ရှင်ဘုရင်အမိန့်တော်အတိုင်း စီရင်ရသောအချိန်နီး၍၊ ယုဒအမျိုး၏ ရန်သူတို့က၊ ငါတို့နိုင်မည်ဟု မျှော်လင့်သောနေ့၊ အမှုပြောင်းလဲ၍ ယုဒလူတို့သည် မနာလိုသောသူတို့ကို နိုင်သော နေ့ရက်တည်းဟူသော အာဒါမည်သော ဒွါဒသမလ တစ်ဆယ်သုံးရက်နေ့တွင်၊ ရှင်ဘုရင်အာရွှေရု၏ နိုင်ငံတော် အပြည်ပြည် အမြို့မြို့၌နေသော ယုဒလူတို့သည်၊ ညှဉ်းဆဲလိုသော သူတို့ကို ဆီးတားခြင်းငှာ စုဝေးကြ၏။ ပြည်သူပြည်သား အပေါင်းတို့သည် ကြောက်ရွံ့သောကြောင့်၊ အဘယ်သူမျှ ရန်မပြုဝံ့ဘဲ နေကြ၏။ အပြည်ပြည်ကို အုပ်စိုးသောမင်း၊ ကိုယ်စားတော်မင်း၊ မြို့ဝန်မင်း၊ အမှုတော်စောင့် အရာရှိအပေါင်းတို့သည် မော်ဒကဲကို ကြောက်ရွံ့သောကြောင့်၊ ယုဒလူတို့ကို မစကြ၏။ အကြောင်းမူကား၊ မော်ဒကဲသည် နန်းတော်တွင် ဘုန်းကြီးလျက်၊ အတိုင်းတိုင်းအပြည်ပြည်၌ သတင်းနှံ့ပြား၍၊ တစ်နေ့ထက်တစ်နေ့ ကြီးမြင့်ရာသို့ ရောက်သတည်း။ ထိုနေ့တွင် ယုဒလူတို့သည် ရန်သူအပေါင်းတို့ကို ဓားနှင့်လုပ်ကြံသတ်ဖြတ် ဖျက်ဆီး၍၊ မနာလိုသောသူတို့၌ ပြုချင်သမျှပြုကြ၏။ ရှုရှန်မြို့တော်၌ လူငါးရာတို့ကို လုပ်ကြံသတ်ဖြတ်ကြ၏။ ယုဒအမျိုး၏ရန်သူ ဟမ္မေဒါသသားဖြစ်သော ဟာမန်၏သား တစ်ကျိပ်တည်းဟူသော ပါရှန္ဒာသ၊ ဒါလဖုန်၊ အာသပါသ၊ ပေါရသ၊ အာဒလိ၊ အာရိဒါသ၊ ပါမရှာတ၊ အရိသဲ၊ အရိဒဲ၊ ဝါဇေဇာသတို့ကိုလည်း သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲနေကြ၏။ ထိုနေ့၌ ရှုရှန်မြို့တော်တွင် သေသောသူစာရင်းကို ရှင်ဘုရင်ရှေ့တော်မှာ ပြကြ၏။ ရှင်ဘုရင်သည် မိဖုရားဧသတာကို ခေါ်၍၊ ယုဒလူတို့သည် ရှုရှန်မြို့တော်၌ ဟာမန်သားတစ်ကျိပ်နှင့်တကွ လူငါးရာတို့ကို လုပ်ကြံသတ်ဖြတ် ကြပြီ။ နိုင်ငံတော်တွင် အခြားသော အပြည်ပြည်တို့၌ အဘယ်သို့ ပြုကြပြီနည်း။ သင်သည် အဘယ်အလို ရှိသေးသနည်း။ အလိုရှိသည်အတိုင်း ငါပြုမည်။ အဘယ်ဆုကို တောင်းချင်သေးသနည်း။ တောင်းသမျှကို ငါပေးမည်ဟု မိန့်တော်မူလျှင်၊ ဧသတာက၊ အရှင်မင်းကြီး အလိုတော်ရှိလျှင်၊ ရှုရှန်မြို့၌ရှိသော ယုဒလူတို့သည် ယနေ့ အမိန့်တော်အတိုင်း နက်ဖြန်နေ့၌လည်း ပြုရမည်အကြောင်း၊ ဟာမန်သားတစ်ကျိပ်ကိုလည်း လည်ဆွဲချတိုင်၌ ဆွဲထားရမည် အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်သည်အတိုင်း၊ ရှင်ဘုရင်မိန့်တော်မူ၍ ရှုရှန်နန်းတော်၌ အမိန့်တော်ကို ထုတ်ပြီးမှ၊ ဟာမန်သားတစ်ကျိပ်ကို ဆွဲထားကြ၏။ ရှုရှန်မြို့၌ရှိသော ယုဒလူတို့သည်လည်း၊ အာဒါလတစ်ဆယ်လေးရက်နေ့တွင် စုဝေး၍၊ ရှုရှန်မြို့သား သုံးရာတို့ကို သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်း မယူဘဲနေကြ၏။ နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်၌ရှိသော ယုဒလူအခြားတို့သည် အာဒါလ တစ်ဆယ်သုံးရက်နေ့တွင်၊ မိမိတို့အသက်ကို စောင့်လျက်၊ ရန်သူလက်သို့မရောက်ဘဲ ချမ်းသာရမည်အကြောင်း၊ စုဝေး၍ ရန်သူ ခုနစ်သောင်းငါးထောင်တို့ကို သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲ နေကြ၏။ ထိုလ တစ်ဆယ်လေးရက်နေ့တွင် ငြိမ်ဝပ်စွာနေ၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့ဖြစ်စေခြင်းငှာ စောင့်ရှောက်ကြ၏။ ရှုရှန်မြို့၌ရှိသော ယုဒလူများမူကား၊ တစ်ဆယ်သုံးရက်နေ့နှင့် တစ်ဆယ်လေးရက်နေ့တွင်း စုဝေးကြ၏။ တစ်ဆယ်ငါးရက် မြောက်သောအခါ ငြိမ်ဝပ်စွာနေ၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့ဖြစ်စေခြင်းငှာ စောင့်ရှောက်ကြ၏။ မြို့ရိုးမရှိသောရွာတို့၌နေသော ယုဒလူတို့သည်လည်း၊ အာဒါလ တစ်ဆယ်လေးရက်နေ့ကို ပျော်မွေ့စွာ ပွဲခံရာနေ့၊ မင်္ဂလာနေ့၊ တစ်ယောက်ကိုတစ်ယောက် လက်ဆောင်ပေးလိုက်ရာနေ့ ဖြစ်စေကြ၏။
ဧသတာ 9 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဧသတာ 9:1-19
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ