ကြည့်ရှုလော့။ လမ်းခရီး၌ သင့်ကိုစောင့်ရှောက်၍၊ ငါပြင်ဆင်နှင့်သောအရပ်သို့ ပို့စေခြင်းငှာ၊ ကောင်းကင်တမန်ကို သင့်ရှေ့၌ငါစေလွှတ်၏။ ထိုတမန်ကို ရိုသေစွာပြုလော့။ စကားတော်ကို နားထောင်လော့။ အာဏာတော်ကို မဆန်နှင့်။ သင်တို့ပြစ်မှားသောအပြစ်ကို သူသည်မလွှတ်။ ငါ့နာမသည် သူ၌တည်ရှိ၏။ အကယ်စင်စစ် သင်သည်သူ့စကားကို နားထောင်၍ ငါပညတ်သမျှအတိုင်းပြုလျှင်၊ သင်၏ရန်သူတို့ကို ငါသည်ရန်ဘက်ပြုမည်။ သင့်ကို ဆီးတားသောသူတို့ကိုလည်း ငါဆီးတားမည်။ ငါ့တမန်သည် သင့်ရှေ့၌သွား၍ သင့်ကို အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ရှိရာသို့ ဆောင်သွင်း၍၊ သူတို့ကို ပယ်ရှင်းမည်။ သူတို့ဘုရားများကို ဦးမချဝတ်မပြုရ။ သူတို့ဘာသာအတိုင်း မကျင့်ရ။ သူတို့ကို အကုန်အစင်မှောက်လှဲ၍၊ ရုပ်တုဆင်းတုများကိုလည်း ရှင်းရှင်းဖြိုဖျက်ရမည်။ သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို ဝတ်ပြုရမည်။ သင်၏မုန့်ကိုလည်းကောင်း၊ ရေကိုလည်းကောင်း၊ ကောင်းချီးပေးတော်မူမည်။ အနာရောဂါကိုလည်း သင်၏အထဲက နုတ်ယူပယ်ရှားတော်မူမည်။ သင်၏ပြည်တွင် ကိုယ်ဝန်ပျက်သောသတ္တဝါ၊ မြုံသော သတ္တဝါနှင့် ကင်းလွတ်လိမ့်မည်။ သင်၏အသက်တန်းကို ငါစုံလင်စေမည်။ ငါ့ကိုကြောက်တတ်သောသဘောကို သင့်ရှေ့သို့ငါစေလွှတ်၍၊ သင်ရောက်လေရာရာအရပ်၌ ခပ်သိမ်းသောလူမျိုးကို ငါဖျက်ဆီးမည်။ သင်၏ရန်သူအပေါင်းတို့ကို နောက်သို့လှည့်စေမည်။ ပျားတူများကိုလည်း သင့်ရှေ့သို့ငါစေလွှတ်၍၊ သူတို့သည် ဟိဝိလူ၊ ခါနနိလူ၊ ဟိတ္တိလူတို့ကို သင့်ရှေ့မှာနှင်ထုတ်ကြလိမ့်မည်။ ထိုလူများကို တစ်နှစ်ချင်းတွင် သင့်ရှေ့မှာငါမနှင်ထုတ်။ သို့ပြုလျှင် ပြည်သည် လူဆိတ်ညံ၍ သားရဲသည်သင့်တစ်ဖက်၌ များပြားလိမ့်မည်။ သင်သည်တိုးပွား၍ တစ်ပြည်လုံးကို ဝင်စားသည်တိုင်အောင်၊ သူတို့ကို သင့်ရှေ့မှာ ဖြည်းဖြည်းငါနှင်ထုတ်မည်။ သင့်နေရာနယ်အပိုင်းအခြားကို၊ ဧဒုံပင်လယ်မှသည် ဖိလိတ္တိပင်လယ်တိုင်အောင်လည်းကောင်း၊ တောမှသည်မြစ်တိုင်အောင်လည်းကောင်း ငါမှတ်သားမည်။ ထိုအရပ်သားများကို သင့်လက်သို့ငါအပ်၍၊ သင်သည် နှင်ထုတ်ရလိမ့်မည်။ သူတို့နှင့်လည်းကောင်း၊ သူတို့ဘုရားများနှင့်လည်းကောင်း၊ သင်သည်မိတ်သဟာယမဖွဲ့ရ။ သင်သည် ငါ့ကိုပြစ်မှားစေခြင်းငှာ၊ သူတို့သည်ပြုမည်ကို စိုးရိမ်စရာရှိသောကြောင့်၊ သူတို့သည် သင့်ပြည်၌မနေရကြ။ သင်သည် သူတို့ဘုရားကိုဝတ်ပြုလျှင်၊ ထိမိ၍လဲစရာအကြောင်းအမှန် ဖြစ်လိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။
ထွက်မြောက်ရာ 23 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ထွက်မြောက်ရာ 23:20-33
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ