ထိုနောက်မှ ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ ရောက်လေ၏။ လုတ္တရမြို့၌ တိမောသေအမည်ရှိသော တပည့်တော်တစ်ယောက် ရှိ၏။ သူ၏အမိကား၊ ယုံကြည်သော ယုဒမိန်းမဖြစ်၏။ အဘကား၊ ဟေလသလူဖြစ်၏။- ထိုသူသည်လုတ္တရမြို့၊ ဣကောနိမြို့၌ရှိသော ညီအစ်ကိုတို့တွင် အသရေရှိသောသူဖြစ်၏။- ပေါလုသည် ထိုသူကိုခေါ်ခြင်းငှာ အလိုရှိ၍၊ သူ၏အဘသည် ဟေလသလူဖြစ်သည်ကို ထိုအရပ်တို့၌ရှိသော ယုဒလူအပေါင်းတို့သည် သိသောကြောင့်၊ အရေဖျားလှီးခြင်းကို သူ့အားပေးလေ၏။- သူတို့သည် မြို့များကိုလျှောက်သွားစဉ်တွင်၊ ယေရုရှလင်မြို့၌ နေသောတမန်တော်တို့နှင့် သင်းအုပ်တို့သည် စီရင်သောပညတ်တို့ကို အသင်းများကျင့်စောင်ဖို့ရာ အပ်ပေးကြ၏။- ထိုသို့အသင်းတော်တို့သည် ယုံကြည်ခြင်း၌ တည်ကြည်မြဲမြံသည်ဖြစ်၍၊ အရေအတွက်အားဖြင့် တစ်နေ့ထက်တစ်နေ့ တိုးပွားများပြားကြ၏။ ဖြူဂိပြည်၊ ဂလာတိပြည်ကို လျှောက်သွားပြီးမှ အာရှိပြည်၌ နှုတ်ကပတ်တရားတော်ကို မဟောစေခြင်းငှာ သန့်ရှင်းသော ဝိညာဉ်တော်သည် မြစ်တားတော်မူသဖြင့်၊- မုသိပြည်သို့ရောက်၍၊ ဗိသုနိပြည်သို့ သွားမည်ပြုကြစဉ်၊ ဝိညာဉ်တော်သည် အခွင့်ပေးတော်မမူသောကြောင့်၊- မုသိပြည်အနားမှာလျှောက်၍ တရောမြို့သို့ ရောက်ကြ၏။ ညအခါပေါလုသည် ဗျာဒိတ်ရူပါရုံကိုမြင်ရ၍၊ မာကေဒေါနိ လူတစ်ယောက်က၊ မာကေဒေါနိပြည်သို့ ကူးပါ။ ငါတို့ကိုမစပါဟု ရပ်လျက် တောင်းပန်၏။- ထိုဗျာဒိတ်ရူပါရုံကို မြင်ရလျှင်၊ မာကေဒေါနိပြည်၌ ဧဝံဂေလိတရားကို ဟောစေခြင်းငှ သခင်ဘုရားသည် ငါတို့ကိုခေါ်တော်မူသည်ဟု ငါတို့သဘောကျသဖြင့်၊ ထိုပြည်သို့သွားခြင်းငှာ ချက်ချင်းရှာကြံကြ၏။ ထိုကြောင့်၊ တရောမြို့မှ သင်္ဘောလွှင့်၍ သာမောသရက်ကျွန်းသို့ တည့်တည့်သွားသဖြင့်၊ နက်ဖြန်နေ့၌ နာပေါလိမြို့သို့ ရောက်ကြ၏။- ထိုမြို့မှထွက်ပြန်လျှင် မင်းမှုလွတ်သောမြို့တည်းဟူသော မာကေဒေါနိပြည်တစ်ပိုင်းကို အစိုးရသော ဖိလိပ္ပိမြို့သို့ရောက်၍ ကာလအတန်အရာ နေကြ၏။ ဥပုသ်နေ့၌ ငါတို့သည် မြို့ပြင်သို့ထွက်လျှင်၊ ပတ္ထနာဇရပ်ရှိတတ်ရာ မြစ်နားသို့သွား၍ ထိုင်ပြီးမှ၊ ထိုအရပ်၌စည်းဝေးသော မိန်းမတို့အား ဟောပြောကြ၏။- ထိုအခါ နီမောင်းသောအထည်အလိပ်ကို ရောင်းသော သွာတိရဲမြို့သူ လုဒိအမည်ရှိသော မိန်းမတစ်ယောက်သည် ဘုရားသခင်ကို ကိုးကွယ်သောသူဖြစ်၍၊ တရားနာစဉ်တွင် ပေါလုဟောပြောသောအရာကို မှီဝဲဆည်းကပ်စေခြင်းငှာ သူ၏စိတ်နှလုံးကို သခင်ဘုရား ဖွင့်တော်မူ၏။- ထိုမိန်းမသည် အိမ်သူအိမ်သားတို့နှင့်တကွ ဗတ္တိဇံကိုခံပြီးမှ၊ ကျွန်မသည် သခင်ဘုရား၌ အမှန်ယုံကြည်သည်ကို သင်တို့သည် ထင်မှတ်လျှင်၊ ကျွန်မအိမ်သို့ ဝင်၍နေကြပါဟု တောင်းပန်လျက် ငါတို့ကို အနိုင်သွေးဆောင်လေ၏။ ထိုနောက်မှ ငါတို့သည် ပတ္ထနာဇရပ်သို့ သွားစဉ်တွင် နတ်ဝင်ဖြစ်၍ အနာဂတ်ကိုဟောသဖြင့်၊ မိမိသခင်တို့အား စီးပွားများကို ပြုတတ်သော မိန်းမငယ်တစ်ယောက်သည် ငါတို့ကိုဆီးကြိုလေ၏။- ထိုမိန်းမငယ်သည် ပေါလုနှင့် ငါတို့နောက်သို့လိုက်၍၊ ဤသူတို့ကား အကျွတ်တရားလမ်းကို ငါတို့အား ဟောပြောပြသသော အမြင့်ဆုံးသော ဘုရားသခင်၏ကျွန်ဖြစ်ကြ၏ဟု ဟစ်ကြော်လေ၏။- ထိုသို့ အဖန်များစွာပြုသောကြောင့် ပေါလုသည် စိတ်မသာလျက်လှည့်ကြည့်၍၊ သင်သည် သူ၏အထဲမှ ထွက်သွားလော့။ ယေရှုခရစ်၏နာမတော်ကို အမှီပြု၍ ငါအမိန့်ရှိ၏ဟု ထိုနတ်ကိုဆိုသောခဏချင်းတွင် နတ်သည်ထွက်သွား၏။- သူ၏သခင်တို့သည် နောက်တစ်ဖန် စီးပွားဖြစ်လိမ့်မည်ဟု မျှော်လင့်စရာအကြောင်း မရှိသည်ကို သိမြင်လျှင်၊ ပေါလုနှင့် သိလတို့ကို ဖမ်းဆီးဆွဲငင်၍ ရုံးတော်သို့ပို့ကြ၏။- စစ်ကဲမင်းထံသို့ရောက်သောအခါ ဤသူတို့သည် ယုဒလူဖြစ်လျက် ငါတို့မြို့ကို နှောင့်ယှက်တတ်ပါ၏။- ရောမလူဖြစ်သောငါတို့သည် မခံမယူ မကျင့်အပ်သော ဘာသာထုံးတမ်းများကို ဟောပြောသွန်သင်တတ်ပါ၏ဟု လျှောက်ဆိုကြလျှင်၊- စုဝေးသောလူတို့သည် သူတို့တစ်ဖက်၌ တစ်ပြိုင်နက်ထကြ၏။ စစ်ကဲမင်းတို့လည်း သူတို့၏ အဝတ်ကိုချွတ်၍ ကြိမ်လုံးနှင့်ရိုက်စေခြင်းငှာ စီရင်ကြ၏။- ရိုက်၍ ဒဏ်ချက်များရှိပြီးမှ၊ လုံခြုံစွာစောင့်စေဟု ထောင်မှူးကိုမှာလိုက်၍ ထောင်ထဲမှာ လှောင်ထားကြ၏။- ထိုသို့မှာလိုက်သည်အတိုင်း ထောင်မှူးသည် အတွင်းထောင်ထဲမှာ လှောင်၍ ထိတ်ခတ်လျက်ထား၏။ သန်းခေါင်အချိန်၌ ပေါလုနှင့် သိလတို့သည် ပတ္ထနာပြု၍ ဘုရားသခင်ကိုချီးမွမ်းလျက် သီချင်းဆိုလေ၏။ ထောင်ထဲမှာ နှောင်ဖွဲ့ခြင်းကိုခံရသော သူတို့သည် နားထောင်ကြ၏။- ထိုခဏချင်းတွင် မြေကြီးသည်ပြင်းစွာလှုပ်သောကြောင့် ထောင်ခြေရင်းလည်း လှုပ်ရှား၏။ တံခါးရှိသမျှတို့သည် ချက်ချင်းပွင့်၍ လူအပေါင်းတို့သည် နှောင်ဖွဲ့ခြင်းနှင့် လွတ်ကြ၏။- ထောင်မှူးသည်နိုး၍ ထောင်တံခါးများ ပွင့်လျက်ရှိသည်ကို မြင်လျှင်၊ နှောင်ဖွဲ့ခြင်းကို ခံရသောသူတို့သည် ထွက်ပြေးကြပြီဟု ထင်မှတ်သည်နှင့်၊ ဓားကို အိမ်မှဆွဲထုတ်၍ ကိုယ်အသက်ကိုသတ်မည် ပြုလေ၏။- ပေါလုကလည်း၊ ကိုယ်ကိုအပြစ်မပြုနှင့်။ ငါတို့အပေါင်းသည် ရှိကြ၏ဟု ကြီးသောအသံနှင့် ဟစ်၍ပြောဆို၏။- ထောင်မှူးသည် ညှိထွန်းသောမီးကို တောင်းပြီးမှ ပြေးဝင်၍၊ ပေါလုနှင့် သိလတို့၏ခြေရင်း၌ တုန်လှုပ်လျက် ပျပ်ဝပ်လေ၏။- သူတို့ကို ပြင်သို့ထုတ်ပြီးလျှင်လည်း၊ သခင်တို့၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှာ အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်လေ၏။- ထိုသူတို့ကလည်း၊ သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပြောဆိုလျက်၊- ထိုသူမှစ၍ သူ၏အိမ်၌ရှိသမျှသော သူတို့အား သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ဟောကြ၏။- ထိုည၊ ထိုအချိန်နာရီ၌ပင်၊ ထောင်မှူးသည် ပေါလုနှင့် သိလတို့ကိုယူ၍ ဒဏ်ချက်ရာများကို ဆေးကြောပြီးလျှင်၊ မိမိလူအပေါင်းတို့နှင့်တကွ ဗတ္တိဇံကို ချက်ချင်းခံလေ၏။- တစ်ဖန် ပေါလုနှင့် သိလတို့ကို မိမိအိမ်သို့ ခေါ်ပင့်ပြီးမှ သူတို့ကို လုပ်ကျွေး၍၊ ဘုရားသခင်ကို ယုံကြည်လျက် အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ ဝမ်းမြောက်ခြင်းသို့ ရောက်လေ၏။ နံနက်ရောက်သောအခါ စစ်ကဲတို့သည် ရုံးလုလင်တို့ကို စေလွှတ်၍၊ ထိုလူတို့ကို လွှတ်စေဟု မှာလိုက်ကြ၏။- ထိုစကားကိုထောင်မှူးသည် ပေါလုအား ကြားပြော၍၊ ကိုယ်တော်တို့ကို လွှတ်စေခြင်းငှာ စစ်ကဲတို့သည် စေလွှတ်ကြပါပြီ။ ထိုကြောင့်ယခုထွက်၍ ငြိမ်ဝပ်စွာ ကြွသွားတော်မူကြပါဟု လျှောက်လျှင်၊- ပေါလုက၊ ရောမလူဖြစ်သော ငါတို့ကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ စစ်ကဲတို့သည် ထင်ရှားစွာရိုက်၍ ထောင်ထဲမှာ လှောင်ထားပြီးမှ၊ တိတ်ဆိတ်စွာနှင့် ထုတ်ကြမည်လော။ ထိုသို့မပြုသင့်။ ကိုယ်တိုင်လာ၍ ငါတို့ကို နုတ်ယူကြစေဟု ရုံးလုလင်တို့အား ပြောဆို၏။- ထိုစကားကိုရုံးလုလင်တို့သည် စစ်ကဲတို့အား ကြားလျှောက်၍၊ ပေါလုနှင့် သိလတို့သည် ရောမလူဖြစ်ကြောင်းကို စစ်ကဲတို့သည် ကြားသိသောအခါ ကြောက်ခြင်းသို့ရောက်၍၊- ကိုယ်တိုင်လာပြီးလျှင် ချော့မော့သောစကားနှင့် သူတို့ကို နုတ်ယူ၍၊ ထိုမြို့မှ ထွက်သွားပါမည်အကြောင်း တောင်းပန်ကြ၏။- ထိုအခါ ပေါလုနှင့် သိလတို့သည် ထောင်မှထွက်၍ လုဒိအိမ်သို့ဝင်သဖြင့်၊ ညီအစ်ကိုများကို တွေ့မြင်၍ သက်သာစေပြီးမှ ထွက်သွားကြ၏။
တမန်တော် 16 ကိုဖတ်ပါ။
နားထောင်ပါ။ တမန်တော် 16
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော် 16:1-40
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို