ယေဇကျေလ 28
28
တုရုဘုရင်နှင့်ဆိုင်သောဗျာဒိတ်
1တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 2အချင်းလူသား၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို တုရုရှင်ဘုရင်အား ဆင့်ဆိုရမည်မှာ၊ သင်သည် ကိုယ်ကိုဘုရားသခင်ကဲ့သို့ ထင်မှတ်သော်လည်း ဘုရားသခင်မဟုတ်၊ လူသက်သက်ဖြစ်လျက်နှင့် ငါသည် ဘုရားဖြစ်၏။ ပင်လယ်အလယ်၌ ဘုရားပလ္လင်ပေါ်မှာ ငါထိုင်သည်ဟု ဝါကြွားသောစိတ်နှင့် ဆိုသည်ဖြစ်၍၊ 3သင်သည် ဒံယေလထက်သာ၍ ပညာရှိပါသည်တကား။ သင်မသိရအောင် သူတစ်ပါးဝှက်ထားနိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိ။ 4ကိုယ်ဉာဏ်ပညာအားဖြင့် ဥစ္စာရတတ်၏။ ရွှေငွေကို ဆည်းပူးပြီ။ 5ထူးဆန်းသော ပညာနှင့် ကုန်စလယ်များအားဖြင့် စည်းစိမ်ကြီး၍၊ ထိုစည်းစိမ်ကြောင့် စိတ်ဝါကြွားပြီ။ 6သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ကိုယ်ကို ဘုရားသခင်ကဲ့သို့ ထင်မှတ်သောကြောင့်၊ 7ကြောက်မက်ဖွယ်သော တစ်ကျွန်းတစ်နိုင်ငံသားတို့ကို သင်ရှိရာသို့ ငါပို့ဆောင်သဖြင့်၊ သူတို့သည် သင်၏ပညာဂုဏ်ကို ဓားနှင့်ခုတ်၍၊ သင်၏တင့်တယ်ခြင်း အသရေကိုရှုတ်ချကြလိမ့်မည်။ 8သင့်ကို မြေတွင်းထဲသို့နှိမ့်ချ၍၊ ပင်လယ်အလယ်၌ ဆုံးရှုံးသောသူကဲ့သို့ သင့်အသက်သည် ဆုံးရှုံးရလိမ့်မည်။ 9သင့်အသက်ကို သတ်သောသူတို့လက်တွင်၊ သင်သည် ဘုရားသခင်မဟုတ်၊ လူသက်သက်ဖြစ်လျက်နှင့်၊ ငါသည် ဘုရားဖြစ်သည်ဟု သင့်အသက်ကို သတ်သောသူတို့ရှေ့မှာ အမှန်ပြောလိမ့်မည်လော။ 10အရေဖျားလှီးခြင်း မခံသောလူသေသကဲ့သို့၊ သင်သည် တစ်ကျွန်းတစ်နိုင်ငံသားတို့ လက်ဖြင့်သေရမည်။ ငါပြောပြီဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
တုရုဘုရင်အတွက်မြည်တမ်းခြင်း
11တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 12အချင်းလူသား၊ တုရုရှင်ဘုရင်အတွက် မြည်တမ်းသော စကားကိုမြွက်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်သည် ထူးဆန်းသောတံဆိပ် ဖြစ်၏။ ပညာနှင့်ပြည့်စုံ၍ တင့်တယ်ခြင်းအသရေလည်း စုံလင်လျက်ရှိ၏။ 13ဧဒင်အရပ်၊ ဘုရားသခင်၏ ဥယျာဉ်တော်၌နေပြီ။ သင်၏ခေါင်းပေါ်မှာ ကျောက်နီ၊ ဥဿဖရား၊ စိန်၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ပတ္တမြား အစရှိသောကျောက်မြတ် အမျိုးမျိုးတို့ကို ဆောင်းလေ၏။ ရွှေဖြင့်လုပ်သော ပတ်သာ၊ ပုလွေတို့သည်လည်း၊ သင်ဖွားသောနေ့၌ပင် သင့်အဖို့ ပြင်ဆင်လျက်ရှိကြ၏။ 14သင်သည် ဖြန့်၍ လွှမ်းမိုးသောခေရုဗိမ်ဖြစ်လျက်၊ ငါ့အခွင့်နှင့် ဘုရားသခင်၏ သန့်ရှင်းသောတောင်ပေါ်မှာ နေရာကျ၍ မီးတောက်သော ကျောက်တို့တွင် သွားလာရ၏။ 15ဖွားသောနေ့မှစ၍ သင့်အပြစ်ထင်ရှားသောနေ့တိုင်အောင်၊ ပြုလေရာရာ၌ စုံလင်လျက်ရှိ၏။ 16သို့ရာတွင်၊ ကုန်သွယ်ခြင်း များပြားသောအားဖြင့်၊ အဓမ္မအမှုတို့နှင့် ပြည့်စုံ၍ ပြစ်မှားသောအပြစ် ရောက်လေပြီ။ ထိုကြောင့်၊ ဆိုးယုတ်သောသူကဲ့သို့၊ သင့်ကိုဘုရားသခင်၏ တောင်တော်ပေါ်က ငါနှင်ထုတ်မည်။ အို လွှမ်းမိုးသော ခေရုဗိမ်၊ မီးတောက်သော ကျောက်တို့အထဲက သင့်ကိုငါပယ်ရှင်းမည်။ 17သင်သည် ကိုယ်၌ တင့်တယ်ခြင်းအသရေကြောင့်၊ ဝါကြွားသောစိတ်ရှိလျက် ဂုဏ်ထွန်းတောက်သောကြောင့်၊ သင်၏ပညာသည် ဖောက်ပြန်လျက်ရှိလေပြီ။ ငါသည် သင့်ကို မြေတိုင်အောင်နှိမ့်ချမည်။ ရှင်ဘုရင်တို့သည် သင့်ကိုကြည့်ရှု၍ ဝမ်းမြောက်စေခြင်းငှာ၊ သူတို့ရှေ့မှာ သင့်ကိုငါချထားမည်။ 18သင့်အပြစ်သည် များပြား၍ ကုန်သွယ်ခြင်း အဓမ္မအားဖြင့်၊ သန့်ရှင်းရာဌာနတို့ကို ညစ်ညူးစေသောကြောင့်၊ သင့်ကိုမီးရှို့ဖို့ သင့်အလယ်၌ မီးကိုငါညှိမည်။ သင့်ကိုမြင်သော သူအပေါင်းတို့ရှေ့မှာ၊ သင်၏ပြာကို မြေပေါ်သို့ငါချထားမည်။ 19သင့်ကိုသိသောလူ အမျိုးမျိုးတို့သည် သင်၏အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ သင်သည် ကြောက်မက်ဖွယ် ဖြစ်လိမ့်မည်။ နောက်တစ်ဖန် မပေါ်လာရဟု မိန့်တော်မူ၏။
ဇိဒုန်မြို့နှင့်ဆိုင်သောဗျာဒိတ်
20တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊#ယောလ၊ ၃:၄-၈။ ဇာ၊ ၉:၁-၂။ မ၊ ၁၁:၂၁-၂၂။ လု၊ ၁၀:၁၃-၁၄။ 21အချင်းလူသား၊ သင်သည် ဇိဒုန်မြို့တစ်ဖက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ 22အရှင် ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ အို ဇိဒုန်မြို့၊ သင့်တစ်ဖက်၌ ငါနေ၏။ သင့်အလယ်၌ ငါ့ဘုန်းတန်ခိုးသည် ထင်ရှားလိမ့်မည်။ သင့်ကိုငါသည် အပြစ်ဒဏ်ပေး၍ ရိုသေခြင်းကိုခံရသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို လူများသိရကြလိမ့်မည်။ 23သင့်အပေါ်သို့ ကာလနာဘေးကိုလည်းကောင်း၊ သင်၏လမ်းတို့၌ ဓားဘေးကိုလည်းကောင်း၊ ငါစေလွှတ်၍၊ ပတ်လည်၌ တိုက်သောဓားဖြင့် သူရဲတို့သည် သင့်အလယ်၌လဲ၍ သေကြသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
ဣသရေလတို့အတွက်ကောင်းချီး
24ထိုအခါ ဣသရေလအမျိုး၏ ပတ်လည်၌နေ၍၊ မထီမဲ့မြင်ပြုသော သူတို့တွင် စူးတတ်သောဆူးပင်၊ နှောင့်ယှက်တတ်သောငြောင့် တစ်စုံတစ်ခုမျှ မကျန်ကြွင်းရ။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
25တစ်ဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့သည် ကွဲပြားလျက်နေသော လူအမျိုးမျိုးထဲက ငါခေါ်၍စုဝေးသောအခါ၊ သူတို့အားဖြင့် လူမျိုးများရှေ့၌ ရိုသေခြင်းကိုငါခံ၍၊ ငါ့ကျွန်ယာကုပ်အား ငါအရင်ပေးသောပြည်၌ သူတို့သည် နေကြလိမ့်မည်။ 26ထိုပြည်၌ စိုးရိမ်စရာမရှိ။ အိမ်ဆောက်ခြင်း၊ စပျစ်ဥယျာဉ်စိုက်ခြင်း အမှုကိုပြု၍ နေကြလိမ့်မည်။ သူတို့ ပတ်လည်၌နေ၍ မထီမဲ့မြင်ပြုသောသူအပေါင်းတို့ကို ငါသည် အပြစ်ဒဏ်စီရင်သောနောက် သူတို့သည် စိုးရိမ်စရာမရှိဘဲနေ၍၊ ငါသည် သူတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလ 28: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.