ယေဇကျေလ 13
13
ပရောဖက်မိုက်တို့ကိုရှုတ်ချခြင်း
1တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ 2အချင်းလူသား၊ ကိုယ်အလိုအလျောက်ပရောဖက်ပြု၍ ဟောပြောတတ်သော ဣသရေလအမျိုး ပရောဖက်တို့တစ်ဖက်၌ ဟောပြောလော့။ ထာဝရဘုရား၏ အမိန့်တော်ကိုနားထောင်ကြဟု သူတို့အားပြောလော့။ 3အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဘယ်အရာကိုမျှ မမြင်ဘဲ၊ ကိုယ်စိတ်အလိုသို့ လိုက်တတ်သော ပရောဖက်မိုက်တို့သည် အမင်္ဂလာရှိကြ၏။ 4အို ဣသရေလအမျိုး၊ သင်၏ပရောဖက်တို့သည် တော၌နေသော မြေခွေးနှင့်တူကြ၏။ 5ဣသရေလအမျိုးသည် ထာဝရဘုရား၏နေ့ရောက်မှ စစ်တိုက်၍ ခံနိုင်မည်အကြောင်း၊ သူတို့သည် မြို့ရိုးပျက်အပေါ်သို့ တက်၍၊ ပြုပြင်ခြင်းအမှုကို မပြုဘဲနေကြ၏။ 6အချည်းနှီးသောအရာကို မြင်ကြပြီ။ ထာဝရဘုရားစေလွှတ်တော်မမူဘဲ၊ ထာဝရဘုရား မိန့်တော်မူသည်ဟု ဆိုလျက်၊ လှည့်စား၍ ပရောဖက်ပြုကြပြီ။ ကိုယ်စကားပြည့်စုံမည်ဟု သူတစ်ပါးယုံစေခြင်းငှာ ပြုကြပြီ။ 7ငါမပြောဘဲ ထာဝရဘုရားမိန့်တော်မူသည်ဟု သင်တို့ဆိုလျက်၊ အချည်းနှီးသောအရာကို မြင်ကြပြီမဟုတ်လော။ လှည့်စား၍ ပရောဖက်ပြုကြပြီ မဟုတ်လော့။
8ထိုကြောင့် အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် အချည်းနှီးသောစကားကိုပြော၍ မုသားရူပါရုံကိုမြင်သောကြောင့် ငါသည် သင်တို့တစ်ဖက်၌နေ၏။ 9အချည်းနှီးသောအရာကိုမြင်၍ မုသားစကားကို ဟောပြောတတ်သော ပရောဖက်တို့ကို ငါဆီးတားသဖြင့်၊ သူတို့သည် ငါ၏ပရိသတ်စည်းဝေးရာသို့ မဝင်ရကြ။ ဣသရေလအမျိုး၏စာရင်း၌ သူတို့အမည်ကို မသွင်းရ။ ဣသရေလပြည်၌ နေရာမချရ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ 10ငြိမ်သက်ခြင်း မရှိသော်လည်း၊ ငြိမ်သက်ခြင်းရှိသည်ဟု သင်တို့ဆိုလျက်၊ ငါ၏လူတို့ကို လှည့်စားသောကြောင့်လည်းကောင်း၊ တစ်ယောက်ကား အုတ်ရိုးကိုတည်လျက်၊ တစ်ယောက်ကား အင်္ဂတေနှင့်မွမ်းမံလျက် ပြုသောကြောင့်လည်းကောင်း၊#ယေ၊ ၆:၁၄၊ ၈:၁၁။ 11ထိုအုတ်ရိုးသည် ပြိုလဲမည်ဟု အင်္ဂတေနှင့် မွမ်းမံသောသူတို့အား ပြောလော့။ မိုးရေလွှမ်းမိုးလိမ့်မည်။ ကြီးစွာသောမိုးသီး ကျလိမ့်မည်။ မိုးသက်မုန်တိုင်းတိုက်ဖျက်လိမ့်မည်။ 12ထိုအုတ်ရိုးသည် ပြိုလဲပြီးမှ၊ သင်တို့မွမ်းမံသော အင်္ဂတေသည် အဘယ်မှာရှိသနည်းဟု သင်တို့အား သူတစ်ပါးမေးလိမ့်မည် မဟုတ်လော။ 13ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်အမျက်ထွက်၍၊ သင်တို့အုတ်ရိုးကို မိုးသက်မုန်တိုင်းအားဖြင့်တိုက်၍ ဖျက်မည်။ ငါ၏ဒေါသအရှိန်ကြောင့် မိုးရေလွှမ်းမိုး၍၊ ကြီးစွာသောမိုးသီးနှင့် ဆုံးစေမည်။ 14ထိုသို့သင်တို့သည် အင်္ဂတေနှင့် မွမ်းမံသောအုတ်ရိုးကို မြေတိုင်အောင်ငါဖြိုချ၍ အမြစ်ကိုလှန်သဖြင့်၊ အုတ်ရိုးသည်လဲ၍ ဖိမိလျက်၊ သင်တို့သည် အသက်ဆုံးကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို ထိုအခါ သိရကြလိမ့်မည်။ 15ထိုသို့ အုတ်ရိုး၌လည်းကောင်း၊ အင်္ဂတေနှင့် မွမ်းမံသော သူတို့၌လည်းကောင်း၊ ငါသည်ကိုယ်အမျက်ကို ဖြေမည်။ အုတ်ရိုးမရှိ ဟူ၍လည်းကောင်း၊ အင်္ဂတေနှင့် မွမ်းမံသောသူတည်းဟူသော၊ 16ငြိမ်သက်ခြင်းမရှိသောအခါ ယေရုရှလင်မြို့အဖို့ ငြိမ်သက်ခြင်းရူပါရုံကိုမြင်၍ ဟောပြောသော ဣသရေလပရောဖက်များ မရှိကြဟူ၍လည်းကောင်း၊ သူတို့အားငါပြောမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
အမျိုးသမီးပရောဖက်အတုများကိုရှုတ်ချခြင်း
17ထိုမှတစ်ပါး၊ အချင်းလူသား၊ ကိုယ်အလိုအလျောက် ပရောဖက်ပြုသော သင်၏အမျိုးသမီးတို့တစ်ဖက်၌ မျက်နှာပြု၍၊ 18အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဟောပြောဆင့်ဆိုရမည်မှာ၊ အသက်ဝိညာဉ်တို့ကိုဖမ်းခြင်းငှာ ခပ်သိမ်းသောသူတို့၏နံပါး၌ ခေါင်းအုံးကိုထည့်၍၊ လူအကြီးအငယ်တို့ ခေါင်းပေါ်မှာ ဦးထုပ်တို့ကို တင်ထားသောမိန်းမတို့သည် အမင်္ဂလာရှိကြ၏။ ငါ့လူတို့၏ အသက်ဝိညာဉ်ကိုဖမ်း၍၊ ကိုယ်အသက်ဝိညာဉ်ကို သေခြင်းမှ ကယ်ချွတ်ကြလိမ့်မည်လော။ 19မုယောဆန် တစ်လက်ဆွန်းနှင့် မုန့်တစ်ဖဲ့ကိုရအံ့သောငှာ၊ ငါ၏လူတို့တွင် ငါ့ကိုရှုတ်ချကြလိမ့်မည်လော။ မုသားစကားကို နားထောင်တတ်သော ငါ၏လူတို့အား မုသားစကားကို ပြောသောအားဖြင့်၊ မသေအပ်သော သူတို့၏အသက်ကိုသတ်၍၊ မရှင်အပ်သောသူတို့ကို အသက်ချမ်းသာပေးကြလိမ့်မည်လော။ 20ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် အသက်ဝိညာဉ်တို့ကို ရအောင်ဖမ်းလျက်၊ သုံးတတ်သော ခေါင်းအုံးတို့ကို ငါသည် ရန်ဘက်ပြု၍ သင်တို့နံပါးမှ ဆွဲနုတ်ပြီးလျှင်၊ သင်တို့ရအောင်ဖမ်းသော အသက်ဝိညာဉ်တို့ကို ငါလွှတ်လိုက်မည်။ 21သင်တို့ဦးထုပ်တို့ကိုလည်း ငါဆုတ်၍၊ ငါ၏လူတို့ကို သင်တို့လက်မှ ကယ်နုတ်မည်။ နောက်တစ်ဖန် သူတို့သည် အဖမ်းခံ၍၊ သင်တို့လက်သို့ မရောက်ရကြ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ 22ငါမညှိုးငယ်စေသော လူကောင်းတို့ကို သင်တို့သည် မုသားစကားအားဖြင့် ညှိုးငယ်စေသောကြောင့်လည်းကောင်း၊ လူဆိုးတို့သည် ဆိုးသောလမ်းကို မရှောင်စေခြင်းငှာ အသက်ချမ်းသာပေး၍၊ သူတို့ကို ခိုင်မာစေသောကြောင့်လည်းကောင်း၊ 23နောက်တစ်ဖန် သင်တို့သည် အချည်းနှီးသောအရာကို မမြင်ရကြ။ ပရောဖက်ပြု၍ မဟောရကြ။ ငါ၏လူတို့ကို သင်တို့လက်မှ ငါကယ်နုတ်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလ 13: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.