YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 8

8
သိုး​နှင့်​ဆိတ်​ရူ​ပါ​ရုံ
1ဗေ​လ​ရှာ​ဇာ​မင်း​ကြီး နန်း​စံ​သုံး​နှစ်​တွင်၊ ငါ ဒံ​ယေ​လ​သည် ယ​ခင် ဗျာ​ဒိတ်​တော်​ကို မြင်​ပြီး​သည်​နောက်၊ တစ်​ဖန် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​ရ​သော​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ 2ဧ​လံ​ပြည်၊ ရှု​ရှန်​မြို့​တော်၌ ဥ​လဲ​မြစ်​နား​မှာ ငါ​ရှိ​စဉ်၊ ရူ​ပါ​ရုံ​ထင်​ရှား၍၊ 3ငါ​မျှော်​ကြည့်​သော်၊ ရှည်​လျား​သော ချို​နှစ်​ချောင်း​ရှိ​သော သိုး​တစ်​ကောင်​သည် မြစ်​တစ်​ဖက်၌ ရပ်​နေ၏။ ထို​ချို​နှစ်​ချောင်း​သည် မ​ညီ၊ တစ်​ချောင်း​သာ၍ ရှည်၏။ သာ၍ ရှည်​သော​ချို​သည် နောက်​ပေါက်​သ​တည်း။ 4ထို​သိုး​သည် အ​နောက်၊ တောင်၊ မြောက်၊ သုံး​မျက်​နှာ​သို့ တိုး​ခွေ့​သော​ကြောင့် အ​ဘယ်​တိ​ရ​စ္ဆာန်​မျှ မ​ခံ​နိုင်၊ အ​ဘယ်​သူ​မျှ သူ့​လက်​မှ မ​ကယ်​မ​လွှတ်​နိုင်​သည် ဖြစ်၍ မိ​မိ​အ​လို​ရှိ​သည်​အ​တိုင်း ပြု​သ​ဖြင့် ကြီး​မား​ခြင်း​သို့ ရောက်​လေ၏။
5ထို​အ​မှု​ကို ငါ​ဆင်​ခြင်​လျက်​နေ​သော​အ​ခါ၊ မျက်​စိ​နှစ်​လုံး​ကြား၌ ထူး​ဆန်း​သော ချို​တစ်​ချောင်း​ရှိ​သော ဆိတ်​တစ်​ကောင်​သည် အ​နောက်​မျက်​နှာ​က​လာ၍၊ မြေ​ကို​မ​နင်း​ဘဲ မြေ​ကြီး​တစ်​ပြင်​လုံး​ကို ကျော်​လေ၏။ 6ချို​နှစ်​ချောင်း​နှင့် မြစ်​တစ်​ဘက်၌ ထင်​ရှား​သော သိုး​ရှိ​ရာ​သို့ ပြင်း​စွာ​သော အ​ဟုန်​နှင့်​ပြေး၍၊ 7အ​နား​သို့ ရောက်​သော​အ​ခါ၊ ပြင်း​စွာ အ​မျက်​ထွက်​သ​ဖြင့် သိုး​ကို ခတ်၍ သိုး​ချို​နှစ်​ချောင်း​ကို ချိုး​ဖဲ့၏။ သိုး​သည် ခံ​နိုင်​သော တန်​ခိုး​မ​ရှိ​သည် ဖြစ်၍ ဆိတ်​သည် သူ့​ကို​မြေ၌​လှဲ၍ နင်း​လေ၏။ သူ့​လက်​မှ အ​ဘယ်​သူ​မျှ သိုး​ကို မ​ကယ်​မ​လွှတ်​နိုင်။ 8သို့​ဖြစ်၍၊ ထို​ဆိတ်​သည် အ​လွန်​ကြီး​မား​ခြင်း​သို့ ရောက်​လေ၏။ ခွန်​အား​ကြီး​သော​အ​ခါ ချို​ကြီး​ကျိုး​ပဲ့၏။ ထို​ချို​အ​ရာ၌ ထူး​ဆန်း​သော ချို​လေး​ချောင်း​ပေါက်၍၊ မိုး​ကောင်း​ကင်​လေး​မျက်​နှာ​သို့ မျက်​နှာ​ပြု​ကြ၏။ 9ထို​ချို​လေး​ချောင်း​တွင် တစ်​ချောင်း​ထဲ​က အ​ခြား​သော ချို​တက်​တစ်​ချောင်း​ပေါက်​ပြန်၍ တောင်​မျက်​နှာ​သို့​လည်း​ကောင်း၊ အ​ရှေ့​မျက်​နှာ​သို့​လည်း​ကောင်း၊ သာ​ယာ​သော​ပြည်​သို့​လည်း​ကောင်း မျက်​နှာ​ပြု၍၊ အ​လွန်​ကြီး​မား​ခြင်း​သို့ ရောက်​လေ၏။ 10ကောင်း​ကင်​ဗိုလ်​ခြေ​တိုင်​အောင် ကြီး​မား၍၊ ထို​ဗိုလ်​ခြေ​အ​ချို့​တို့​နှင့် ကြယ်​အ​ချို့​တို့​ကို မြေ​သို့​ချ၍ နင်း​လေ၏။#ဗျာ၊ ၁၂:၄။ 11ထို​မျှ​မ​က၊ ဗိုလ်​ခြေ​သ​ခင်​တိုင်​အောင် ထောင်​လွှား​ခြင်း​ကို ပြု​လျက်၊ နေ့​ရက်​အ​စဉ် ပြု​သော​ဝတ်​ကို​ပယ်၍၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ရှုတ်​ချ​လေ၏။ 12အ​ပြစ်​များ​သော​ကြောင့် နေ့​ရက်​အ​စဉ် ပြု​သော​ဝတ်​နှင့်​တ​ကွ ဗိုလ်​ခြေ​ကို​လည်း ထို​ချို​သည်​ရ၍ သ​မ္မာ​တ​ရား​ကို မြေ​သို့​နှိမ့်​ချ၏။ ထို​သို့​ပြု၍ အောင်​မြင်​ခြင်း​သို့ ရောက်​လေ၏။
13ထို​အ​ခါ သန့်​ရှင်း​သူ​တစ်​ပါး၏ စ​ကား​ပြော​သံ​ကို ငါ​ကြား၏။ သန့်​ရှင်း​သူ​တစ်​ပါး​က၊ ယ​ခင်​ပြော​သော​သူ​ကို ဟစ်၍၊ သန့်​ရှင်း​ရာ​ဌာ​န​နှင့် ဗိုလ်​ခြေ​ကို နင်း​ခြင်း​အ​လို​ငှာ နေ့​ရက်​အ​စဉ် ပြု​သော​ဝတ်​ကို ပယ်​ခြင်း​နှင့်​လည်း​ကောင်း၊ ဖျက်​ဆီး​တတ်​သော လွန်​ကျူး​ခြင်း​နှင့်​လည်း​ကောင်း စပ်​ဆိုင်​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး တည်​လိမ့်​မည်​နည်း​ဟု မေး​မြန်း​လျှင်၊ 14ယ​ခင်​ပြော​သော​သူ​က ရက်​ပေါင်း​နှစ်​ထောင်​သုံး​ရာ တိုင်​တိုင်​တည်​လိမ့်​မည်။ ထို​နောက် သန့်​ရှင်း​ရာ​ဌာ​န​ကို တစ်​ဖန် ဆေး​ကြော​သုတ်​သင်​ကြ​လိမ့်​မည်​ဟု ပြန်၍ ပြော​ဆို၏။
ရူ​ပါ​ရုံ​အ​နက်​ကို​ဂါ​ဗြေ​လ​ဖော်​ပြ​ခြင်း
15ငါ​ဒံ​ယေ​လ​သည် ထို​ရူ​ပါ​ရုံ​ကို​မြင်၍ အ​နက်​ကို ရှာ​ဖွေ​သော​အ​ခါ၊ လူ​သ​ဏ္ဌာန်​ရှိ​သော သူ​တစ်​ဦး​သည် ငါ့​ရှေ့​တွင် ရပ်​နေ၏။ 16အ​ခြား​သော​သူ​က၊ အို​ဂါ​ဗြေ​လ၊ ထို​သူ​သည် ယ​ခု​မြင်​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို နား​လည်​စေ​ခြင်း​ငှာ အ​နက်​ကို ပြန်​ပြော​လော့​ဟု၊ ဥ​လဲ​မြစ်​နား​ကြား​မှာ လူ​အ​သံ​နှင့် ဟစ်၍ ပြော​ဆို​သည်​ကို ငါ​ကြား၏။#လု၊ ၁:၁၉၊ ၂၆။ 17ထို​သူ​သည် ငါ​ရပ်​နေ​ရာ​အ​ပါး​သို့​လာ​လျှင်၊ ငါ​သည် ကြောက်​ရွံ့၍ ပျပ်​ဝပ်​လျက်​နေ၏။ ထို​သူ​က၊ အ​ချင်း​လူ​သား၊ နား​လည်​လော့။ ဤ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည် အ​မှု​ကုန်​ရ​သော​ကာ​လ​နှင့် ဆိုင်​သည်​ဟု ငါ့​အား ပြော​ဆို၏။ 18ထို​သို့ ဆို​သော​အ​ခါ ငါ​သည် မြေ​ပေါ်​မှာ​ပျပ်​ဝပ်၍ မိန်း​မော​တွေ​ဝေ​လျက်​နေ၏။ ထို​သူ​သည် ငါ့​ကို​လက်​နှင့်​တို့၍ ယ​ခင်​နေ​ရာ၌ မတ်​တတ်​နေ​စေ​ပြီး​လျှင်၊ 19ဒေါ​သ​အ​မျက်​တော်​အ​ဆုံး၌ ဖြစ်​လ​တ္တံ့​သော​အ​ရာ​ကို ငါ​ကြား​ပြော​ဦး​မည်။ ချိန်း​ချက်​သော​အ​ချိန်၌ လက်​စ​သတ်​လိမ့်​မည်။
20ချို​နှစ်​ချောင်း​နှင့် ပေါ်​လာ​သော​သိုး​သည် မေ​ဒိ​ရှင်​ဘု​ရင်၊ ပေ​ရ​သိ​ရှင်​ဘု​ရင် ဖြစ်၏။ 21အ​မွေး​ကြမ်း​သော ဆိတ်​သည် ဟေ​လ​သ​ရှင်​ဘု​ရင် ဖြစ်၏။ မျက်​စိ​နှစ်​လုံး​ကြား၌​ရှိ​သော ချို​ကြီး​သည် ပ​ထ​မ​မင်း​ဖြစ်၏။ 22ထို​ချို​ကျိုး​ပဲ့၍၊ သူ့​အ​ရာ၌ ချို​လေး​ချောင်း​ပေါက်​သည်​မှာ အ​ရင်​နိုင်​ငံ​တွင် နိုင်​ငံ​လေး​ပါး ထည်​ထောင်​လိမ့်​မည်။ အ​ရင်​နိုင်​ငံ၏​တန်​ခိုး​နှင့် မ​ပြည့်​စုံ​ကြ။ 23ထို​နိုင်​ငံ​တို့၏ အ​ဆုံး​စွန်​သော​ကာ​လ၌ လွန်​ကျူး​သော သူ​တို့၏​အ​ပြစ် ပြည့်​စုံ​သော​အ​ခါ၊ ရဲ​ရင့်​သော မျက်​နှာ​ရှိ၍ ပ​ရိ​ယာယ်​တို့​ကို နား​လည်​သော မင်း​ကြီး​တစ်​ပါး ပေါ်​လာ​လိမ့်​မည်။ 24ထို​မင်း​ကြီး​သည် ကိုယ်​တန်​ခိုး​မ​ရှိ​ဘဲ​လျက် တန်​ခိုး​ကြီး​လိမ့်​မည်။ အ​ထူး​သ​ဖြင့် ဖျက်​ဆီး၍ တိုး​ပွား အောင်​မြင်​လိမ့်​မည်။ စွမ်း​အား​ကြီး​သော​လူ​စု၊ သန့်​ရှင်း​သော လူ​စု​ကို​ပင် ဖျက်​ဆီး​လိမ့်​မည်။ 25သူ​သည် လိ​မ္မာ​စွာ​ပြု​သ​ဖြင့်၊ မု​သား​လည်း အောင်​မြင်​လိမ့်​မည်။ စိတ်​ထောင်​လွှား​ခြင်း​နှင့်​တ​ကွ မိတ်​သ​ဟာ​ယ​ဖွဲ့​သော​အား​ဖြင့် လူ​များ​တို့​ကို ဖျက်​ဆီး၍၊ သ​ခင်​တို့၏​သ​ခင်​ကို ဆန့်​ကျင်​ဘက် ပြု​လိမ့်​မည်။ သို့​သော်​လည်း၊ လူ​လက်​ဖြင့် ဒဏ်​မ​ခတ်​ဘဲ ကျိုး​ပဲ့​ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။ 26ညဉ့်ဦး​နှင့် နံ​နက်​ကို ဖော်​ပြ​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​စ​ကား မှန်​သည်​ဖြစ်၍ ထို​စ​ကား​ကို တံ​ဆိပ်​ခတ်​ထား​လော့။ တာ​ရှည်​သော ကာ​လ​တိုင်​တိုင် တည်​လိမ့်​မည်​ဟု ဆို၏။
27ထို​အ​ခါ ငါ​ဒံ​ယေ​လ​သည် မော၍ နာ​လျက်​နေ၏။ တစ်​ဖန် အ​နာ​မှ​ထ​မြောက်၍ ဘု​ရင်၏​အ​မှု​တော်​ကို ဆောင်​ရွက်၏။ မြင်​ပြီး​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို ငါ​အံ့​ဩ​သော်​လည်း ထို​အ​မှု​ကို အ​ဘယ်​သူ​မျှ မ​ရိပ်​မိ​ကြ။

လက်ရှိရွေးချယ်ထားမှု

ဒံယေလ 8: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ