YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 39

39
ဂေါ​ဂ​မင်း​ကျ​ဆုံး​ခြင်း
1သို့​ဖြစ်၍၊ အ​ချင်း​လူ​သား၊ ဂေါ​ဂ​တစ်​ဖက်၌ ပ​ရော​ဖက်​ပြု၍ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ရော​ရှ၊ မေ​ရှက်၊ တု​ဗ​လ​ပြည်​တို့​ကို အ​စိုး​ရ​သော အို ဂေါ​ဂ​မင်း၊ ငါ​သည်​သင့်​တစ်​ဖက်၌​နေ၏။ 2သင့်​ကို ငါ​လှည့်၍ သွေး​ဆောင်​မည်။ မြောက်​မျက်​နှာ​မှ ချီ​လာ၍ ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်​သို့ ရောက်​စေ​မည်။ 3ထို​အ​ခါ သင့်​လက်​ဝဲ​လက်​မှ လေး​ကို​လည်း​ကောင်း၊ လက်​ယာ​လက်​မှ မြား​တို့​ကို​လည်း​ကောင်း၊ ငါ​ရိုက်၍​ကျ​စေ​မည်။ 4သင်​နှင့် သင်၌​ပါ​သော တပ်​သား​အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်​မှာ လဲ၍​သေ​ကြ​လိမ့်​မည်။ သင့်​ကို အ​မျိုး​မျိုး​သော ငှက်​ရဲ၊ သား​ရဲ​တို့ ကိုက်​စား​စ​ရာ​ဖို့ ငါ​အပ်​မည်။ 5သင်​သည် လွင်​ပြင်၌​လဲ၍ သေ​လိမ့်​မည်။ ငါ​ပြော​ပြီ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 6မာ​ဂေါ​ဂ​ပြည်​နှင့် ပင်​လယ်​ကမ်း​နား​မှာ ငြိမ်​ဝပ်​စွာ​နေ​သော သူ​တို့​အ​ပေါ်​သို့ မီး​ကို​ငါ​လွှတ်​လိုက်၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။ 7ထို​သို့ ငါ၏​နာ​မ​မြတ်​ကို ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ထင်​ရှား​စေ​မည်။ နောက်​တစ်​ဖန် သူ​တို့​သည် ငါ၏​နာ​မ​မြတ်​ကို မ​ရှုတ်​ချ​ရ​ကြ။ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို တစ်​ပါး​အ​မျိုး​သား​တို့ သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။
8တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​မှု​ရောက်​လေ​ပြီ။ ပြည့်​စုံ​လေ​ပြီ။ ယ​ခု​နေ့​ရက်​သည် ငါ​မိန့်​မြွက်​နှင့်​ပြီး​သော နေ့​ရက်​ဖြစ်၏။ 9ဣ​သ​ရေ​လ​မြို့​တို့၌​နေ​သော​သူ​တို့​သည် ထွက်​သွား၍၊ စစ်​တိုက်​လက်​နက်၊ ဒိုင်း၊ လွှား၊ လေး၊ မြား၊ တုတ်၊ လှံ​များ​ကို ခု​နစ်​နှစ်​ပတ်​လုံး မီး​ရှို့​ကြ​လိမ့်​မည်။ 10ထို​ကာ​လတွင် ဥ​ယျာဉ်၌ ထင်း​မ​ခွေ၊ တော၌​မ​ခုတ်​မ​လှဲ၊ စစ်​တိုက်​လက်​နက်​တို့​နှင့် မီး​မွေး​ကြ​လိမ့်​မည်။ ဖျက်​ဆီး​သော​သူ​တို့​ကို ဖျက်​ဆီး​ကြ​လိမ့်​မည်။ လု​ယူ​သော​သူ​တို့၏ ဥ​စ္စာ​ကို​လည်း​လု​ယူ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ဂေါ​ဂ​မင်း​ကို​သင်္ဂြိုဟ်​ခြင်း
11ထို​ကာ​လ​တွင် ဣ​သ​ရေ​လ​ပြည်၊ အိုင်​အ​ရှေ့၊ ခ​ရီး​သွား​ရာ​ချိုင့်၌ ထင်​ရှား​သော​သင်္ချိုင်း​ကို ဂေါ​ဂ​အား ငါ​ပေး​မည်။ ခ​ရီ​သွား​သော သူ​တို့​သည် နှာ​ခေါင်း​ကို ပိတ်​ရ​ကြ​လိမ့်​မည်။ ထို​အ​ရပ်၌ ဂေါ​ဂ​နှင့် သူ၏​လူ​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​ကို မြေ၌​မြှုပ်၍၊ ထို​ချိုင့်​သည် ဟာ​မုန်​ဂေါ​ဂ​ချိုင့်​အ​မည်​ဖြင့် တွင်​လိမ့်​မည်။ 12ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ပြည်​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ ခု​နစ်​နှစ်​ပတ်​လုံး မြေ၌​မြှုပ်​ကြ​လိမ့်​မည်။ 13ပြည်​သား​အ​ပေါင်း​တို့​သည် ဝိုင်း၍​မြေ၌​မြှုပ်​သ​ဖြင့်၊ ငါ၏​ဘုန်း​ပွင့်​သော ထို​နေ့​ရက်၌ သူ​တို့​သည်​လည်း ကျော်​စော​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 14အ​ရပ်​ရပ်​လှည့်​လည်၍ အ​ခြား​သော​ခ​ရီး​သည်​တို့​နှင့် ဝိုင်း​လျက်၊ မြေ​ပေါ်၌​ကြွင်း​သေး​သော အ​သေ​ကောင်​တို့​ကို မြှုပ်၍၊ ထို​ပြည်​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ အ​စဉ်​အ​မှု​စောင့်​သော သူ​တို့​ကို​ရွေး​ကောက်၍ ခန့်​ထား​ရ​ကြ​လိမ့်​မည်။ ထို​သူ​တို့​သည် ခု​နစ်​လ​မ​က​ရှာ​ဖွေ​ကြ​စဉ်​တွင်၊ 15လှည့်​လည်၍ ခ​ရီး​သွား​သော​သူ​တို့​သည် အ​သေ​ကောင်၏​အ​ရိုး​ကို​တွေ့​မြင်​လျှင်၊ မြေ၌​မြှုပ်​သော သူ​တို့​သည် ဟာ​မုန်​ဂေါ​ဂ​ချိုင့်၌ မ​မြှုပ်​မီ​တိုင်​အောင်၊ အ​ရိုး၏​အ​နား​မှာ မှတ်​တိုင်​ကို​စိုက်​ရ​ကြ​မည်။ 16ထို​အ​ရပ်၌ တည်​သော​မြို့​သည်​လည်း ဟာ​မုန်​မြို့​ဟူ၍​တွင်​သ​ဖြင့်၊ ထို​သို့​ပြည်​တော်​ကို သန့်​ရှင်း​စေ​ကြ​လိမ့်​မည်။
17အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ငှက်​အ​မျိုး​မျိုး​တို့​နှင့် မြေ​တိ​ရ​စ္ဆာန်​ခပ်​သိမ်း​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ စည်း​ဝေး၍​လာ​ကြ​လော့။ ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်၌ သင်​တို့​အ​ဖို့ ငါ​စီ​ရင်​သော​ယဇ်​ပွဲ​ကြီး​သို့ အ​ရပ်​ရပ်​တို့​က​စည်း​ဝေး၍၊ အ​သား​အ​သွေး​ကို သောက်​စား​ခြင်း​ငှာ လာ​ကြ​လော့။#ဗျာ၊ ၁၉:၁၇-၁၈။ 18သင်​တို့​သည် အား​ကြီး​သော​သူ​တို့၏​အ​သား၊ လော​ကီ​မင်း​တို့၏​အ​သွေး၊ ဗာ​ရှန်​ပြည်၌ ဆူ​အောင်​ကျွေး​သော သိုး​ထီး၊ ဆိတ်​ထီး၊ နွား​လား​ဥ​သ​ဘ​တို့၏ အ​သား​အ​သွေး​ကို သောက်​စား​ရ​ကြ​လိမ့်​မည်။ 19သင်​တို့​အ​ဖို့ ငါ​စီ​ရင်​သော​ယဇ်​ပွဲ၌ ဆီ​ဥ​ကို ဝ​စွာ စား​ရ​ကြ​လိမ့်​မည်။ အ​သွေး​နှင့် ယစ်​မူး​သည်​တိုင်​အောင် သောက်​ရ​ကြ​လိမ့်​မည်။ 20ထို​သို့​စား​ပွဲ၌ မြင်း၊ မြင်း​စီး​သူ​ရဲ၊ ခွန်​အား​ကြီး​သော​သူ၊ စစ်​တိုက်​သော​သူ​အ​မျိုး​မျိုး​တို့​ကို ဝ​စွာ​စား​ရ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ဣ​သ​ရေ​လ​ပြည်​ကို​ပြန်​လည်​ထူ​ထောင်
21ငါ့​ဘုန်း​ကို​လည်း တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ​ထင်​ရှား​စေ၍၊ ငါ​စီ​ရင်​သော​တ​ရား​မှု​နှင့်၊ သူ​တို့၌ ငါ​တင်​သော​လက်​ကို တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​သည် မြင်​ရ​ကြ​လိမ့်​မည်။ 22ငါ​သည်​သူ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​နေ့​မှ​စ၍ သိ​ရ​ကြ​လိမ့်​မည်။ 23ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​အ​မျိုး​တို့​အ​ပြစ်​ကြောင့် သိမ်း​သွား​ခြင်း​ခံ​ရ​ကြောင်း​ကို တစ်​ပါး​အ​မျိုး​သား​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ ငါ့​ကို​ပြစ်​မှား​သော​ကြောင့်၊ ငါ​သည် မျက်​နှာ​လွှဲ၍ ရန်​သူ​တို့​လက်​သို့​အပ်​သ​ဖြင့်၊ ထို​သူ​အ​ပေါင်း​တို့​သည် ဓား​ဖြင့်​လဲ၍ သေ​ရ​ကြ​ပြီ။ 24သူ​တို့​ညစ်​ညူး​သော​အ​မှု၊ လွန်​ကျူး​ခြင်း​အ​မှု​တို့​အ​တိုင်း ငါ​သည်​ပြု၍ မျက်​နှာ​ကို​လွှဲ​ပြီ။ 25ဤ​အ​မှု​တွင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော​ယာ​ကုပ်​အ​မျိုး​ကို ငါ​တစ်​ဖန်​ဆောင်​ခဲ့၍၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို ကယ်​မ​သ​နား​သ​ဖြင့်၊ ငါ၏​နာ​မ​မြတ်​အ​ဖို့​အ​လို​ငှာ စိတ်​အား​ကြီး​မည်။ 26သူ​တို့​ကို လူ​အ​မျိုး​မျိုး​ထဲ​က ငါ​ခေါ်​ခဲ့၍၊ 27ရန်​သူ​နေ​ရာ​ပြည်​တို့​မှ စု​ဝေး​စေ​လျက်၊ သူ​တို့​အား​ဖြင့် များ​စွာ​သော လူ​မျိုး​တို့​ရှေ့​မှာ ငါ​သည်​ချီး​မြှောက်​ခြင်း​သို့ ရောက်​သော​အ​ခါ၊ သူ​တို့​သည် ကြောက်​စေ​သော​သူ​မ​ရှိ၊ ငြိမ်​ဝပ်​စွာ​နေ​ကြ​စဉ်​တွင် ခံ​ရ​ဖူး​သော​အ​ရှက်​ကွဲ​ခြင်း​နှင့်၊ ငါ့​အား​ပြစ်​မှား​ခြင်း​အ​ပြစ်​များ​ကို အောက်​မေ့​ရ​ကြ​လိမ့်​မည်။ 28ငါ​သည် သူ​တို့​ကို တစ်​ပါး​အ​မျိုး​သား​တို့၏​သိမ်း​သွား​ခြင်း​ကို ခံ​စေ​သော​ကြောင့်​လည်း​ကောင်း၊ နောက်​တစ်​ဖန် နေ​ရင်း​ပြည်၌ စု​ဝေး​စေ၍ နေ​ရာ​ချ​သော​ကြောင့်​လည်း​ကောင်း၊ သူ​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။ 29ငါ​သည် ကိုယ်​ဝိ​ညာဉ်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါ်​သို့​သွန်း​လောင်း​သော​အ​ခါ၊ သူ​တို့​တွင် တစ်​ယောက်​ကို​မျှ နောက်​တစ်​ဖန် ငါ​မ​စွန့်​ပစ်၊ ငါ့​မျက်​နှာ​ကို​လည်း​မ​လွှဲ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 39: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ