YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာ 9:1-19

ဧသတာ 9:1-19 JBMLE

ရှင်​ဘု​ရင်​အ​မိန့်​တော်​အ​တိုင်း စီ​ရင်​ရ​သော​အ​ချိန်​နီး၍၊ ယု​ဒ​အ​မျိုး၏ ရန်​သူ​တို့​က၊ ငါ​တို့​နိုင်​မည်​ဟု မျှော်​လင့်​သော​နေ့၊ အ​မှု​ပြောင်း​လဲ၍ ယု​ဒ​လူ​တို့​သည် မ​နာ​လို​သော​သူ​တို့​ကို နိုင်​သော နေ့​ရက်​တည်း​ဟူ​သော အာ​ဒါ​မည်​သော ဒွါ​ဒ​သ​မ​လ တစ်​ဆယ်​သုံး​ရက်​နေ့​တွင်၊ ရှင်​ဘု​ရင်​အာ​ရွှေ​ရု၏ နိုင်​ငံ​တော် အ​ပြည်​ပြည် အ​မြို့​မြို့၌​နေ​သော ယု​ဒ​လူ​တို့​သည်၊ ညှဉ်း​ဆဲ​လို​သော သူ​တို့​ကို ဆီး​တား​ခြင်း​ငှာ စု​ဝေး​ကြ၏။ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​သော​ကြောင့်၊ အ​ဘယ်​သူ​မျှ ရန်​မ​ပြု​ဝံ့​ဘဲ နေ​ကြ၏။ အ​ပြည်​ပြည်​ကို အုပ်​စိုး​သော​မင်း၊ ကိုယ်​စား​တော်​မင်း၊ မြို့​ဝန်​မင်း၊ အ​မှု​တော်​စောင့် အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် မော်​ဒ​ကဲ​ကို ကြောက်​ရွံ့​သော​ကြောင့်၊ ယု​ဒ​လူ​တို့​ကို မ​စ​ကြ၏။ အ​ကြောင်း​မူ​ကား၊ မော်​ဒ​ကဲ​သည် နန်း​တော်​တွင် ဘုန်း​ကြီး​လျက်၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်၌ သ​တင်း​နှံ့​ပြား၍၊ တစ်​နေ့​ထက်​တစ်​နေ့ ကြီး​မြင့်​ရာ​သို့ ရောက်​သ​တည်း။ ထို​နေ့​တွင် ယု​ဒ​လူ​တို့​သည် ရန်​သူ​အ​ပေါင်း​တို့​ကို ဓား​နှင့်​လုပ်​ကြံ​သတ်​ဖြတ် ဖျက်​ဆီး၍၊ မ​နာ​လို​သော​သူ​တို့၌ ပြု​ချင်​သ​မျှ​ပြု​ကြ၏။ ရှု​ရှန်​မြို့​တော်၌ လူ​ငါး​ရာ​တို့​ကို လုပ်​ကြံ​သတ်​ဖြတ်​ကြ၏။ ယု​ဒ​အ​မျိုး၏​ရန်​သူ ဟ​မ္မေ​ဒါ​သ​သား​ဖြစ်​သော ဟာ​မန်၏​သား တစ်​ကျိပ်​တည်း​ဟူ​သော ပါ​ရှ​န္ဒာ​သ၊ ဒါ​လ​ဖုန်၊ အာ​သ​ပါ​သ၊ ပေါ​ရ​သ၊ အာ​ဒ​လိ၊ အာ​ရိ​ဒါ​သ၊ ပါ​မ​ရှာ​တ၊ အ​ရိ​သဲ၊ အ​ရိ​ဒဲ၊ ဝါ​ဇေ​ဇာ​သ​တို့​ကို​လည်း သတ်​ကြ၏။ သို့​ရာ​တွင် သူ​တို့​ဥ​စ္စာ​ကို မ​သိမ်း​မ​ယူ​ဘဲ​နေ​ကြ၏။ ထို​နေ့၌ ရှု​ရှန်​မြို့​တော်​တွင် သေ​သော​သူ​စာ​ရင်း​ကို ရှင်​ဘု​ရင်​ရှေ့​တော်​မှာ ပြ​ကြ၏။ ရှင်​ဘု​ရင်​သည် မိ​ဖု​ရား​ဧ​သ​တာ​ကို ခေါ်၍၊ ယု​ဒ​လူ​တို့​သည် ရှု​ရှန်​မြို့​တော်၌ ဟာ​မန်​သား​တစ်​ကျိပ်​နှင့်​တ​ကွ လူ​ငါး​ရာ​တို့​ကို လုပ်​ကြံ​သတ်​ဖြတ် ကြ​ပြီ။ နိုင်​ငံ​တော်​တွင် အ​ခြား​သော အ​ပြည်​ပြည်​တို့၌ အ​ဘယ်​သို့ ပြု​ကြ​ပြီ​နည်း။ သင်​သည် အ​ဘယ်​အ​လို ရှိ​သေး​သ​နည်း။ အ​လို​ရှိ​သည်​အ​တိုင်း ငါ​ပြု​မည်။ အ​ဘယ်​ဆု​ကို တောင်း​ချင်​သေး​သ​နည်း။ တောင်း​သ​မျှ​ကို ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​လျှင်၊ ဧ​သ​တာ​က၊ အ​ရှင်​မင်း​ကြီး အ​လို​တော်​ရှိ​လျှင်၊ ရှု​ရှန်​မြို့၌​ရှိ​သော ယု​ဒ​လူ​တို့​သည် ယ​နေ့ အ​မိန့်​တော်​အ​တိုင်း နက်​ဖြန်​နေ့၌​လည်း ပြု​ရ​မည်​အ​ကြောင်း၊ ဟာ​မန်​သား​တစ်​ကျိပ်​ကို​လည်း လည်​ဆွဲ​ချ​တိုင်၌ ဆွဲ​ထား​ရ​မည် အ​ကြောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​သည်​အ​တိုင်း၊ ရှင်​ဘု​ရင်​မိန့်​တော်​မူ၍ ရှု​ရှန်​နန်း​တော်၌ အ​မိန့်​တော်​ကို ထုတ်​ပြီး​မှ၊ ဟာ​မန်​သား​တစ်​ကျိပ်​ကို ဆွဲ​ထား​ကြ၏။ ရှု​ရှန်​မြို့၌​ရှိ​သော ယု​ဒ​လူ​တို့​သည်​လည်း၊ အာ​ဒါ​လ​တစ်​ဆယ်​လေး​ရက်​နေ့​တွင် စု​ဝေး၍၊ ရှု​ရှန်​မြို့​သား သုံး​ရာ​တို့​ကို သတ်​ကြ၏။ သို့​ရာ​တွင် သူ​တို့​ဥ​စ္စာ​ကို မ​သိမ်း မ​ယူ​ဘဲ​နေ​ကြ၏။ နိုင်​ငံ​တော်​အ​တိုင်း​တိုင်း အ​ပြည်​ပြည်၌​ရှိ​သော ယု​ဒ​လူ​အ​ခြား​တို့​သည် အာ​ဒါ​လ တစ်​ဆယ်​သုံး​ရက်​နေ့​တွင်၊ မိ​မိ​တို့​အ​သက်​ကို စောင့်​လျက်၊ ရန်​သူ​လက်​သို့​မ​ရောက်​ဘဲ ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ စု​ဝေး၍ ရန်​သူ ခု​နစ်​သောင်း​ငါး​ထောင်​တို့​ကို သတ်​ကြ၏။ သို့​ရာ​တွင် သူ​တို့​ဥ​စ္စာ​ကို မ​သိမ်း​မ​ယူ​ဘဲ နေ​ကြ၏။ ထို​လ တစ်​ဆယ်​လေး​ရက်​နေ့​တွင် ငြိမ်​ဝပ်​စွာ​နေ၍ ပွဲ​ခံ​ရာ​နေ့၊ ပျော်​မွေ့​ရာ​နေ့​ဖြစ်​စေ​ခြင်း​ငှာ စောင့်​ရှောက်​ကြ၏။ ရှု​ရှန်​မြို့၌​ရှိ​သော ယု​ဒ​လူ​များ​မူ​ကား၊ တစ်​ဆယ်​သုံး​ရက်​နေ့​နှင့် တစ်​ဆယ်​လေး​ရက်​နေ့​တွင်း စု​ဝေး​ကြ၏။ တစ်​ဆယ်​ငါး​ရက် မြောက်​သော​အ​ခါ ငြိမ်​ဝပ်​စွာ​နေ၍ ပွဲ​ခံ​ရာ​နေ့၊ ပျော်​မွေ့​ရာ​နေ့​ဖြစ်​စေ​ခြင်း​ငှာ စောင့်​ရှောက်​ကြ၏။ မြို့​ရိုး​မ​ရှိ​သော​ရွာ​တို့၌​နေ​သော ယု​ဒ​လူ​တို့​သည်​လည်း၊ အာ​ဒါ​လ တစ်​ဆယ်​လေး​ရက်​နေ့​ကို ပျော်​မွေ့​စွာ ပွဲ​ခံ​ရာ​နေ့၊ မင်္ဂ​လာ​နေ့၊ တစ်​ယောက်​ကို​တစ်​ယောက် လက်​ဆောင်​ပေး​လိုက်​ရာ​နေ့ ဖြစ်​စေ​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။