YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 31:1-18

တရားဟောရာ 31:1-18 JBMLE

တစ်​ဖန် မော​ရှေ​သည်​သွား၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ဟော​ပြော​သည်​ကား၊ ငါ​သည် ယ​နေ့ အ​သက်​တစ်​ရာ​နှစ်​ဆယ်​စေ့​ပြီ။ သင်​တို့​ရှေ့​မှာ ထွက်​ဝင်​ခြင်း​ငှာ နောက်​တစ်​ဖန် မ​တတ်​နိုင်။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် ယော်​ဒန်​မြစ်​ကို မ​ကူး​ရ​ဟု မိန့်​တော်​မူ​ပြီ။ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ရှေ့​မှာ​ကူး၍၊ ထို​ပြည်​သား အ​မျိုး​မျိုး​တို့​ကို ဖျက်​ဆီး​တော်​မူ​သ​ဖြင့်၊ သူ​တို့​နေ​ရာ​ကို သင်​တို့​ဝင်​စား​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​အ​တိုင်း၊ ယော​ရှု​သည်​လည်း သင်​တို့​ရှေ့​မှာ ကူး​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်​နှင့် ဩ​ဃ​တို့၌​လည်း​ကောင်း၊ ဖျက်​ဆီး​တော်​မူ​သော သူ​တို့​ပြည်၌​လည်း​ကောင်း ပြု​သ​ကဲ့​သို့၊ ထို​ပြည်​သား အ​မျိုး​မျိုး​တို့၌ ပြု​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို သင်​တို့၌ အပ်​တော်​မူ​သ​ဖြင့်၊ ငါ​မှာ​ထား​သ​မျှ​သော ပ​ညတ်​တို့​အ​တိုင်း၊ သူ​တို့၌ ပြု​ရ​ကြ​လိမ့်​မည်။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့။ မ​စိုး​ရိမ်​ကြ​နှင့်။ သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ဘု​ရား​သ​ခင်​ဖြစ်၍ သင်​တို့​နှင့်​အ​တူ ကိုယ်​တိုင်​ကြွ​တော်​မူ မည်။ သင်​တို့​ကို စွန့်​တော်​မ​မူ၊ ပစ်​ထား​တော်​မ​မူ​ဟု ဟော​ပြော၏။ တစ်​ဖန် ယော​ရှု​ကို​ခေါ်၍၊ သင်​သည် အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​လူ​တို့​အား​ပေး​ခြင်း​ငှာ၊ ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့ သင်​သည် သူ​တို့​နှင့်​အ​တူ​သွား၍ အ​မွေ​ခံ​စေ​ရ​မည်။ သင့်​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တိုင်​ကြွ၍ သင်​နှင့်​ရှိ​တော်​မူ​လိမ့်​မည်။ သင့်​ကို စွန့်​တော်​မ​မူ၊ ပစ်​ထား​တော်​မ​မူ။ မ​စိုး​ရိမ်​နှင့်၊ စိတ်​မ​ပျက်​နှင့်​ဟု ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ ပြော​ဆို၏။ ဤ​ပ​ညတ်​တ​ရား​ကို မော​ရှေ​သည်​ရေး​ထား၍ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း​သော လေ​ဝိ​သား​ယဇ်​ပု​ရော​ဟိတ်​များ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​များ အ​ပေါင်း​တို့၌​အပ်၍၊ မှာ​ထား​သည်​ကား၊ ခု​နစ်​နှစ်​စေ့၍ ကျွန်​များ​ကို​လွှတ်​ခြင်း​ငှာ ချိန်း​ချက်​သော​နှစ်၊ သ​ကေ​နေ​ပွဲ​ခံ​ချိန်​ရောက်​မှ၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​လ​တ္တံ့​သော အ​ရပ်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ ကိုယ်​ကို​ပြ​ခြင်း​ငှာ လာ​ကြ​သော​အ​ခါ၊ ဤ​ပ​ညတ်​တ​ရား​ကို ထို​ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့​မှာ ဖတ်​ရွတ်​ရ​မည်။ ယောက်ျား၊ မိန်း​မ၊ သူ​ငယ်​များ၊ တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​များ​တို့​သည် ကြား၍ နား​လည်​သ​ဖြင့်၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့၍၊ ဤ​ပ​ညတ်​တ​ရား စ​ကား​အ​လုံး​စုံ​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ပ​ရိ​သတ်​တို့​ကို စု​ဝေး​စေ​ကြ​လော့။ ထို​သို့​ပြု​လျှင်၊ နား​မ​လည်​သေး​သော သူ​ငယ်​တို့​သည် ကြား​သ​ဖြင့်၊ သင်​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌ နေ​သည်​ကာ​လ​ပတ်​လုံး၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​စေ​ခြင်း​ငှာ သင်​ကြ​လိမ့်​မည်​ဟု မှာ​ထား​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် သေ​ရ​သော​အ​ချိန်​နီး​ပြီ။ ယော​ရှု​ကို​ခေါ်၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​သို့ ချဉ်း​ကပ်​လော့။ သူ့​ကို​ငါ​မှာ​ထား​မည်​ဟု မော​ရှေ​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​နှင့် ယော​ရှု​သည်​သွား၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​သို့ ချဉ်း​ကပ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် တဲ​တော်​တွင် မိုး​တိမ်​တိုင်၌ ထင်​ရှား​တော်​မူ၍၊ မိုး​တိမ်​တိုင်​သည် တဲ​တော်​တံ​ခါး​ဝ​အ​ပေါ်​မှာ တည်​နေ၏။ တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်​သော​အ​ခါ၊ ဤ​လူ​မျိုး​သည်​ထ၍ ယ​ခု​သွား​သော​ပြည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား ကိုး​ကွယ်​သော​ဘု​ရား​တို့​နှင့် မှား​ယွင်း၍ ငါ့​ကို​စွန့်​လျက်၊ ငါ​ဖွဲ့​ထား​သော ပ​ဋိ​ညာဉ်​တ​ရား​ကို ဖျက်​လိမ့်​မည်။ ထို​အ​ခါ ငါ​သည်​အ​မျက်​တော်​ထွက်၍ သူ​တို့​ကို​စွန့်​မည်။ သူ​တို့​မှ ငါ့​မျက်​နှာ​ကို လွှဲ​သ​ဖြင့်၊ သူ​တို့​သည်​ပျက်​စီး၍ ဘေး​ဒဏ်​ရန်​မာန်​အ​ပေါင်း​တို့​နှင့် တွေ့​ကြုံ​ကြ​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​က၊ ငါ​တို့​ဘု​ရား​သ​ခင်​သည် ငါ​တို့​တွင် ရှိ​တော်​မ​မူ​သော​ကြောင့်၊ ဤ​ဘေး​ဒဏ်​တို့​သည် ငါ​တို့​အ​ပေါ်​မှာ ရောက်​သည်​မ​ဟုတ်​လော​ဟု ဆို​ကြ​လိမ့်​မည်။ သူ​တို့​သည် အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​နောက်​သို့​လွှဲ​သွား၍ ပြု​သော ဒု​စ​ရိုက်​အ​ပေါင်း​တို့​ကြောင့်၊ ထို​အ​ခါ ငါ​သည် ကိုယ်​မျက်​နှာ​ကို ဧ​ကန်​အ​မှန်​လွှဲ​မည်။