YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 15:1-18

တရားဟောရာ 15:1-18 JBMLE

ခု​နစ်​နှစ်​တစ်​ခါ လွှတ်​ခြင်း​ကို ပြု​ရ​မည်။ လွှတ်​ခြင်း​တ​ရား​ဟူ​မူ​ကား၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​အား ဥ​စ္စာ​ကို ချေး​ငှား​သော ကြွေး​ရှင်​မည်​သည်​ကား၊ ထို​ကြွေး​ကို လွှတ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​လွှတ်​ခြင်း​ကာ​လ​ဖြစ်​သော​ကြောင့်၊ ထို​ကြွေး​ကို အိမ်​နီး​ချင်း၊ ညီ​အစ်​ကို​ချင်း၌ မ​တောင်း​ရ။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား၌ တောင်း​ရ​သော​အ​ခွင့်​ရှိ၏။ ညီ​အစ်​ကို၌​ရှိ​သော ကိုယ်​ဥ​စ္စာ​ကို မ​တောင်း​ဘဲ​လွှတ်​ရ​မည်။ သင်၌​ဆင်း​ရဲ​သား​မ​ရှိ​စေ​ခြင်း​ငှာ၊ ထို​သို့​ပြု​ရ​မည်။ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မွေ​ခံ​ဖို့​ရာ အ​ပိုင်​ပေး​တော်​မူ​သော​ပြည်၌ သင့်​ကို​အ​လွန် ကောင်း​ချီး​ပေး​တော်​မူ​မည်။ ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော ဤ​ပ​ညတ်​တို့​ကို ကျင့်​မည်​အ​ကြောင်း စောင့်​ရှောက်​ခြင်း​ငှာ၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို စေ့​စေ့​နား​ထောင်​လော့။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ က​တိ​တော်​ရှိ​သည်​အ​တိုင်း ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ သင်​သည် လူ​မျိုး​များ​တို့​အား ချေး​ငှား​ရ​သော အ​ခွင့်​ရှိ​လိမ့်​မည်။ သူ​တို့​သည် သင့်​အား ချေး​ငှား​သော​အ​ခွင့်​မ​ရှိ​ရ။ သင်​သည် လူ​မျိုး​များ​တို့​ကို အ​စိုး​ပိုင်​ရ​လိမ့်​မည်။ သူ​တို့​သည် သင့်​ကို အ​စိုး​မ​ပိုင်​ရ​ကြ။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​တွင်၊ မြို့​တစ်​စုံ​တစ်​မြို့၌ ဆင်း​ရဲ​သော ညီ​အစ်​ကို​ချင်း​ရှိ​လျှင်၊ ထို​ဆင်း​ရဲ​သော ညီ​အစ်​ကို၌ သင်​သည် သ​နား​သော​စိတ်​ကို မ​ချုပ်​တည်း​ရ။ လက်​ကို​လည်း မ​ပိတ်​ရ။ သင်၏​လက်​ကို သူ့​အ​ဖို့​ကျယ်​ကျယ်​ဖွင့်၍၊ သူ၏​ဆင်း​ရဲ​ပျောက်​လောက်​အောင် ချေး​ငှား​ရ​မည်။ သင့်​စိတ်​နှ​လုံး၌ ဆိုး​ညစ်​သော​သ​ဘော​ရှိ၍၊ သ​တ္တ​မ​နှစ်​တည်း​ဟူ​သော လွှတ်​ရာ​နှစ်​နီး​ပြီ​ဟု အောက်​မေ့​လျက်၊ ထို​ဆင်း​ရဲ​သော ညီ​အစ်​ကို​ကို မ​နာ​လို​သော​စိတ်​ရှိ၍၊ ဘာ​မျှ​မ​ပေး​ဘဲ​နေ​လျှင် သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်​သ​ဖြင့်၊ သင်၌​အ​ပြစ်​မ​ရောက်​မည်​အ​ကြောင်း သ​တိ​ပြု​လော့။ အ​ကယ်​စင်​စစ် သူ့​အား​ပေး​ရ​မည်။ ပေး​သော​အ​ခါ နှ​မြော​သော​စိတ်​မ​ရှိ​ရ။ အ​ကြောင်း​မူ​ကား၊ ထို​ဒါ​န​ကြောင့် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​ပြု​လေ​ရာ​ရာ၊ လုပ်​ဆောင်​လေ​ရာ​ရာ၌ ကောင်း​ချီး​ပေး​တော်​မူ​မည်။ သင့်​နေ​ရာ​ပြည်၌ ဆင်း​ရဲ​သား​မ​ပြတ်​ရ။ ထို​ကြောင့်၊ သင့်​ပြည်၌ ဆင်း​ရဲ​ငတ်​မွတ်​သော ညီ​အစ်​ကို​ချင်း​တို့​အား သင်၏​လက်​ကို ကျယ်​ကျယ်​ဖွင့်​ရ​မည်​အ​ကြောင်း ငါ​မှာ​ထား၏။ သင်၏​ညီ​အစ်​ကို​ချင်း၊ ဟေ​ဗြဲ​အ​မျိုး​ယောက်ျား မိန်း​မ​သည် သင်၌​ကျွန်​ဖြစ်၍၊ ခြောက်​နှစ်​အ​စေ​ခံ​ပြီး​မှ၊ သ​တ္တ​မ​နှစ်​ရောက်​လျှင် လွှတ်​ရ​မည်။ လွှတ်​သော​အ​ခါ၊ လက်​ချည်း​မ​လွှတ်​ဘဲ၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​ချီး​ပေး​တော်​မူ​သည်​အ​တိုင်း၊ သင်၏​သိုး​စု၊ ကောက်​နယ်​တ​လင်း၊ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ထဲ​က များ​စွာ​ပေး​ရ​မည်။ သင်​သည် အဲ​ဂု​တ္တု​ပြည်၌ ကျွန်​ခံ​ခဲ့​ဖူး​ကြောင်း​ကို​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ရွေး​နုတ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အောက်​မေ့​ရ​မည်။ ထို​ကြောင့် ဤ​ပ​ညတ်​ကို ယ​နေ့​ငါ​ထား၏။ သို့​ရာ​တွင် ကျွန်​က၊ ကျွန်​တော်​သည် မ​ထွက်​မ​သွား​လို​ပါ။ ကိုယ်​တော်​နှင့် ကိုယ်​တော် အိမ်​သူ​အိမ်​သား​တို့​ကို ချစ်​ပါ၏။ နေ၍​ပျော်​ပါ၏ ဟု​ဆို​လျှင်၊ သင်​သည် စူး​ကို​ယူ၍ တံ​ခါး၌ ကျွန်၏​နား​ရွက်​ကို ဖောက်​ပြီး​မှ၊ သူ​သည် အ​စဉ်​အ​မြဲ​ကျွန်​ခံ​ရ​မည်။ ထို​အ​တူ ကျွန်​မ၌​လည်း ပြု​ရ​မည်။ သင်၏​ကျွန်​ကို​လွှတ်​သော​အ​ခါ ခက်​သည်​ဟူ၍ မ​ထင်​ရ။ အ​ကြောင်း​မူ​ကား၊ ခြောက်​နှစ်​ပတ်​လုံး အ​စေ​ခံ​သ​ဖြင့်၊ သူ​ငှား​ဆောင်​ရွက်​သော အ​မှု​နှစ်​ဆ​ကို သူ​သည်​ဆောင်​ရွက်​လေ​ပြီ။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​လည်း သင်​ပြု​လေ​ရာ​ရာ၌ ကောင်း​ချီး​ပေး​တော်​မူ​မည်။