YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 7:12-26

တရားဟောရာ 7:12-26 JBMLE

ထို​ပ​ညတ်​တို့​ကို သင်​သည် ကျင့်​ဆောင်​အံ့​သော​ငှာ နား​ထောင်​လျှင်၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော ပ​ဋိ​ညာဉ်​နှင့် က​ရု​ဏာ​တော်​ကို စောင့်​တော်​မူ​မည်။ သင့်​ကို​ချစ်​သ​ဖြင့် ကောင်း​ချီး​ပေး၍ များ​ပြား​စေ​တော်​မူ​မည်။ သင့်​အား​ပေး​ခြင်း​ငှာ၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်၌ သင်​ဖွား​မြင်​သော သား​တို့​ကို​လည်း​ကောင်း၊ သင်၏​မြေ​အ​သီး​အ​နှံ၊ စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ၊ နွား၊ အ​စီး​အ​ပွား၊ သိုး​စု​တို့​ကို​လည်း​ကောင်း ကောင်း​ချီး​ပေး​တော်​မူ​မည်။ သင်​သည် လူ​မျိုး​တ​ကာ​တို့​ထက် သာ၍​ကောင်း​ချီး​ခံ​ရ​သော​သူ​ဖြစ်၍၊ သင်၌​မြုံ​သော ယောက်ျား​မိန်း​မ​တစ်​ယောက်​မျှ၊ တိ​ရ​စ္ဆာန်​တွင် မြုံ​သော​အ​ထီး​အ​မ တစ်​ကောင်​မျှ​မ​ရှိ​ရ။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို သင့်​ဆီ​က​ပယ်​ရှား၍၊ သင်​သိ​သော အဲ​ဂု​တ္တု​ပြည်၏​အ​နာ​ဆိုး​ကို သင်၌​စွဲ​စေ​တော်​မ​မူ။ သင့်​ကို​မုန်း​သော​သူ အ​ပေါင်း​တို့၌ စွဲ​စေ​တော်​မူ​မည်။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်၌​အပ်​ပေး​တော်​မူ​သော လူ​မျိုး​အ​ပေါင်း​ကို ဖျက်​ဆီး​ရ​မည်။ သင်၏​မျက်​စိ​သည် သူ​တို့​ကို​မ​သ​နား​ရ။ သူ​တို့​ဘု​ရား​အား ဝတ်​မ​ပြု​ရ။ ဝတ်​ပြု​လျှင်၊ ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း ဖြစ်​လိမ့်​မည်။ ထို​လူ​မျိုး​တို့​သည် ငါ့​ထက်​သာ၍​များ၏။ ငါ​သည်​သူ​တို့​ကို အ​ဘယ်​သို့ နှင်​ထုတ်​နိုင်​မည်​နည်း​ဟု သင်​သည်​စိတ်​ထဲ​မှာ အောက်​မေ့​လျက်၊ သူ​တို့​ကို​မ​ကြောက်​ရ။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဖာ​ရော​ဘု​ရင်​နှင့် အဲ​ဂု​တ္တု​ပြည်​တစ်​ပြည်​လုံး၌ ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊ ကိုယ်​တိုင်​မြင်၍ ကြီး​စွာ​သော​စုံ​စမ်း​ခြင်း​တို့​ကို​လည်း​ကောင်း၊ သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​နုတ်​ဆောင်​သော​အ​ခါ၊ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​လည်း​ကောင်း၊ အား​ကြီး​သော​လက်​ရုံး​တော်​ကို ဆန့်​တော်​မူ​ခြင်း​ကို​လည်း​ကောင်း စေ့​စေ့​အောက်​မေ့​ရ​မည်။ ထို​နည်း​တူ၊ သင်​ကြောက်​တတ်​သော လူ​မျိုး​ရှိ​သ​မျှ​တို့၌ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​မည်။ ထို​မှ​တစ်​ပါး၊ ကျန်​ကြွင်း၍ ပုန်း​ရှောင်​လျက်​နေ​သော​သူ​တို့​သည် မ​ပျက်​စီး​မီ​တိုင်​အောင်၊ သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ပျား​တူ​များ​ကို သူ​တို့​တွင်​စေ​လွှတ်​တော်​မူ​မည်။ သူ​တို့​ကြောင့် ထိတ်​လန့်​ခြင်း​မ​ရှိ​ရ။ အ​ကြောင်း​မူ​ကား၊ တန်​ခိုး​ကြီး၍ ကြောက်​မက်​ဖွယ်​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တွင်​ရှိ​တော်​မူ၏။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ထို​လူ​မျိုး​တို့​ကို သင့်​ထံ​က​တ​ရွေ့​ရွေ့ နှင်​ထုတ်​တော်​မူ​လိမ့်​မည်။ တော​သား​ရဲ​တို့​သည် သင့်​တစ်​ဖက်၌ များ​ပြား​မည်​ကို စိုး​ရိမ်၍၊ သူ​တို့​ကို​ချက်​ချင်း မ​ပယ်​မ​ရှား​သင့်။ သို့​ရာ​တွင် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သင်၌​အပ်၍၊ သူ​တို့​မ​ပျက်​စီး​မီ​တိုင်​အောင်၊ ကြီး​စွာ​သော​ပျက်​စီး​ခြင်း​ကို စီ​ရင်​တော်​မူ​မည်။ သူ​တို့​ရှင်​ဘု​ရင်​များ​ကို​လည်း သင့်​လက်၌​အပ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​ဘွဲ့​နာ​မ​ကို​ပင် ကောင်း​ကင်​အောက်​မှာ ပယ်​ရှင်း​ရ​မည်။ သူ​တို့​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင် သင့်​ရှေ့​မှာ အ​ဘယ်​သူ​မျှ မ​ရပ်​မ​နေ​နိုင်​ရာ။ သူ​တို့​ထု​သော ရုပ်​တု​ဆင်း​တု​ဘု​ရား​များ​ကို မီး​ရှို့​ရ​မည်။ ရုပ်​တု​ဆင်း​တု၌​ပါ​သော ရွှေ​ငွေ​ကို မ​တပ်​မက်​ရ၊ မ​သိမ်း​မ​ယူ​ရ။ ယူ​လျှင် အ​ပြစ်​ရောက်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​ရာ​ကို သင့်​အိမ်​ထဲ​သို့​မ​သွင်း​ရ။ သွင်း​လျှင်၊ သင်​သည် ထို​အ​ရာ​ကဲ့​သို့ ကျိန်​အပ်​သော​အ​ရာ​ဖြစ်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ ထို​သို့​သော​အ​ရာ​ကို သင်​သည် အ​ကြွင်း​မဲ့​စက်​ဆုပ်​ရွံ​ရှာ​ရ​မည်။ ကျိန်​အပ်​သော​အ​ရာ​ပင် ဖြစ်​ပေ၏။