သင်သည် မှားသောသတင်းစကားကို မကြားမပြောရ။ မတရားသောသူတို့နှင့် ဝိုင်းညီ၍ မမှန်သောသက်သေကိုမခံရ။ လူများနောက်သို့လိုက်၍ မတရားသဖြင့်မပြုရ။ တရားတွေ့သည်အမှုမှာ ကြီးသောသူဘက်၌နေ၍၊ တရားလမ်းမှ လွဲစေခြင်းငှာမပြောရ။ ဆင်းရဲသောသူဘက်၌လည်း မငဲ့ကွက်ရ။ သင်သည် ရန်သူ၏မြင်းနွား လမ်းလွဲသည်ကို တွေ့မြင်လျှင်၊ အမှန်ပြန်ပို့ရမည်။ သင့်ကို မုန်းသောသူ၏မြည်းသည်၊ မိမိဆောင်ရွက်သော ဝန်အောက်မှာ လဲနေသည်ကို တွေ့မြင်လျှင်၊ မ မစဘဲနေနိုင်သလော။ အမှန်ဝိုင်းညီ၍ မစရမည်။ သင်၌ ဆင်းရဲသောသူသည် တရားတွေ့သောအခါ၊ သူ့ကို မတရားသဖြင့်မစီရင်ရ။ မဟုတ်မမှန်သောအမှုကို ရှောင်ရမည်။ အပြစ်မရှိသောသူ၊ ဖြောင့်မတ်သောသူကို မကွပ်မျက်ရ။ အကြောင်းမူကား၊ ငါသည်မတရားသောသူကို အပြစ်မလွှတ်။ သင်သည် တံစိုးမစားရ။ တံစိုးသည် ပညာရှိတို့၏မျက်စိကိုကွယ်စေ၍၊ ဖြောင့်မတ်သောသူတို့၏စကားကို လွဲစေတတ်၏။ တစ်ကျွန်းတစ်နိုင်ငံသားဖြစ်သော ဧည့်သည်ကို မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ခဲ့ဖူးသောကြောင့်၊ ဧည့်သည်၏စိတ်သဘောကို သိကြ၏။ ခြောက်နှစ်ပတ်လုံးလယ်လုပ်၍ အသီးကိုသိမ်းရမည်။ သတ္တမနှစ်တွင် လယ်ကိုမလုပ်ဘဲ အလွတ်ထားရမည်။ သို့ပြုလျှင် ဆင်းရဲသောအမျိုးသားချင်းတို့သည်၊ စားရသောအခွင့်ရှိလိမ့်မည်။ ကြွင်းသောအရာကိုလည်း၊ မြေတိရစ္ဆာန်တို့သည် စားရကြလိမ့်မည်။ ထိုနည်းတူ၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်ကိုလည်း ပြုရမည်။ ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေရမည်။ သို့ပြုလျှင် သင်၏နွားမြည်းတို့သည် ငြိမ်ဝပ်စွာနေရသောအခွင့် ရှိလိမ့်မည်။ သင်၏ ငယ်သားများ၊ ဧည့်သည်များတို့လည်း သက်သာရကြလိမ့်မည်။ ငါပညတ်သမျှတို့၌ သတိပြုကြလော့။ အခြားသောဘုရား၏နာမကို မမြွက်မဆိုနှင့်။ သင်၏နှုတ်ထဲကမြွက်သံကို သူတစ်ပါးမကြားစေနှင့်။ တစ်နှစ်တွင်သုံးကြိမ် ငါ့အဖို့ပွဲခံရမည်။ ငါမှာထားခဲ့ပြီးသည်အတိုင်း၊ အဗိဗလ ချိန်းချက်သောနေ့ရက်အချိန်၌ အဇုမပွဲကိုခံ၍၊ ခုနစ်ရက်ပတ်လုံး တဆေးမဲ့သောမုန့်ကို စားရမည်။ အကြောင်းမူကား၊ ထိုလတွင် သင်သည် အဲဂုတ္တုပြည်ကထွက်လာသတည်း။ ထိုပွဲကိုခံစဉ် ငါ့ထံသို့အဘယ်သူမျှ လက်ချည်းမပေါ်မလာရ။ လယ်လုပ်၍ အသီးအနှံကိုသိမ်းစရှိသည်ကာလ၊ သိမ်းပွဲကိုလည်းကောင်း၊ လယ်လုပ်၍ အသီးအနှံကို သိုထားသည်ကာလ၊ နှစ်လဲသောအခါ၊ သိုထားပွဲကိုလည်းကောင်း ခံရမည်။ သင်တို့တွင် ယောက်ျားအပေါင်းတို့သည်၊ တစ်နှစ်လျှင်သုံးကြိမ် ထာဝရအရှင်ဘုရားသခင့်ရှေ့တော်၌ မျက်နှာပြရကြမည်။ ငါ့ယဇ်ကောင်၏အသွေးကို၊ တဆေးပါသောမုန့်နှင့်ရော၍ မပူဇော်ရ။ ငါ့ယဇ်ကောင်ဆီဥကို နံနက်တိုင်အောင် မကြွင်းစေရ။ သင်၏မြေ၌ အဦးသီးသောအသီးအနှံ အကောင်းဆုံးကို၊ သင်၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်ထဲသို့ ဆောင်သွင်းရမည်။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။
ထွက်မြောက်ရာ 23 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ထွက်မြောက်ရာ 23:1-19
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ