YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 2:1-14

ထွက်မြောက်ရာ 2:1-14 JBMLE

ထို​ကာ​လ၌ လေ​ဝိ​အ​မျိုး​သား​တစ်​ယောက်​သည်၊ လေ​ဝိ​အ​မျိုး​သ​မီး​နှင့် အိမ်​ထောင်​ဘက်​ပြု​၍၊ မိန်း​မ​သည်​ပ​ဋိ​သ​န္ဓေ​ယူ​သ​ဖြင့် သား​ယောက်ျား​ကို​ဖွား​မြင်​လေ၏။ ထို​သား​သည် အ​ဆင်း​လှ​ကြောင်း​ကို​အ​မိ​မြင်​လျှင်၊ သုံး​လ​ပတ်​လုံး​ဝှက်​ထား​လေ​၏။ နောက်​တစ်​ဖန်​ဝှက်၍​မ​ထား​နိုင်​သော​အ​ခါ၊ ဂ​မာ​ကိုင်း​ပင်​ဖြင့် ရက်​သော​ပု​ခက်​ကို​ယူ၍ ရေ​ညှိ​နှင့်​သစ်​စေး​ဖြင့်​လူး​ပြီး​လျှင်၊ ပု​ခက်​ထဲ​တွင် သူ​ငယ်​ကို​ထည့်​၍ မြစ်​ကမ်း​နား​ကိုင်း​တော၌ ထား​လေ​၏။ သူ​ငယ်​အစ်​မ​လည်း အ​ဘယ်​သို့​ဖြစ်​မည်​ကို​သိ​မြင်​ခြင်း​ငှာ အ​ဝေး၌​ရပ်​နေ​လေ​၏။ ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​သည် ရေ​ချိုး​ခြင်း​ငှာ​ဆင်း​လာ၍၊ ကျွန်​မ​တို့​နှင့် မြစ်​ကမ်း​နား၌​လှည့်​လည်​စဉ်၊ ကိုင်း​တော၌​ပု​ခက်​ကို​မြင်၍ ဆောင်​ယူ​စေ​ခြင်း​ငှာ ကျွန်​မ တစ်​ယောက်​ကို​စေ​လွှတ်​လေ​၏။ ပု​ခက်​ဖုံး​ကို​ဖွင့်​သော​အ​ခါ၊ ငို​လျက်​နေ​သော​သူ​ငယ်​ကို​မြင်၍၊ သ​နား​သော​စိတ်​ရှိ​လျှင်၊ ဤ​သူ​ငယ်​သည် ဟေ​ဗြဲ​အ​မျိုး​ဖြစ်​လိမ့်​မည်​ဟု​ဆို​ပြီး​သော်၊ သူ​ငယ်၏​အစ်​မ​က၊ ကိုယ်​တော်​အ​တွက် သူ​ငယ်​ကို​ထိန်း​ရ​သော ဟေ​ဗြဲ​အ​ထိန်း​ကို ကျွန်​မ​သွား၍​ခေါ်​ရ​ပါ​မည်​လော​ဟု ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​အား မေး​လျှောက်​၍၊ မင်း​သ​မီး​က​သွား​လော့​ဟု အ​ခွင့်​ပေး​လျှင်၊ မိန်း​မ​ငယ်​သွား​၍ သူ​ငယ်၏​အ​မိ​ကို​ခေါ်​လေ​၏။ ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​က၊ ဤ​သူ​ငယ်​ကို​ယူ​သွား၍ ငါ့​ဖို့​ထိန်း​လော။ အ​ခ​ကို ငါ​ပေး​မည်​ဟု​မှာ​ထား​သည်​အ​တိုင်း၊ ထို​မိန်း​မ​သည် သူ​ငယ်​ကို​ယူ​သွား၍ ထိန်း​လေ၏။ သူ​ငယ်​ကြီး​ပွား​သော​အ​ခါ၊ ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​ထံ​သို့ ပို့​ဆောင်၍ မင်း​သ​မီး​သည် သား​အ​ရာ၌​ခန့်​ထား​လျက်၊ မော​ရှေ​အ​မည်​ဖြင့်​မှည့်၏။ အ​ကြောင်း​မူ​ကား၊ ရေ​ထဲ​က​ငါ​နုတ်​ယူ​သည်​ဟု ဆို​သ​တည်း။ မော​ရှေ​သည်​ကြီး​သော​အ​ခါ၊ မိ​မိ​အ​မျိုး​သား​ချင်း​တို့​ရှိ​ရာ​သို့​သွား၍ သူ​တို့​အ​မှု​ထမ်း​ရ​သော​အ​ခြင်း​အ​ရာ​တို့​ကို ကြည့်​ရှု​လေ၏။ မိ​မိ​အ​မျိုး​သား​ဟေ​ဗြဲ လူ​တစ်​ယောက်​ကို၊ အဲ​ဂု​တ္တု​လူ​ရိုက်​သည်​ကို​မြင်​လျှင်၊ ပတ်​လည်​ကြည့်​ရှု၍ အ​ဘယ်​သူ​မျှ​မ​ရှိ​သည်​ကို​သိ​သော​အ​ခါ၊ အဲ​ဂု​တ္တု​လူ​ကို​သတ်၍ သဲ​ထဲ၌​မြှုပ်​ထား​လေ​၏။ နက်​ဖြန်​နေ့၌​ထွက်​ပြန်​သော်၊ ဟေ​ဗြဲ​လူ​နှစ်​ယောက်​တို့​သည် အ​ချင်း​ချင်း​သတ်​ကြ​သည်​ကို​မြင်​လျှင်၊ သင်​သည်​သင်​၏​အ​ပေါင်း​အ​ဖော်​ကို အ​ဘယ်​ကြောင့်​ရိုက်​သ​နည်း​ဟု ညှဉ်း​ဆဲ​သော​သူ​အား​မေး​သည်​ရှိ​သော်၊ ထို​သူ​က၊ အ​ဘယ်​သူ​သည်​သင့်​ကို ငါ​တို့​အ​ပေါ်​မှာ အ​ကဲ​အ​မှူး တ​ရား​သူ​ကြီး​အ​ရာ၌​ခန့်​ထား​သ​နည်း။ အဲ​ဂု​တ္တု​လူ​ကို​သတ်​သ​ကဲ့​သို့ ငါ့​ကို သတ်​လို​သ​လော​ဟု​ပြန်​ဆို၏။ ထို​အ​ခါ မော​ရှေ​သည် မိ​မိ​ပြု​သော​အ​မှု​ထင်​ရှား​ပြီ​ဟု သိ၍​ကြောက်​လေ၏။