ခုနစ်နှစ်တစ်ခါ လွှတ်ခြင်းကို ပြုရမည်။ လွှတ်ခြင်းတရားဟူမူကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူအား ဥစ္စာကို ချေးငှားသော ကြွေးရှင်မည်သည်ကား၊ ထိုကြွေးကို လွှတ်ရမည်။ ထာဝရဘုရားလွှတ်ခြင်းကာလဖြစ်သောကြောင့်၊ ထိုကြွေးကို အိမ်နီးချင်း၊ ညီအစ်ကိုချင်း၌ မတောင်းရ။ တစ်ကျွန်းတစ်နိုင်ငံသား၌ တောင်းရသောအခွင့်ရှိ၏။ ညီအစ်ကို၌ရှိသော ကိုယ်ဥစ္စာကို မတောင်းဘဲလွှတ်ရမည်။ သင်၌ဆင်းရဲသားမရှိစေခြင်းငှာ၊ ထိုသို့ပြုရမည်။ သင်၏ဘုရားသခင်ထာဝရဘုရားသည် အမွေခံဖို့ရာ အပိုင်ပေးတော်မူသောပြည်၌ သင့်ကိုအလွန် ကောင်းချီးပေးတော်မူမည်။ ယနေ့ ငါမှာထားသမျှသော ဤပညတ်တို့ကို ကျင့်မည်အကြောင်း စောင့်ရှောက်ခြင်းငှာ၊ သင်၏ဘုရားသခင်ထာဝရဘုရား၏ စကားတော်ကို စေ့စေ့နားထောင်လော့။ သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ ကတိတော်ရှိသည်အတိုင်း ကောင်းချီးပေးတော်မူသဖြင့်၊ သင်သည် လူမျိုးများတို့အား ချေးငှားရသော အခွင့်ရှိလိမ့်မည်။ သူတို့သည် သင့်အား ချေးငှားသောအခွင့်မရှိရ။ သင်သည် လူမျိုးများတို့ကို အစိုးပိုင်ရလိမ့်မည်။ သူတို့သည် သင့်ကို အစိုးမပိုင်ရကြ။ သင်၏ ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်တွင်၊ မြို့တစ်စုံတစ်မြို့၌ ဆင်းရဲသော ညီအစ်ကိုချင်းရှိလျှင်၊ ထိုဆင်းရဲသော ညီအစ်ကို၌ သင်သည် သနားသောစိတ်ကို မချုပ်တည်းရ။ လက်ကိုလည်း မပိတ်ရ။ သင်၏လက်ကို သူ့အဖို့ကျယ်ကျယ်ဖွင့်၍၊ သူ၏ဆင်းရဲပျောက်လောက်အောင် ချေးငှားရမည်။ သင့်စိတ်နှလုံး၌ ဆိုးညစ်သောသဘောရှိ၍၊ သတ္တမနှစ်တည်းဟူသော လွှတ်ရာနှစ်နီးပြီဟု အောက်မေ့လျက်၊ ထိုဆင်းရဲသော ညီအစ်ကိုကို မနာလိုသောစိတ်ရှိ၍၊ ဘာမျှမပေးဘဲနေလျှင် သူသည် ထာဝရဘုရားအားအော်ဟစ်သဖြင့်၊ သင်၌အပြစ်မရောက်မည်အကြောင်း သတိပြုလော့။ အကယ်စင်စစ် သူ့အားပေးရမည်။ ပေးသောအခါ နှမြောသောစိတ်မရှိရ။ အကြောင်းမူကား၊ ထိုဒါနကြောင့် သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်ပြုလေရာရာ၊ လုပ်ဆောင်လေရာရာ၌ ကောင်းချီးပေးတော်မူမည်။ သင့်နေရာပြည်၌ ဆင်းရဲသားမပြတ်ရ။ ထိုကြောင့်၊ သင့်ပြည်၌ ဆင်းရဲငတ်မွတ်သော ညီအစ်ကိုချင်းတို့အား သင်၏လက်ကို ကျယ်ကျယ်ဖွင့်ရမည်အကြောင်း ငါမှာထား၏။ သင်၏ညီအစ်ကိုချင်း၊ ဟေဗြဲအမျိုးယောက်ျား မိန်းမသည် သင်၌ကျွန်ဖြစ်၍၊ ခြောက်နှစ်အစေခံပြီးမှ၊ သတ္တမနှစ်ရောက်လျှင် လွှတ်ရမည်။ လွှတ်သောအခါ၊ လက်ချည်းမလွှတ်ဘဲ၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် ကောင်းချီးပေးတော်မူသည်အတိုင်း၊ သင်၏သိုးစု၊ ကောက်နယ်တလင်း၊ စပျစ်သီးနယ်ရာကျင်းထဲက များစွာပေးရမည်။ သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဖူးကြောင်းကိုလည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ရွေးနုတ်တော်မူကြောင်းကိုလည်းကောင်း၊ အောက်မေ့ရမည်။ ထိုကြောင့် ဤပညတ်ကို ယနေ့ငါထား၏။ သို့ရာတွင် ကျွန်က၊ ကျွန်တော်သည် မထွက်မသွားလိုပါ။ ကိုယ်တော်နှင့် ကိုယ်တော် အိမ်သူအိမ်သားတို့ကို ချစ်ပါ၏။ နေ၍ပျော်ပါ၏ ဟုဆိုလျှင်၊ သင်သည် စူးကိုယူ၍ တံခါး၌ ကျွန်၏နားရွက်ကို ဖောက်ပြီးမှ၊ သူသည် အစဉ်အမြဲကျွန်ခံရမည်။ ထိုအတူ ကျွန်မ၌လည်း ပြုရမည်။ သင်၏ကျွန်ကိုလွှတ်သောအခါ ခက်သည်ဟူ၍ မထင်ရ။ အကြောင်းမူကား၊ ခြောက်နှစ်ပတ်လုံး အစေခံသဖြင့်၊ သူငှားဆောင်ရွက်သော အမှုနှစ်ဆကို သူသည်ဆောင်ရွက်လေပြီ။ သင်၏ဘုရားသခင် ထာဝရဘုရားသည်လည်း သင်ပြုလေရာရာ၌ ကောင်းချီးပေးတော်မူမည်။
တရားဟောရာ 15 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တရားဟောရာ 15:1-18
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ