YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 15:1-21

ထွက်မြောက်ရာ 15:1-21 JBMLE

ထို​အ​ခါ မော​ရှေ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​သော စ​ကား​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည်​ဘုန်း​ပွင့်​လျက် အောင်​ပွဲ​ခံ​တော်​မူ​သည်​ဖြစ်၍၊ ကိုယ်​တော်​အား​သီ​ချင်း​ဆို​ပါ​အံ့။ မြင်း​နှင့် မြင်း​စီး​သူ​ရဲ​ကို ပင်​လယ်​ထဲ​သို့​လှဲ​ချ​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အ​စွမ်း​သ​တ္တိ၊ ငါ​သီ​ချင်း​ဆို​ကြောင်း၊ ငါ့​ကို​ကယ်​တင်​သော အ​ရှင်​ဖြစ်​တော်​မူ၏။ ထို​ဘု​ရား​သည် ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၍၊ ထော​မ​နာ​ပြု​ပါ​မည်။ ငါ့​ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၍၊ ငါ​ချီး​မြှောက်​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် စစ်​သူ​ရဲ​ဖြစ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော နာ​မ​တော်​ရှိ​တော်​မူ၏။ ဖာ​ရော​ဘု​ရင်၏​ရ​ထား​နှင့် ဗိုလ်​ခြေ​တို့​ကို ပင်​လယ်​ထဲ​သို့​လှဲ​ချ​တော်​မူ​ပြီ။ ရွေး​သော​ဗိုလ်​မင်း​တို့​သည်၊ ဧ​ဒုံ​ပင်​လယ်​ထဲ၌ မြုပ်​လျက်​ရှိ​ကြ​၏။ နက်​စွာ​သော​အ​ရပ်၌ လွှမ်း​မိုး​လျက်​ရှိ​ကြ၏။ ကျောက်​ကဲ့​သို့ အောက်​သို့​ဆင်း​ကြ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ လက်​ယာ​လက်​တော်​သည် တန်​ခိုး​အား​ဖြင့်​ဘုန်း​ကြီး​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ လက်​ယာ​လက်​တော်​သည် ရန်​သူ​တို့​ကို ချိုး​ဖဲ့​ဖျက်​ဆီး​တော်​မူ​၏။ ကိုယ်​တော် တစ်​ဖက်၌​ထ​သော​သူ​တို့​ကို၊ ဘုန်း​တန်​ခိုး​အာ​နု​ဘော်​တော်​တို့​နှင့် လှဲ​တော်​မူ၏။ အ​မျက်​တော်​ကို​လွှတ်၍၊ သူ​တို့​ကို​အ​မှိုက်​ကဲ့​သို့ မီး​လောင်​စေ​တော်​မူ​၏။ နှာ​ခေါင်း​တော်​လေ​အား​ဖြင့် ရေ​သည်​စု​ဝေး၍၊ စီး​သော​ရေ​သည်​ပုံ့​ပုံ့​ကြွ၍၊ ပင်​လယ်၏​အ​ထဲ၌​ပင် နက်​သော​ရေ​သည်​တောင့်​မာ​လျက်​နေ​ရ၏။ ရန်​သူ​က၊ ငါ​လိုက်​မည်။ သူ​တို့​ကို​မီ​လိမ့်​မည်။ လု​ယူ​သော​ဥ​စ္စာ​ကို​ဝေ၍ သူ​တို့၌ ငါ​ချင်​ရဲ​ပြေ​လိမ့်​မည်။ ဓား​ကို​အိမ်​မှ​ထုတ်၍ သူ​တို့​ကို ငါ့​လက်​နှင့်​ဖျက်​ဆီး​မည်​ဟု ဆို​သ​တည်း။ ကိုယ်​တော်​သည် လေ​ကို​မှုတ်​တော်​မူ​သ​ဖြင့်၊ ပင်​လယ်​သည် သူ​တို့​ကို လွှမ်း​မိုး၍ သူ​တို့​သည်​အား​ကြီး​သော​ရေ​ထဲ​မှာ ခဲ​ကဲ့​သို့​ဆင်း​ကြ​လေ​၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ဘု​ရား​များ​တို့​တွင် အ​ဘယ်​မည်​သော​ဘု​ရား​သည် ကိုယ်​တော်​နှင့်​တူ​ပါ​သ​နည်း။ သန့်​ရှင်း​ခြင်း​အား​ဖြင့် ဘုန်း​ကြီး​တော်​မူ​ထ​သော၊ ချီး​မွမ်း​ခြင်း​ကို​ခံ​စဉ်​တွင်၊ ကြောက်​မက်​ဖွယ်​ဖြစ်​တော်​မူ​ထ​သော၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြု​တော်​မူ​သော၊ ကိုယ်​တော်​နှင့် အ​ဘယ်​ဘု​ရား​တူ​ပါ​သ​နည်း။ လက်​ယာ​လက်​တော်​ကို​ဆန့်​တော်​မူ​သ​ဖြင့်၊ သူ​တို့​ကို​မြေ​မျို​လေ၏။ ရွေး​တော်​မူ​သော​လူ​မျိုး​ကို က​ရု​ဏာ​တော်​အား​ဖြင့် ပို့​ဆောင်​တော်​မူ၏။ သန့်​ရှင်း​သော​နေ​တော်​မူ​ရာ​သို့ တန်​ခိုး​တော်​အား​ဖြင့် လမ်း​ပြ​တော်​မူ​၏။ လူ​မျိုး​တို့​သည်​သ​တင်း​ကြား​၍ ကြောက်​လန့်​ကြ​လိမ့်​မည်။ ပါ​လေ​တ္တိ​န​ပြည်​သူ​ပြည်​သား​တို့​သည် ပူ​ပန်​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။ ဧ​ဒုံ​ဗိုလ်​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း၊ မော​ဘ​သူ​ရဲ​တို့​သည် တုန်​လှုပ်​ခြင်း၊ ခါ​နာန်​ပြည်​သား​အ​ပေါင်း​တို့​သည် စိတ်​ပျက်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လူ​တို့​သည်​လွန်​သွား​သော​အ​ခါ၊ ရွေး​တော်​မူ​သော​ကိုယ်​တော်၏​လူ​တို့​သည် လွန်​သွား​သော​အ​ခါ၊ ထို​လူ​အ​မျိုး​မျိုး​တို့​သည် ကြောက်​သော​စိတ်၊ ထိတ်​လန့်​သော​စိတ်​အား​ကြီး၍ လက်​ရုံး​တော်​တန်​ခိုး​ကြောင့်၊ သူ​တို့​သည်​ကျောက်​ကဲ့​သို့ ငြိမ်​ငြိမ်​နေ​ကြ​လိမ့်​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​မွေ​ခံ​တော်​မူ​ရာ​တောင်​တည်း​ဟူ​သော ကျိန်း​ဝပ်​တော်​မူ​ရာ​ဖို့ ဖန်​ဆင်း​တော်​မူ​သော​အ​ရပ်​ထဲ​သို့ ကိုယ်​တော်၏​လူ​တို့​ကို သွင်း​တော်​မူ​လိမ့်​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ လက်​တော်​နှင့်​တည်​တော်​မူ​သော သန့်​ရှင်း​ရာ​ဌာ​န​တော်၌ နေ​ရာ​ချ​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ကာ​လ​အ​စဉ်​အ​မြဲ​စိုး​စံ​တော်​မူ​စေ​သ​တည်း​ဟု သီ​ချင်း​ဆို​ကြ​လေ​၏။ အ​ကြောင်း​မူ​ကား၊ ဖာ​ရော​ဘု​ရင်၏​မြင်း​များ၊ ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​တို့​သည် ပင်​လယ်​ထဲ​သို့​ဝင်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​ပေါ်​မှာ ပင်​လယ်​ရေ​ကို​လွှမ်း​မိုး​စေ​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား၊ ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ​လျှောက်​သွား​ကြ၏။ အာ​ရုန်၏​အစ်​မ​ဖြစ်​သော ပ​ရော​ဖက်​မ​မိ​ရိ​အံ​သည် ပတ်​သာ​ကို​ကိုင်၍၊ မိန်း​မ​အ​ပေါင်း​တို့​သည် ပတ်​သာ​တီး​လျက် က​လျက်​လိုက်​သွား​ကြ​၏။ မိ​ရိ​အံ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​ပွင့်​လျက် အောင်​ပွဲ​ကို ခံ​တော်​မူ​သည်​ဖြစ်၍၊ ကိုယ်​တော်​အား​သီ​ချင်း​ဆို​ကြ​လော့။ မြင်း​နှင့် မြင်း​စီး​သူ​ရဲ​ကို ပင်​လယ်​ထဲ​သို့​လှဲ​ချ​တော်​မူ​ပြီ​ဟု သူ​တို့​နှင့်​အ​သံ​ပြိုင်၍​ဆို​လေ​၏။