညီ​များ၊ ကပ်​မျေ​လ​နှင့် သူ၏​သား​များ၊ လေ​ဝိ​အ​မျိုး ဟေ​န​ဒဒ်​သား​များ၊ သူ​တို့​သား​နှင့် ညီ​များ​တို့​သည်၊ ဗိ​မာန်​တော်​ကို တည်​ဆောက်​လုပ်​ဆောင်​သော သူ​တို့​ကို နှိုး​ဆော်​ခြင်း​ငှာ ထ​ကြ၏။ 10လုပ်​ဆောင်​သော​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်​တိုက်​မြစ်​ကို ချ​သော​အ​ခါ၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဒါ​ဝိဒ်​စီ​ရင်​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​တော်​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ တံ​ပိုး​ကိုင်​သော ယဇ်​ပု​ရော​ဟိတ်​များ၊ ခွက်​ကွင်း​ကိုင်​သော လေ​ဝိ​အ​မျိုး၊ အာ​သပ်​သား​များ​တို့​ကို ခန့်​ထား​ကြ၏။#၅​ရာ၊ ၂၅:၁။ 11ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး၌ ပြ​တော်​မူ​သော က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​ပါ​သည်​ဟူ၍ ဂုဏ်​တော်​ကို ချီး​မွမ်း​လျက်၊ ကျေး​ဇူး​တော်​ကို ဝန်​ခံ​လျက်၊ အ​သံ​ပြိုင်၍ အ​လှည့်​လှည့် သီ​ချင်း​ဆို​ကြ၏။ ဗိ​မာန်​တော်​တိုက်​မြစ်​ကို ချ​ရ​သော​ကြောင့်၊ လူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လျက်၊ ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။#၅ ရာ၊ ၁၆:၃၄၊ ၆ ရာ၊ ၅:၁၃၊ ၇:၃၊ ဆာ၊ ၁၀၀:၅၊ ၁၀၆:၁၊ ၁၀၇:၁၊ ၁၁၈:၁၊ ၁၃၆:၁၊ ယေ၊ ၃၃:၁၁။ 12သို့​ရာ​တွင် အ​သက်​ကြီး၍ အ​ရင်​ဗိ​မာန်​တော်​ကို မြင်​ဖူး​သော ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ အ​ဆွေ​အ​မျိုး သူ​ကြီး​အ​များ​တို့​သည်၊ နောက်​ဗိ​မာန်​တော် တိုက်​မြစ်​ကျ​လျက်​ရှိ​သည်​ကို မြင်​သော​အ​ခါ၊ ကြီး​စွာ​သော​အ​သံ​နှင့် ငို​ကြွေး​ကြ၏။ လူ​အ​များ​တို့​သည်​လည်း ဝမ်း​မြောက်​သော​စိတ်​နှင့် ကြွေး​ကြော်​ကြ၏။ 13ထို​သို့​ပြု​သော ကြွေး​ကြော်​သံ​နှင့် ငို​ကြွေး​သံ​ကို ကြား​သော​သူ​တို့​သည် ပိုင်း​ခြား၍ မ​သိ​နိုင်​ကြ။ လူ​များ​တို့​သည် ကြီး​စွာ​သော​အ​သံ​နှင့် ကြွေး​ကြော်​သော​ကြောင့်၊ ဝေး​သော​အ​ရပ်၌ ကြား​ရ​လေ၏။

လက်ရှိရွေးချယ်ထားမှု

ဧဇရ 3: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ