YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 44

44
အ​ရှေ့​အ​ရပ်​ပြင်​တံ​ခါး
1ထို​နောက်၊ သန့်​ရှင်း​ရာ​အ​ရပ်​အ​ရှေ့​သို့ မျက်​နှာ​ပြု​သော ပြင်​တံ​ခါး​သို့​ဆောင်​သွား၍၊ ထို​တံ​ခါး​သည် ပိတ်​လျက်​ရှိ၏။ 2ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​တံ​ခါး​ကို​မ​ဖွင့်​ဘဲ ပိတ်​ထား​လျက်​ရှိ​ရ​မည်။ လူ​များ​မ​ဝင်​ရ​ကြ။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဝင်​တော်​မူ​သော​ကြောင့် ပိတ်​ထား​လျက်​ရှိ​ရ​မည်။ 3မင်း​သား​အ​ဖို့​ဖြစ်၏။ မင်း​သား​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စား​သောက်၍ ထို​တံ​ခါး​ဝ​မှာ ထိုင်​ရ​လိမ့်​မည်။ မင်း​သား​သည် ထို​တံ​ခါး​မုခ်​ဖြင့် ထွက်​ဝင်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။
ဗိ​မာန်​တော်​သို့​ဝင်​ရောက်​ခွင့်
4ထို​အ​ခါ အိမ်​တော်​ရှေ့၊ မြောက်​တံ​ခါး​လမ်း​ဖြင့် ငါ့​ကို​ဆောင်​သွား၍ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို ဖြည့်​တော်​မူ​သ​ဖြင့်၊ ငါ​သည်​ပျပ်​ဝပ်​လျက်​နေ၏။ 5ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ချင်း​လူ​သား၊ စေ့​စေ့​ကြည့်​ရှု၍ မှတ်​လော့။ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​အ​ဖို့ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​ရှိ​သ​မျှ​တို့​ကို နား​ထောင်​လော့။ အိမ်​တော်​ဝင်​ရာ​တံ​ခါး​ဝ​နှင့် သန့်​ရှင်း​ရာ​ဌာ​န​မှ ထွက်​ရာ​တံ​ခါး​ဝ​ရှိ​သ​မျှ​တို့​ကို စေ့​စေ့​မှတ်​လော့။ 6ပုန်​ကန်​တတ်​သော​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ 7သင်​တို့​သည် ငါ့​ဘော​ဇဉ်​တည်း​ဟူ​သော ဆီ​ဥ​နှင့်​အ​သွေး​ကို ပူ​ဇော်​သော​အ​ခါ၊ ငါ့​ဗိ​မာန်​ကို​ညစ်​ညူး​စေ​ခြင်း​ငှာ၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​စိတ်​နှင့် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​ကိုယ်​ရှိ​သော တစ်​ပါး​အ​မျိုး​သား​တို့​ကို ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ သွင်း၍​နေ​ရာ​ချ​သ​ဖြင့်၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​များ​ကို​ပြု​မိ​သည်​ဖြစ်၍၊ ရောင့်​ရဲ​သော​စိတ်​ရှိ​ကြ​လော့။ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​မှု​များ​အား​ဖြင့် ငါ့​ပ​ဋိ​ညာဉ်​ကို ဖျက်​ကြ​ပြီ။ 8ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို မ​စောင့်။ ထို​ဌာ​န၌ စောင့်​သော​သူ​တို့​ကို ကိုယ်​အ​လို​အ​လျောက်​ခန့်​ထား​ကြ​ပြီ။
9အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​နေ၍၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​စိတ်​နှင့် အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော​ကိုယ်​ရှိ​သော တစ်​ပါး​အ​မျိုး​သား​သည် ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ မ​ဝင်​ရ။
လမ်း​လွှဲ​သော​လေ​ဝိ​သားများ
10ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ့​ထံ​မှ​ထွက်၍ လမ်း​လွှဲ​ပြီး​လျှင်၊ မိ​မိ​တို့​ရုပ်​တု​များ​နောက်​သို့ လိုက်​သွား​သော​အ​ခါ၊ ငါ့​ထံ​မှ​ထွက်၍ လမ်း​လွှဲ​သော လေ​ဝိ​သား​တို့​သည်​လည်း ကိုယ်​အ​ပြစ်​ကို​ခံ​ရ​ကြ​မည်။ 11သို့​ရာ​တွင်၊ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​နှင့်​ဆိုင်​သော​အ​မှု​စောင့်​ဖြစ်၍၊ ဗိ​မာန်​တော်၌​တံ​ခါး​တို့​ကို စောင့်​လျက်၊ အ​မှု​တော်​ကို ဆောင်​ရွက်​လျက် နေ​ရ​ကြ​မည်။ မီး​ရှို့​ရာ​ယဇ်​နှင့် လူ​များ​ပူ​ဇော်​သော ယဇ်​ကောင်​တို့​ကို​သတ်၍၊ လူ​များ​ကိုယ်​စား အ​မှု​တော်​ကို ဆောင်​ရွက်​ရ​ကြ​မည်။ 12သူ​တို့​သည် ရုပ်​တု​တို့​ရှေ့​မှာ လူ​များ​အ​မှု​ကို ဆောင်​ရွက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​ထိ​မိ၍ ဒု​စ​ရိုက် အ​ပြစ်​ထဲ​သို့ လဲ​စ​ရာ​အ​ကြောင်း ဖြစ်​ဖူး​သော​ကြောင့်၊ သူ​တို့​တစ်​ဖက်၌ ငါ​ကျိန်​ဆို၍၊ သူ​တို့​သည် ကိုယ်​အ​ပြစ်​ကို​ခံ​ရ​ကြ​မည်။ 13ယဇ်​ပု​ရော​ဟိတ်​လုပ်၍ ငါ့​ထံ​သို့​မ​ချဉ်း​ကပ်​ရ​ကြ။ အ​လွန်​သန့်​ရှင်း​သော ငါ့​ဌာ​န၌ သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​ချဉ်း​ကပ်​ရ​ကြ။ ကိုယ်​အ​ရှက်​ကွဲ​ခြင်း၊ ကိုယ်​ပြု​မိ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို ခံ​ရ​ကြ​မည်။ 14အိမ်​တော်​ကို​စောင့်၍၊ အိမ်​တော်၌ ခပ်​သိမ်း​သော​အ​မှု​တို့​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ ငါ​ခန့်​ထား​မည်။
လေ​ဝိ​အ​မျိုး
15ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ငါ့​ထံ​မှ​ထွက်၍ လမ်း​လွှဲ​သော​အ​ခါ၊ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို စောင့်​နေ​သော လေ​ဝိ​အ​မျိုး​ဖြစ်​သော ဇာ​ဒုတ်​သား၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ငါ့​အ​မှု​ကို​ဆောင်​ခြင်း​ငှာ ငါ့​ထံ​သို့ ချဉ်း​ကပ်​ရ​ကြ​မည်။ ငါ့​အား ဆီ​ဥ​နှင့်​အ​သွေး​ကို​ပူ​ဇော်​ခြင်း​ငှာ အ​ရှေ့​မှာ ရပ်​ရ​ကြ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 16ထို​သူ​တို့​သည် ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့​ဝင်၍ ငါ့​အ​မှု​ကို​ဆောင်​ခြင်း​ငှာ၊ ငါ့​စား​ပွဲ​အ​နား​သို့ ချဉ်း​ကပ်၍ ငါ့​အ​မှု​စောင့်​ဖြစ်​ရ​ကြ​မည်။
17သူ​တို့​သည် အ​တွင်း​တံ​တိုင်း​တံ​ခါး အ​တွင်း​သို့ ဝင်​သော​အ​ခါ၊ ပိတ်​အ​ဝတ်​ကို​သာ ဝတ်​ရ​ကြ​မည်။ အ​တွင်း​တံ​တိုင်း တံ​ခါး​အ​တွင်း၌ အ​မှု​တော်​ကို​ဆောင်​ရွက်​စဉ်၊ သိုး​မွေး​အ​ဝတ်​ကို မ​ဝတ်​ရ​ကြ။#ထွ၊ ၂၈:၃၉-၄၃။ ဝတ်၊ ၁၆:၄။ 18ခေါင်း​ပေါ်​မှာ ပိတ်​ဦး​ထုပ်​ကို ဆောင်း၍၊ ခါး၌ ပိတ်​ဘောင်း​ဘီ​ကို ဝတ်​ရ​ကြ​မည်။ ချွေး​ထွက်​စေ​သော အ​ဝတ်​ကို မ​ဝတ်​ရ​ကြ။ 19လူ​များ​ရှိ​ရာ ပြင်​တံ​တိုင်း​သို့ ထွက်​သွား​သော​အ​ခါ၊ အ​မှု​တော်​ကို ဆောင်​စဉ်​တွင် ဝတ်​သော​အ​ဝတ်​ကို ချွတ်၍၊ သန့်​ရှင်း​သော​အ​ခန်း​တို့၌ ထား​ပြီး​လျှင်၊ အ​ခြား​သော​အ​ဝတ်​ကို ဝတ်​ရ​ကြ​မည်။ အ​ရင်​အ​ဝတ်​ကို​ဝတ်​လျက် လူ​များ​တို့​ကို မ​သန့်​ရှင်း​စေ​ရ​ကြ။#ဝတ်၊ ၁၆:၂၃။ 20မိ​မိ​တို့​ဆံ​ပင်​ကို​လည်း မ​ရိတ်​ရ၊ မ​ရှည်​စေ​ခြင်း​ငှာ ဖြတ်​ရ​မည်။#ဝတ်၊ ၂၁:၅။ 21ယဇ်​ပု​ရော​ဟိတ်​သည် အ​တွင်း​တံ​တိုင်း​ထဲ​သို့ ဝင်​သော​အ​ခါ စ​ပျစ်​ရည်​ကို မ​သောက်​ရ။#ဝတ်၊ ၁၀:၉။ 22မု​ဆိုး​မ​နှင့် မ​စုံ​ဖက်​ရ။ လင်​ကွာ​သော​မိန်း​မ​နှင့် မ​စုံ​ဖက်​ရ။ ဣ​သ​ရေ​လ​အ​မျိုး အ​ပျို​က​ညာ​နှင့် သော်​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်၏ မ​ယား​ဖြစ်​ဖူး​သော မု​ဆိုး​မ​နှင့်​သော်​လည်း​ကောင်း စုံ​ဖက်​ရ​မည်။#ဝတ်၊ ၂၁:၇၊ ၁၃-၁၄။ 23ငါ၏​လူ​တို့​သည် သန့်​ရှင်း​သော​အ​ရာ၊ မ​သန့်​ရှင်း​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ စင်​ကြယ်​သော​အ​ရာ၊ မ​စင်​ကြယ် သော​အ​ရာ​တို့​ကို​လည်း​ကောင်း ပိုင်း​ခြား၍​သိ​စေ​ခြင်း​ငှာ သွန်​သင်​ရ​ကြ​မည်။#ဝတ်၊ ၁၀:၁၀။ 24တ​ရား​တွေ့​မှု​ကို စီ​ရင်​လျှင်၊ ငါ၏​ဓ​မ္မ​သတ်​အ​တိုင်း စီ​ရင်​ရ​ကြ​မည်။ ငါ၏​ဓ​မ္မ​ပွဲ​တို့​ကို ဆောင်​ရွက်​လျှင်၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက် တို့​ကို​လည်း​ကောင်း၊ ငါ၏​ဥ​ပုသ်​နေ့​တို့​ကို​လည်း​ကောင်း စောင့်​ရှောက်​ရ​ကြ​မည်။ 25အ​သေ​ကောင်​ကို​ချဉ်း၍ ကိုယ်​ကို မ​ညစ်​ညူး​စေ​ရ။ သို့​ရာ​တွင်၊ ကိုယ်​မိ​ဘ၊ သား​သ​မီး၊ ညီ​အစ်​ကို၊ လင်​မ​နေ​သော​နှ​မ​အ​တွက် ကိုယ်​ကို ညစ်​ညူး​စေ​ရ​သော အ​ခွင့်​ရှိ၏။#ဝတ်၊ ၂၁:၁-၄။ 26သန့်​ရှင်း​ခြင်း​ကို​ပြု​ပြီး​မှ ခု​နစ်​ရက်​နေ​ရ​မည်။ 27သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ကို​ဆောင်​ခြင်း​ငှာ အ​တွင်း​တံ​တိုင်း သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ ဝင်​သော​နေ့​တွင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို ပူ​ဇော်​ရ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 28ထို​အ​ရာ​သည် ယဇ်​ပု​ရော​ဟိတ်​တို့၏​အ​မွေ​ဥ​စ္စာ​ဖြစ်​ရ​မည်။ ငါ​သည် သူ​တို့​အ​မွေ​ဥ​စ္စာ​ဖြစ်၏။ ဣ​သ​ရေ​လ​ပြည်၌ သူ​တို့​အား အ​မွေ​မြေ​ကို မ​ပေး​ရ။ ငါ​သည် သူ​တို့၏​အ​မွေ​မြေ​ဖြစ်၏။ #တော၊ ၁၈:၂၀။ 29ပူ​ဇော်​သော​မုန့်​ညက်​နှင့် အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကို စား​ရ​ကြ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား ကျိန်​ဆို၍ ပူ​ဇော်​သ​မျှ​တို့​ကို​လည်း သိမ်း​ယူ​ရ​ကြ​မည်။#တော၊ ၁၈:၈-၁၉။ 30အ​ဦး​သီး​သော အ​သီး​အ​မျိုး​မျိုး​နှင့်၊ ချီး​မြှောက်​ရာ ပူ​ဇော်​သ​ကာ​အ​လုံး​စုံ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​သည် သိမ်း​ယူ​ရ​မည်။ သူ​သည်​သင့်​အိမ်၌ ကောင်း​ကြီး​မင်္ဂ​လာ​ကို သက်​ရောက်​စေ​ခြင်း​ငှာ၊ အ​ဦး​နယ်​သော မုန့်​စိမ်း​ကို သူ၌​လှူ​ရ​မည်။ 31ငှက်​ဖြစ်​စေ၊ သား​ဖြစ်​စေ၊ အ​လို​လို​သေ​သော​အ​ကောင်၊ သား​ရဲ​ကိုက်၍ သေ​သော​အ​ကောင်​ကို ယဇ်​ပု​ရော​ဟိတ်​မ​စား​ရ။#ဝတ်၊ ၂၂:၈။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 44: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ