အနှစ်လေးဆယ်လွန်သောအခါ၊ သိနာတောင် ခြေရင်းတောတွင်၊ မီးလောင်သောချုံ၌ ထာဝရဘုရား၏ကောင်းကင်တမန် ထင်ရှား၏။- ထိုရူပါရုံကို မြင်သောအခါ မောရှေသည် အံ့ဩ၍ စေ့စေ့ကြည့်ရှုခြင်းငှာ အနားသို့ချဉ်းကပ်လျှင်၊- ငါကား သင့်ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏ဟု ထာဝရဘုရား၏ ဗျာဒိတ်တော်အသံ ထွက်တော်မူ၏။ ထိုအခါ မောရှေသည် တုန်လှုပ်လျက် စေ့စေ့မကြည့်ဝံ့။- ထာဝရဘုရားကလည်း၊ သင်၏ခြေနင်းကို ချွတ်လော့။ သင်နင်းသောအရပ်ကား သန့်ရှင်းသောမြေဖြစ်၏။- အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့သည် ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ညည်းတွားမြည်တမ်းသော အသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့ကို ကယ်နုတ်ခြင်းငှာ ငါဆင်းလာပြီ။ ယခုသွားလော့။ သင့်ကို အဲဂုတ္တုပြည်သို့ငါစေလွှတ်မည်ဟု ဗျာဒိတ်တော်ရှိ၏။- အဘယ်သူသည် သင့်ကို အကဲအမှူး တရားသူကြီးအရာ၌ ခန့်ထားသနည်းဟူ၍ အငြင်းအပယ်ခံရသော ထိုမောရှေကို အကဲအမှူး၊ ကယ်လွှတ်သောသူ ဖြစ်စေခြင်းငှာ၊ ဘုရားသခင်သည် ချုံ၌ထင်ရှားသော ကောင်းကင်တမန်အားဖြင့် စေခန့်တော်မူ၏။- ထိုသူသည် ဣသရေလအမျိုးသားတို့ကို နုတ်ဆောင်၍ အနှစ်လေးဆယ်ပတ်လုံး အဲဂုတ္တုပြည်၌လည်းကောင်း၊ ဧဒုံပင်လယ်၌လည်းကောင်း၊ တော၌လည်းကောင်း၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြုလေ၏။ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည်၊ သင်တို့ အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသော ပရောဖက်တစ်ပါးကို သင်တို့အဖို့ ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက်၏ စကားကို နားထောင်ရကြမည်ဟု ဣသရေလအမျိုးသားတို့အား ပြောဆိုသောသူကား အခြားသူမဟုတ်၊ ထိုမောရှေပင်ဖြစ်သတည်း။- ထိုသူသည် တောတွင်ရှိသော အစည်းအဝေး၌လည်းကောင်း၊ သိနာတောင်ပေါ်မှာ သူ့ကိုနှုတ်ဆက်သော ကောင်းကင်တမန်နှင့်လည်းကောင်း၊ ငါတို့အဘများနှင့်လည်းကောင်း ရှိ၏။ ထိုသူသည် ငါတို့အား အပ်ပေးခြင်းငှာ အသက်ရှင်စေသော ဗျာဒိတ်တော်ကို ခံလေ၏။- ထိုသူ၏စကားကို ငါတို့အဘများသည် နားမထောင်လိုဘဲလျက် ပယ်၍၊- ငါတို့ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဖို့လုပ်ပါ။ ငါတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်ခဲ့သော ထိုမောရှေ၌ အဘယ်သို့ ဖြစ်သည်ကို ငါတို့မသိဟု အဲဂုတ္တုပြည်သို့ ပြန်ချင်သောစိတ်နှင့် အာရုန်ကို ပြောဆိုကြ၏။- ထိုနေ့ရက်ကာလ၌ နွားသငယ်ကို လုပ်၍ ထိုရုပ်တုအား ယဇ်ပူဇော်သဖြင့် မိမိတို့လက်နှင့် လုပ်သောအရာ၌ပင် ပျော်မွေ့ကြ၏။ အနာဂတ္တိကျမ်း၌ လာသည်ကား၊- အို ဣသရေလအမျိုး၊ သင်တို့သည် စီရင်သော တိရစ္ဆာန်နှင့် ယဇ်များကို တော၌အနှစ်လေးဆယ်ပတ်လုံး ငါ့အား ပူဇော်ကြသလော။- သင်တို့သည် မောလုပ်၏တဲနှင့် သင်တို့ဘုရား ရင်ဖန်၏ကြယ်တည်းဟူသော ကိုးကွယ်ဖို့ရာ မိမိတို့လုပ်သောပုံတို့ကို ဆောင်ရွက်ကြပြီ တကား။ ထိုကြောင့် ငါသည် သင်တို့ကို ဗာဗုလုန်မြို့ တစ်ဖက်သို့ ဆောင်သွားမည်ဟု ကျမ်းလာရှိသည်နှင့်အညီ၊ ဘုရားသခင်သည် မျက်နှာတော်ကိုလွှဲ၍၊ ကောင်းကင်တန်ဆာများတို့အား ဝတ်ပြုစေခြင်းငှာ ထိုသူတို့ကို စွန့်ပစ်ထားတော်မူ၏။
တမန်တော် 7 ကိုဖတ်ပါ။
နားထောင်ပါ။ တမန်တော် 7
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော် 7:30-43
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို