ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ မိုးကောင်းကင်အောက်၌ ကြံစည်သမျှ အသီးအသီးတို့ကို ပြုရသောအချိန်ရှိ၏။ ဖွားချိန်နှင့် သေချိန်လည်းရှိ၏။ စိုက်ပျိုးရသောအချိန်နှင့် စိုက်ပျိုးရသောအရာကို နုတ်ရသောအချိန်လည်း ရှိ၏။ သတ်ရသောအချိန်နှင့် အနာပျောက်စေရသော အချိန်လည်းရှိ၏။ ဖြိုဖျက်ရသောအချိန်နှင့် တည်ဆောက်ရသော အချိန်လည်းရှိ၏။ ငိုရသောအချိန်နှင့် ရယ်ရသောအချိန်လည်းရှိ၏။ ညည်းတွားရသောအချိန်နှင့် ကခုန်ရသောအချိန်လည်း ရှိ၏။ ကျောက်တို့ကို ဖြန့်ကြဲရသောအချိန်နှင့် စုသိမ်းရသော အချိန်လည်းရှိ၏။ ဖက်ယမ်းရသောအချိန်နှင့်၊ မဖက်ယမ်းဘဲ ခွဲခွာ၍ နေရသောအချိန်လည်းရှိ၏။ ဆည်းပူးရသောအချိန်နှင့် ဥစ္စာပျောက်ရသော အချိန်လည်း ရှိ၏။ သိုထားရသောအချိန်နှင့် ပစ်လိုက်ရသောအချိန်လည်း ရှိ၏။ အဝတ်ကို ဆုတ်ရသောအချိန်နှင့် ချုပ်ရသောအချိန်လည်းရှိ၏။ တိတ်ဆိတ်စွာနေသောအချိန်နှင့်၊ စကားပြောရသော အချိန်လည်းရှိ၏။ ချစ်ရသောအချိန်နှင့် မုန်းရသောအချိန်လည်း ရှိ၏။ စစ်တိုက်သောအချိန်နှင့် စစ်ငြိမ်းရသောအချိန်လည်း ရှိ၏။ လုပ်ကိုင်သောသူသည် ကြိုးစားအားထုတ်ရာတွင်၊ အဘယ်ကျေးဇူးရှိသနည်း။ လူသားတို့ ကျင်လည်ရာဖို့ ဘုရားသခင်ပေးတော်မူသော ပင်ပန်းခြင်းအမှုကို ငါကြည့်မြင်ပြီ။ ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူစိတ်နှလုံးကိုလည်း အနန္တကာလ၌ စွဲလန်းစေတော်မူပြီ။ သို့ရာတွင်၊ ဘုရားသခင်စီရင်တော်မူသောအမှုကို၊ အစမှအဆုံးတိုင်အောင်၊ လူသည် စစ်၍မကုန်နိုင်။ ရွှင်လန်းခြင်းအမှုနှင့် အသက်ရှင်စဉ်တွင် ကျေးဇူးပြုခြင်းအမှုမှတစ်ပါး အခြားသောအမှုအရာတို့၌၊ အကျိုးကျေးဇူးမရှိသည်ကို ငါသိ၏။ လူတိုင်းစားသောက်ခြင်းငှာလည်းကောင်း၊ မိမိကြိုးစား အားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှာလည်းကောင်း၊ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။ ဘုရားသခင်ပြုတော်မူသမျှသောအမှုသည် နိစ္စထာဝရ ဖြစ်သည်ကို ငါသိ၏။ ထပ်၍ မပြုနိုင်ရာ။ နုတ်၍ မယူနိုင်ရာ။ လူတို့သည် ရှေ့တော်၌ကြောက်ရွံ့မည်အကြောင်း၊ ဘုရားသခင်ပြုတော်မူ၏။
ဒေသနာ 3 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဒေသနာ 3:1-14
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ