ယေဇကျေလ 25
25
အမ္မုန်ပြည်နှင့်ဆိုင်သည့်ဗျာဒိတ်
1တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊#ယေ၊ ၄၉:၁-၆။ ယေဇ၊ ၂၁:၂၈-၃၂။ အာ၊ ၁:၁၃-၁၅။ ဇေ၊ ၂:၈-၁၁။ 2အချင်းလူသား၊ သင်သည် အမ္မုန်အမျိုးသားတို့တစ်ဖက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ 3ဆင့်ဆိုရမည်မှာ၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ရှုတ်ချလျက်ရှိသော ငါ၏သန့်ရှင်းရာဌာနကိုလည်းကောင်း၊ လူဆိတ်ညံခြင်းသို့ရောက်သော ဣသရေလပြည်ကိုလည်းကောင်း၊ အေ့ဟေဟု သင်ဆိုမိသောကြောင့်၊ 4သင့်ကို အရှေ့ပြည်သားတို့အား ငါအပိုင်ပေးမည်။ သူတို့သည် သင်၏အထဲ၌ ဘုံဗိမာန်တို့ကို တည်ဆောက်၍ နေရာကျကြလိမ့်မည်။ သင်၏အသီးအနှံကိုစား၍ သင်၏နို့ကိုသောက်ကြလိမ့်မည်။ 5ရဗ္ဗာမြို့ကို ကုလားအုတ်တင်းကုပ်၊ အမ္မုန်ပြည်ကို သိုးကျက်စားရာငါဖြစ်စေမည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။ 6သင်သည် ဣသရေလပြည်ကို မနာလိုသောစိတ်အားကြီးလျက် လက်ခုပ်တီးခြင်း၊ ခြေနှင့်ဆောင့်ခြင်းကို ဝမ်းမြောက်စွာ ပြုသောကြောင့်၊ 7ငါသည် သင့်ကိုတိုက်၍၊ လူအမျိုးမျိုးလုယူဖို့ရာအပ်မည်။ လူနေရာအတိုင်းတိုင်းအပြည်ပြည်ထဲက သင့်ကို သုတ်သင်ပယ်ရှင်းမည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
မောဘပြည်နှင့်ဆိုင်သောဗျာဒိတ်
8တစ်ဖန် မောဘပြည်နှင့် စိရမြို့က၊ ယုဒအမျိုးသည် တစ်ပါးအမျိုးသားအပေါင်းတို့နှင့် တူသည်ဟုဆိုသောကြောင့်၊#ဟေရှာ၊ ၁၅:၁—၁၆:၁၄၊ ၂၅:၁၀-၁၂။ ယေ၊ ၄၈:၁-၄၇။ အာ၊ ၂:၁-၃။ ဇေ၊ ၂:၈-၁၁။ 9အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မောဘနံပါး၊ ပြည်စွန်းနားမှာ နိုင်ငံ၏ဘုန်းဖြစ်သော ဗက်ယေရှိမုတ်မြို့၊ ဗာလမောင်မြို့၊ ကိရယသိမ်မြို့တို့ကို ငါလှန်ထားမည်။ 10ထိုမြို့တို့ကို အမ္မုန်အမျိုးသားတို့နှင့်တကွ အရှေ့ပြည်သားတို့အား အပိုင်ပေးမည်။ အမ္မုန်ပြည်သားတို့ကို တိုင်းနိုင်ငံစုတွင် မမှတ်ရ။ 11မောဘပြည်ကိုလည်း ငါသည်အပြစ်ဒဏ်စီရင်၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဧဒုံပြည်နှင့်ဆိုင်သောဗျာဒိတ်
12တစ်ဖန်ဧဒုံပြည်သည် ချင်ရဲပြေစေခြင်းငှာ၊ ယုဒအမျိုးတစ်ဖက်၌နေ၍ အလွန်ပြစ်မှားသဖြင့်၊ အပြစ်ဒဏ်စီရင်သောကြောင့်၊#ဟေရှာ၊ ၃၄:၅-၁၇၊ ၆၃:၁-၆။ ယေ၊ ၄၉:၇-၂၂။ ယေဇ၊ ၃၅:၁-၁၅။ အာ၊ ၁:၁၁-၁၂။ သြ၊ ၁-၁၄။ မာလ၊ ၁:၂-၅။ 13အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဧဒုံပြည်ကိုငါတိုက်၍ လူနှင့် တိရစ္ဆာန်တို့ကိုပယ်ဖြတ်မည်။ တေမန်မြို့မှစ၍ လူဆိတ်ညံစေမည်။ ဒေဒန်မြို့တိုင်အောင် ဓားဖြင့်ဆုံးရကြလိမ့်မည်။ 14ငါ၏လူဣသရေလအမျိုးသားများအားဖြင့်၊ ဧဒုံပြည်ကိုငါ၏ ချင်ရဲပြေစေခြင်းငှာ ဒဏ်ပေးမည်။ သူတို့သည် ငါ၏အမျက်အရှိန် အားကြီးသည်အတိုင်း ဧဒုံပြည်ကိုပြုကြလိမ့်မည်။ ငါပေးသောအပြစ်ဒဏ်ကိုသိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
ဖိလိတ္တိနှင့်ဆိုင်သောဗျာဒိတ်
15တစ်ဖန် ဖိလိတ္တိလူတို့သည် အငြိုးထား၍ မနာလိုသောစိတ်အားကြီးသည်နှင့် ဒေါသအလိုကိုပြည့်စုံစွာပြု၍၊ ရှင်းရှင်းဖျက်ဆီးခြင်းငှာ အပြစ်ဒဏ်ပေးသောကြောင့်၊#ဟေရှာ၊ ၁၄:၂၉-၃၁။ ယေ၊ ၄၇:၁-၇။ ယောလ၊ ၃:၄-၈။ အာ၊ ၁:၆-၈။ ဇေ၊ ၂:၄-၇။ ဇာ၊ ၉:၅-၇။ 16အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဖိလိတ္တိလူတို့ကို ငါတိုက်၍ ခေရသိလူတို့ကို ပယ်ဖြတ်မည်။ ပင်လယ်ကမ်းနား၌ ကျန်ကြွင်းသောသူတို့ကို ဖျက်ဆီးမည်။ 17ပြင်းစွာသော ဆုံးမခြင်းနှင့်တကွ ကြီးစွာသောအပြစ်ဒဏ်ကို ပေးမည်။ ထိုသို့ ငါ၏ချင်ရဲပြေစေခြင်းငှာဒဏ်ပေးသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလ 25: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.