တမန်တော် 16:1-40
တမန်တော် 16:1-40 Judson Bible (JBMLE)
ထိုနောက်မှ ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ ရောက်လေ၏။ လုတ္တရမြို့၌ တိမောသေအမည်ရှိသော တပည့်တော်တစ်ယောက် ရှိ၏။ သူ၏အမိကား၊ ယုံကြည်သော ယုဒမိန်းမဖြစ်၏။ အဘကား၊ ဟေလသလူဖြစ်၏။- ထိုသူသည်လုတ္တရမြို့၊ ဣကောနိမြို့၌ရှိသော ညီအစ်ကိုတို့တွင် အသရေရှိသောသူဖြစ်၏။- ပေါလုသည် ထိုသူကိုခေါ်ခြင်းငှာ အလိုရှိ၍၊ သူ၏အဘသည် ဟေလသလူဖြစ်သည်ကို ထိုအရပ်တို့၌ရှိသော ယုဒလူအပေါင်းတို့သည် သိသောကြောင့်၊ အရေဖျားလှီးခြင်းကို သူ့အားပေးလေ၏။- သူတို့သည် မြို့များကိုလျှောက်သွားစဉ်တွင်၊ ယေရုရှလင်မြို့၌ နေသောတမန်တော်တို့နှင့် သင်းအုပ်တို့သည် စီရင်သောပညတ်တို့ကို အသင်းများကျင့်စောင်ဖို့ရာ အပ်ပေးကြ၏။- ထိုသို့အသင်းတော်တို့သည် ယုံကြည်ခြင်း၌ တည်ကြည်မြဲမြံသည်ဖြစ်၍၊ အရေအတွက်အားဖြင့် တစ်နေ့ထက်တစ်နေ့ တိုးပွားများပြားကြ၏။ ဖြူဂိပြည်၊ ဂလာတိပြည်ကို လျှောက်သွားပြီးမှ အာရှိပြည်၌ နှုတ်ကပတ်တရားတော်ကို မဟောစေခြင်းငှာ သန့်ရှင်းသော ဝိညာဉ်တော်သည် မြစ်တားတော်မူသဖြင့်၊- မုသိပြည်သို့ရောက်၍၊ ဗိသုနိပြည်သို့ သွားမည်ပြုကြစဉ်၊ ဝိညာဉ်တော်သည် အခွင့်ပေးတော်မမူသောကြောင့်၊- မုသိပြည်အနားမှာလျှောက်၍ တရောမြို့သို့ ရောက်ကြ၏။ ညအခါပေါလုသည် ဗျာဒိတ်ရူပါရုံကိုမြင်ရ၍၊ မာကေဒေါနိ လူတစ်ယောက်က၊ မာကေဒေါနိပြည်သို့ ကူးပါ။ ငါတို့ကိုမစပါဟု ရပ်လျက် တောင်းပန်၏။- ထိုဗျာဒိတ်ရူပါရုံကို မြင်ရလျှင်၊ မာကေဒေါနိပြည်၌ ဧဝံဂေလိတရားကို ဟောစေခြင်းငှာသခင်ဘုရားသည် ငါတို့ကိုခေါ်တော်မူသည်ဟု ငါတို့သဘောကျသဖြင့်၊ ထိုပြည်သို့သွားခြင်းငှာ ချက်ချင်းရှာကြံကြ၏။ ထိုကြောင့်၊ တရောမြို့မှ သင်္ဘောလွှင့်၍ သာမောသရက်ကျွန်းသို့ တည့်တည့်သွားသဖြင့်၊ နက်ဖြန်နေ့၌ နာပေါလိမြို့သို့ ရောက်ကြ၏။- ထိုမြို့မှထွက်ပြန်လျှင် မင်းမှုလွတ်သောမြို့တည်းဟူသော မာကေဒေါနိပြည်တစ်ပိုင်းကို အစိုးရသော ဖိလိပ္ပိမြို့သို့ရောက်၍ ကာလအတန်အရာ နေကြ၏။ ဥပုသ်နေ့၌ ငါတို့သည် မြို့ပြင်သို့ထွက်လျှင်၊ ပတ္ထနာဇရပ်ရှိတတ်ရာ မြစ်နားသို့သွား၍ ထိုင်ပြီးမှ၊ ထိုအရပ်၌စည်းဝေးသော မိန်းမတို့အား ဟောပြောကြ၏။- ထိုအခါ နီမောင်းသောအထည်အလိပ်ကို ရောင်းသော သွာတိရဲမြို့သူ လုဒိအမည်ရှိသော မိန်းမတစ်ယောက်သည် ဘုရားသခင်ကို ကိုးကွယ်သောသူဖြစ်၍၊ တရားနာစဉ်တွင် ပေါလုဟောပြောသောအရာကို မှီဝဲဆည်းကပ်စေခြင်းငှာ သူ၏စိတ်နှလုံးကို သခင်ဘုရား ဖွင့်တော်မူ၏။- ထိုမိန်းမသည် အိမ်သူအိမ်သားတို့နှင့်တကွ ဗတ္တိဇံကိုခံပြီးမှ၊ ကျွန်မသည် သခင်ဘုရား၌ အမှန်ယုံကြည်သည်ကို သင်တို့သည် ထင်မှတ်လျှင်၊ ကျွန်မအိမ်သို့ ဝင်၍နေကြပါဟု တောင်းပန်လျက် ငါတို့ကို အနိုင်သွေးဆောင်လေ၏။ ထိုနောက်မှ ငါတို့သည် ပတ္ထနာဇရပ်သို့ သွားစဉ်တွင် နတ်ဝင်ဖြစ်၍ အနာဂတ်ကိုဟောသဖြင့်၊ မိမိသခင်တို့အား စီးပွားများကို ပြုတတ်သော မိန်းမငယ်တစ်ယောက်သည် ငါတို့ကိုဆီးကြိုလေ၏။- ထိုမိန်းမငယ်သည် ပေါလုနှင့် ငါတို့နောက်သို့လိုက်၍၊ ဤသူတို့ကား အကျွတ်တရားလမ်းကို ငါတို့အား ဟောပြောပြသသော အမြင့်ဆုံးသော ဘုရားသခင်၏ကျွန်ဖြစ်ကြ၏ဟု ဟစ်ကြော်လေ၏။- ထိုသို့ အဖန်များစွာပြုသောကြောင့် ပေါလုသည် စိတ်မသာလျက်လှည့်ကြည့်၍၊ သင်သည် သူ၏အထဲမှ ထွက်သွားလော့။ ယေရှုခရစ်၏နာမတော်ကို အမှီပြု၍ ငါအမိန့်ရှိ၏ဟု ထိုနတ်ကိုဆိုသောခဏချင်းတွင် နတ်သည်ထွက်သွား၏။- သူ၏သခင်တို့သည် နောက်တစ်ဖန် စီးပွားဖြစ်လိမ့်မည်ဟု မျှော်လင့်စရာအကြောင်း မရှိသည်ကို သိမြင်လျှင်၊ ပေါလုနှင့် သိလတို့ကို ဖမ်းဆီးဆွဲငင်၍ ရုံးတော်သို့ပို့ကြ၏။- စစ်ကဲမင်းထံသို့ရောက်သောအခါ ဤသူတို့သည် ယုဒလူဖြစ်လျက် ငါတို့မြို့ကို နှောင့်ယှက်တတ်ပါ၏။- ရောမလူဖြစ်သောငါတို့သည် မခံမယူ မကျင့်အပ်သော ဘာသာထုံးတမ်းများကို ဟောပြောသွန်သင်တတ်ပါ၏ဟု လျှောက်ဆိုကြလျှင်၊- စုဝေးသောလူတို့သည် သူတို့တစ်ဖက်၌ တစ်ပြိုင်နက်ထကြ၏။ စစ်ကဲမင်းတို့လည်း သူတို့၏ အဝတ်ကိုချွတ်၍ ကြိမ်လုံးနှင့်ရိုက်စေခြင်းငှာ စီရင်ကြ၏။- ရိုက်၍ ဒဏ်ချက်များရှိပြီးမှ၊ လုံခြုံစွာစောင့်စေဟု ထောင်မှူးကိုမှာလိုက်၍ ထောင်ထဲမှာ လှောင်ထားကြ၏။- ထိုသို့မှာလိုက်သည်အတိုင်း ထောင်မှူးသည် အတွင်းထောင်ထဲမှာ လှောင်၍ ထိတ်ခတ်လျက်ထား၏။ သန်းခေါင်အချိန်၌ ပေါလုနှင့် သိလတို့သည် ပတ္ထနာပြု၍ ဘုရားသခင်ကိုချီးမွမ်းလျက် သီချင်းဆိုလေ၏။ ထောင်ထဲမှာ နှောင်ဖွဲ့ခြင်းကိုခံရသော သူတို့သည် နားထောင်ကြ၏။- ထိုခဏချင်းတွင် မြေကြီးသည်ပြင်းစွာလှုပ်သောကြောင့် ထောင်ခြေရင်းလည်း လှုပ်ရှား၏။ တံခါးရှိသမျှတို့သည် ချက်ချင်းပွင့်၍ လူအပေါင်းတို့သည် နှောင်ဖွဲ့ခြင်းနှင့် လွတ်ကြ၏။- ထောင်မှူးသည်နိုး၍ ထောင်တံခါးများ ပွင့်လျက်ရှိသည်ကို မြင်လျှင်၊ နှောင်ဖွဲ့ခြင်းကို ခံရသောသူတို့သည် ထွက်ပြေးကြပြီဟု ထင်မှတ်သည်နှင့်၊ ဓားကို အိမ်မှဆွဲထုတ်၍ ကိုယ်အသက်ကိုသတ်မည် ပြုလေ၏။- ပေါလုကလည်း၊ ကိုယ်ကိုအပြစ်မပြုနှင့်။ ငါတို့အပေါင်းသည် ရှိကြ၏ဟု ကြီးသောအသံနှင့် ဟစ်၍ပြောဆို၏။- ထောင်မှူးသည် ညှိထွန်းသောမီးကို တောင်းပြီးမှ ပြေးဝင်၍၊ ပေါလုနှင့် သိလတို့၏ခြေရင်း၌ တုန်လှုပ်လျက် ပျပ်ဝပ်လေ၏။- သူတို့ကို ပြင်သို့ထုတ်ပြီးလျှင်လည်း၊ သခင်တို့၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှာ အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်လေ၏။- ထိုသူတို့ကလည်း၊ သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပြောဆိုလျက်၊- ထိုသူမှစ၍ သူ၏အိမ်၌ရှိသမျှသော သူတို့အား သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ဟောကြ၏။- ထိုည၊ ထိုအချိန်နာရီ၌ပင်၊ ထောင်မှူးသည် ပေါလုနှင့် သိလတို့ကိုယူ၍ ဒဏ်ချက်ရာများကို ဆေးကြောပြီးလျှင်၊ မိမိလူအပေါင်းတို့နှင့်တကွ ဗတ္တိဇံကို ချက်ချင်းခံလေ၏။- တစ်ဖန် ပေါလုနှင့် သိလတို့ကို မိမိအိမ်သို့ ခေါ်ပင့်ပြီးမှ သူတို့ကို လုပ်ကျွေး၍၊ ဘုရားသခင်ကို ယုံကြည်လျက် အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ ဝမ်းမြောက်ခြင်းသို့ ရောက်လေ၏။ နံနက်ရောက်သောအခါ စစ်ကဲတို့သည် ရုံးလုလင်တို့ကို စေလွှတ်၍၊ ထိုလူတို့ကို လွှတ်စေဟု မှာလိုက်ကြ၏။- ထိုစကားကိုထောင်မှူးသည် ပေါလုအား ကြားပြော၍၊ ကိုယ်တော်တို့ကို လွှတ်စေခြင်းငှာ စစ်ကဲတို့သည် စေလွှတ်ကြပါပြီ။ ထိုကြောင့်ယခုထွက်၍ ငြိမ်ဝပ်စွာ ကြွသွားတော်မူကြပါဟု လျှောက်လျှင်၊- ပေါလုက၊ ရောမလူဖြစ်သော ငါတို့ကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ စစ်ကဲတို့သည် ထင်ရှားစွာရိုက်၍ ထောင်ထဲမှာ လှောင်ထားပြီးမှ၊ တိတ်ဆိတ်စွာနှင့် ထုတ်ကြမည်လော။ ထိုသို့မပြုသင့်။ ကိုယ်တိုင်လာ၍ ငါတို့ကို နုတ်ယူကြစေဟု ရုံးလုလင်တို့အား ပြောဆို၏။- ထိုစကားကိုရုံးလုလင်တို့သည် စစ်ကဲတို့အား ကြားလျှောက်၍၊ ပေါလုနှင့် သိလတို့သည် ရောမလူဖြစ်ကြောင်းကို စစ်ကဲတို့သည် ကြားသိသောအခါ ကြောက်ခြင်းသို့ရောက်၍၊- ကိုယ်တိုင်လာပြီးလျှင် ချော့မော့သောစကားနှင့် သူတို့ကို နုတ်ယူ၍၊ ထိုမြို့မှ ထွက်သွားပါမည်အကြောင်း တောင်းပန်ကြ၏။- ထိုအခါ ပေါလုနှင့် သိလတို့သည် ထောင်မှထွက်၍ လုဒိအိမ်သို့ဝင်သဖြင့်၊ ညီအစ်ကိုများကို တွေ့မြင်၍ သက်သာစေပြီးမှ ထွက်သွားကြ၏။
တမန်တော် 16:1-40 Common Language Bible (BCL)
ပေါလုသည်ဒေရဗေမြို့နှင့်လုတ္တရမြို့သို့ရောက် ရှိလာ၏။ လုတ္တရမြို့တွင်တိမောသေနာမည်ရှိ သောတပည့်တော်တစ်ဦးရှိ၏။ သူ၏မိခင်သည် ယုံကြည်သူယုဒအမျိုးသမီးဖြစ်သော်လည်း သူ၏ဖခင်မှာဂရိအမျိုးသားဖြစ်၏။- သူသည်လုတ္တရမြို့နှင့်ဣကောနိမြို့ရှိ ညီအစ် ကိုတို့၏ချီးမွမ်းခြင်းကိုခံရ၏။- ပေါလုသည်သူ့ကိုမိမိနှင့်အတူလိုက်စေလို သဖြင့် သူ့အားအရေဖျားလှီးမင်္ဂလာပေး၏။ ဤသို့ပြုရခြင်းအကြောင်းမှာတိမောသေ၏ ဖခင်သည်ဂရိအမျိုးသားဖြစ်ကြောင်း ထို အရပ်ရှိယုဒအမျိုးသားတို့သိကြသော ကြောင့်ဖြစ်၏။- သူတို့သည်မြို့များကိုဖြတ်၍သွားကြသော အခါ ယေရုရှလင်မြို့၌နေသောတမန်တော် များနှင့်အသင်းတော်လူကြီးများပြဋ္ဌာန်း သောပညတ်များကိုရှင်းလင်းပြောပြကာ ယုံကြည်သူတို့လိုက်နာကျင့်သုံးရန်ညွှန် ကြားကြ၏။- သို့ဖြစ်၍အသင်းတော်တို့၏ယုံကြည်ခြင်း ပိုမိုခိုင်မြဲလာလျက် နေ့စဉ်နေ့တိုင်းအရေ အတွက်အားဖြင့်တိုးတက်များပြားလား ၏။ သူတို့သည်ဖြုဂိပြည်နှင့်ဂလာတိပြည်တို့ ကိုဖြတ်သွားကြ၏။ သန့်ရှင်းသောဝိညာဉ်တော် သည် သူတို့အားအာရှပြည်၌နှုတ်ကပတ်တရား တော်ကိုဟောပြောခွင့်ပေးတော်မမူ။- သူတို့သည်မုသိပြည်နယ်စပ်သို့ရောက်ကြသော အခါ ဗိသုန်ပြည်သို့သွားရန်ကြိုးစားကြ၏။ သို့ရာတွင်သခင်ယေရှု၏ဝိညာဉ်တော်ကခွင့် ပြုတော်မမူသဖြင့်၊- မုသိပြည်ကိုဖြတ်၍တရောမြို့သို့ရောက်ကြ၏။- ပေါလုသည်ညဥ့်အခါဗျာဒိတ်ရူပါရုံတွင် ``မာကေဒေါနိပြည်သို့ဖြတ်ကူး၍အကျွန်ုပ် တို့အားကူညီမစပါ'' ဟုမာကေဒေါနိ ပြည်သားတစ်ယောက်သည်ရပ်လျက်တောင်းပန် နေသည်ကိုမြင်ရ၏။- ဤသို့ဗျာဒိတ်ရူပါရုံကိုပေါလုမြင်ပြီးနောက် ချက်ချင်းပင်ကျွန်ုပ်တို့သည်မာကေဒေါနိပြည် သို့သွားရန်ပြင်ဆင်ကြ၏။ အဘယ်ကြောင့်ဆို သော်မာကေဒေါနိပြည်သားတို့အားသတင်း ကောင်းကိုဟောပြောရန် ကျွန်ုပ်တို့အားဘုရား သခင်စေခိုင်းတော်မူသည်ဟုဆုံးဖြတ်ချက် ချကြခြင်းကြောင့်ဖြစ်၏။ ကျွန်ုပ်တို့သည်တရောမြို့မှသာမောသရက် ကျွန်းသို့ တည့်တည့်သင်္ဘောလွှင့်ကြရာနောက် တစ်နေ့၌နာပေါလိမြို့သို့ရောက်ကြ၏။- ထိုမြို့မှဖိလိပ္ပိမြို့သို့သွားကြ၏။ ဖိလိပ္ပိမြို့ ကားမာကေဒေါနိပြည်ပထမနယ်၏မြို့တစ် မြို့ဖြစ်၏။ ရောမအမျိုးသားတို့အခြေစိုက် ရာမြို့လည်းဖြစ်၏။ ထိုမြို့တွင်ကျွန်ုပ်တို့သည် ရက်ပေါင်းများစွာနေထိုင်ကြပြီးသည့်နောက်၊- ဥပုသ်နေ့၌မြို့တံခါးအပြင်သို့ထွက်ကြ၏။ ထိုနောက်ဆုတောင်းပတ္ထနာပြုရန်နေရာရှိမည် အထင်နှင့်မြစ်ကမ်းနားသို့သွားရောက်၍ ထို အရပ်တွင်စုဝေးလျက်နေသည့်အမျိုးသမီး တို့အားဟောပြောကြ၏။- ထိုသူတို့အထဲတွင်သွာတိရဲမြို့သူ၊ ကမ္ဗလာ နီအထည်ကုန်သည်လုဒိနာမည်ရှိအမျိုး သမီးတစ်ယောက်ပါ၏။ သူသည်ဘုရားသခင် အားကိုးကွယ်သူတစ်ဦးဖြစ်၏။ သခင်ဘုရား သည်ပေါလုဟောပြောလျက်နေသောတရား စကားများကိုအာရုံစိုက်စေရန် ထိုအမျိုး သမီး၏စိတ်နှလုံးကိုပြုပြင်တော်မူ၏။- သူနှင့်တကွအိမ်သူအိမ်သားတို့သည်ဗတ္တိဇံ မင်္ဂလာခံယူကြ၏။ ထိုနောက်လုဒိက ``ကျွန်မ သည်သခင်ဘုရားကိုအကယ်ပင်ယုံကြည်သူ ဖြစ်သည်ဟု သင်တို့လက်ခံပါလျှင်ကျွန်မ၏ အိမ်သို့လာရောက်တည်းခိုကြပါ'' ဟုကျွန်ုပ် တို့အားဖျောင်းဖျလေသည်။ တစ်နေ့သ၌ကျွန်ုပ်တို့သည်ဆုတောင်းပတ္ထနာ ပြုရာအရပ်သို့သွားကြစဉ် ဗေဒင်ဟောနိုင် သောနတ်မိစ္ဆာပူးဝင်နေသူ၊ ငွေဝယ်ကျွန်မိန်းမ ငယ်တစ်ယောက်နှင့်တွေ့ဆုံ၏။ သူသည်ဤသို့ ဗေဒင်ဟောပြောခြင်းဖြင့် မိမိ၏သခင်ဖြစ် သူတို့အားကြေးငွေအမြောက်အမြား ရရှိစေ၏။- ထိုကျွန်မသည်ပေါလုနှင့်ကျွန်ုပ်တို့နောက် သို့လိုက်လျက် ``ဤသူတို့ကားအမြင့်ဆုံး သောဘုရား၏အစေခံများဖြစ်၍ သင်တို့ အားကယ်တင်ခြင်းတရားကိုဟောပြော သူများတည်း'' ဟုဟစ်အော်လေ၏။- ထိုသူငယ်မသည်ဤသို့ရက်ပေါင်းများစွာ ဟစ်အော်လျက်နေသဖြင့် ပေါလုသည်လွန်စွာ စိတ်အနှောင့်အယှက်ဖြစ်ရကား နောက်သို့လှည့် ၍ ``သင်သည်သူငယ်မအထဲမှထွက်သွားလော့။ ယေရှုခရစ်၏နာမတော်ကိုအမှီပြု၍ သင့် အားငါအမိန့်ပေး၏'' ဟုနတ်မိစ္ဆာအားဆို၏။ ထိုခဏ၌ပင်လျှင်နတ်မိစ္ဆာသည်ထွက်သွား ၏။- သူငယ်မ၏သခင်ဖြစ်သူတို့သည် မိမိတို့ ငွေဝင်ပေါက်ပိတ်သွားကြောင်းသိရှိကြသော အခါ ပေါလုနှင့်သိလတို့ကိုဖမ်းဆီး၍ အာဏာပိုင်များရှိရာမြို့တွင်းမြေကွက် လပ်သို့ဆွဲခေါ်သွားကြ၏။- ရောမအရာရှိတို့၏ရှေ့သို့ရောက်သောအခါ ``ဤသူတို့သည်ယုဒအမျိုးသားများဖြစ် ပါသည်။ ကျွန်တော်တို့မြို့တွင်ဆူပူမှုဖြစ် အောင်ပြုလျက်နေကြပါသည်။- ကျွန်တော်တို့တရားဥပဒေများနှင့် ဆန့်ကျင် သောထုံးတမ်းစဉ်လာများကိုသွန်သင်နေကြ ပါသည်။ ရောမအမျိုးသားများအနေဖြင့် ကျွန်ုပ်တို့သည် ထိုထုံးတမ်းစဉ်လာများကို လက်မခံနိုင်၊ မကျင့်သုံးနိုင်ပါ'' ဟုလျှောက် ထားကြ၏။- လူပရိသတ်ကလည်း ပေါလုနှင့်သိလတို့ ကိုဝိုင်း၍စွပ်စွဲကြ၏။ အရာရှိတို့သည်ထိုသူနှစ်ဦး၏အဝတ်များကို ဆွဲဖြဲ၍ ကြိမ်ဒဏ်ပေးစေရန်အမိန့်ချမှတ်ကြ၏။- စစ်သားများသည်လည်းပေါလုနှင့်သိလတို့ကို ပြင်းထန်စွာကြိမ်ဒဏ်ပေးပြီးလျှင်ထောင်ချထား ကြ၏။ သူတို့အားလုံခြုံစွာချုပ်နှောင်ထားရန် အမိန့်အရ၊- ထောင်မှူးသည်သူတို့အားအလုံထောင်သို့သွင်း ပြီးလျှင် ခြေများကိုထိတ်ခတ်၍ထားလေ၏။ သန်းခေါင်အချိန်ခန့်၌ပေါလုနှင့်သိလတို့သည် ပတ္ထနာပြုကာဘုရားသခင်၏ကျေးဇူးတော် ကိုချီးမွမ်းသီဆိုလျက်နေကြ၏။- ထိုအခါရုတ်တရက်မြေငလျင်ပြင်းစွာလှုပ် သဖြင့် အကျဉ်းထောင်၏အုတ်မြစ်သည်လှုပ်ရှား သွား၏။ ထောင်တံခါးရှိသမျှသည်ချက်ချင်း ပင်ပွင့်ထွက်သွားကုန်၏။ အကျဉ်းသားအပေါင်း တို့သည် သံကြိုးအနှောင်အဖွဲ့မှလွတ်မြောက် ကြကုန်၏။- ထောင်မှူးသည်အိပ်ရာမှနိုး၍ထောင်တံခါး များပွင့်လျက်နေသည်ကိုမြင်လျှင် အကျဉ်း သားများထွက်ပြေးကြပြီဟုထင်မှတ်သဖြင့် ဋ္ဌားကိုဆွဲထုတ်ပြီးလျှင်မိမိကိုယ်ကိုသတ် မည်ပြု၏။- သို့ရာတွင်ပေါလုက ``သင်၏ကိုယ်ကိုအန္တရာယ် မပြုနှင့်။ ငါတို့အားလုံးဤနေရာတွင်ရှိနေ ကြသည်'' ဟုကျယ်စွာဟစ်အော်၍ပြော၏။ ထောင်မှူးသည်မီးတိုင်ကိုတောင်းယူပြီးလျှင် ပြေးဝင်၍လာ၏။ သူသည်တုန်လှုပ်လျက် ပေါလုနှင့်သိလတို့၏ခြေရင်းတွင်ပျပ်ဝပ်၏။- ထိုနောက်သူတို့ကိုအပြင်သို့ခေါ်ဆောင်လာပြီး လျှင် ``အရှင်တို့၊ ကျွန်တော်သည်ကယ်တင်ခြင်း ခံရစေရန် အဘယ်သို့ပြုရပါမည်နည်း'' ဟု မေး၏။ သူတို့ကလည်း ``သခင်ယေရှုကိုယုံကြည် လော့။ သို့ယုံကြည်လျှင်သင်နှင့်တကွသင်၏ အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းကို ခံရကြလိမ့်မည်'' ဟုဆိုပြီးနောက်၊- ထိုသူနှင့်တကွသူ၏အိမ်တွင်ရှိသောသူ အပေါင်းတို့အား သခင်ဘုရား၏နှုတ် ကပတ်တရားတော်ကိုဟောပြောကြ၏။- ထိုညအချိန်၌ပင်လျှင်ထောင်မှူးသည် ပေါလု နှင့်သိလတို့ကိုခေါ်၍ဒဏ်ချက်ရာများကို ဆေးကြောပေး၏။ ထိုနောက်ချက်ချင်းပင်သူနှင့် တကွအိမ်သူအိမ်သားအပေါင်းတို့သည် ဗတ္တိဇံ မင်္ဂလာခံယူကြ၏။- သူသည်ပေါလုနှင့်သိလတို့အားမိမိ၏အိမ် သို့ဖိတ်ခေါ်၍ စားဖွယ်သောက်ဖွယ်များကိုတည် ခင်းကျွေးမွေး၏။ သူနှင့်သူ၏အိမ်သားတို့သည် ဘုရားသခင်ကိုယုံကြည်လာကြသဖြင့်လွန် စွာရွှင်လန်းဝမ်းမြောက်ကြလေသည်။ နောက်တစ်နေ့မိုးလင်းသောအခါအရာရှိ တို့သည် ထိုသူတို့ကိုထောင်မှလွှတ်လိုက်ရန် ရဲအရာရှိများကိုစေလွှတ်၍အမိန့်ဆင့် ဆိုစေကြ၏။- သို့ဖြစ်၍ထောင်မှူးသည်ပေါလုအား ``အရာရှိ တို့ကအရှင်တို့အားထောင်မှလွှတ်လိုက်ရန် အမိန့်ပေးပါ၏။ ထိုကြောင့်စိတ်အေးချမ်းစွာ အရှင်တို့သွားကြပါ'' ဟုဆို၏။ သို့ရာတွင်ပေါလုက ``ရောမနိုင်ငံသားများ ဖြစ်သောငါတို့အားစစ်ကြောစီရင်ခြင်းမ ပြုဘဲ ငါတို့ကိုလူပရိသတ်ရှေ့တွင်ရိုက်နှက် ၍အကျဉ်းချထားခဲ့ကြ၏။ ယခုငါတို့ကို တိတ်တဆိတ်လွှတ်လိုကြပါသလော။ ထိုသို့ မပြုသင့်။ သူတို့ကိုယ်တိုင်လာ၍ငါတို့ကို ထောင်မှထုတ်ကြပါစေ'' ဟုရဲအရာရှိ တို့အားပြော၏။ ရဲအရာရှိတို့သည်လည်းဤအကြောင်းကို အရာရှိတို့အားပြန်လည်လျှောက်ထားကြ ၏။ ပေါလုနှင့်သိလတို့သည်ရောမနိုင်ငံသား များဖြစ်ကြောင်းကို အရာရှိတို့ကြားသော အခါကြောက်လန့်ကြ၏။- သို့ဖြစ်၍သူတို့သည်လာ၍ပေါလုနှင့်သိလ တို့အားဖျောင်းဖျပြောဆိုကြ၏။ ထိုနောက်သူ တို့ကိုထောင်မှထုတ်ပြီးလျှင် ထိုမြို့မှထွက်ခွာ သွားရန်တောင်းပန်ကြ၏။- သို့ဖြစ်၍သူတို့သည်အကျဉ်းထောင်မှထွက်ခွာ ၍ လုဒိ၏အိမ်သို့သွားကြ၏။ ထိုနောက်ယုံကြည် သူတို့နှင့်တွေ့ဆုံကာအားပေးစကားပြော ကြားပြီးလျှင် ထိုမြို့မှထွက်ခွာသွားကြလေ သည်။
တမန်တော် 16:1-40 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ပေါလုသည် ဒေရဗေမြို့မှတစ်ဆင့် လုတ္တရမြို့သို့ ရောက်လာ၏။ ထိုအရပ်၌ တိမောသေအမည်ရှိ တပည့်တော်တစ်ဦးရှိ၏။ သူသည် ယုံကြည်သူဂျူးအမျိုးသမီး၏သားဖြစ်သော်လည်း သူ၏ဖခင်မှာမူ ဂရိအမျိုးသားဖြစ်၏။ သူသည် လုတ္တရနှင့်ဣကောနိမြို့ရှိ ညီအစ်ကိုတို့တွင် ဂုဏ်သတင်းကောင်းသောသူဖြစ်၏။ ပေါလုသည် သူ့ကို မိမိနှင့်အတူလိုက်စေလို၍ ထိုအရပ်၌ရှိသော ဂျူးလူမျိုးတို့ကြောင့် သူ့အား အရေဖျားလှီးခြင်းပေး၏။ အကြောင်းမူကား သူ၏ဖခင်သည် ဂရိအမျိုးသားဖြစ်ကြောင်း သူတို့အားလုံးသိနေကြ၏။ ထို့နောက် သူတို့သည် မြို့များကိုဖြတ်သွားရင်း ဂျေရုဆလင်မြို့၌ရှိသောတမန်တော်များနှင့် အသင်းတော်အကြီးအကဲများဆုံးဖြတ်ထားသောစည်းမျဉ်းတို့ကို စောင့်ထိန်းစေရန် လူတို့အားပေးအပ်ကြ၏။ ဤသို့ဖြင့် အသင်းတော်များသည် ယုံကြည်ခြင်းပိုမိုခိုင်မာလာ၍ တစ်နေ့တခြား လူဦးရေတိုးပွားလာ၏။ ထို့နောက် သူတို့သည် ဖြူဂိပြည်နှင့်ဂလာတိပြည်တို့ကို ဖြတ်သွားကြသောအခါ အာရှပြည်တွင် နှုတ်ကပတ်တရားကိုမဟောပြောရန် သန့်ရှင်းသောဝိညာဉ်တော်၏တားမြစ်ခြင်းကို ခံရကြ၏။ တစ်ဖန် မုသိပြည်နယ်စပ်သို့ရောက်၍ ဗိသုနိပြည်သို့သွားရန် ကြိုးစားကြရာ သခင်ယေရှု၏ဝိညာဉ်တော်သည် သူတို့ကို ခွင့်မပြုခဲ့ပေ။ ထို့ကြောင့် သူတို့သည် မုသိပြည်ကိုဖြတ်၍ တရောမြို့သို့ ဆင်းသွားကြ၏။ ညအခါ ပေါလုသည် ရူပါရုံတစ်ခုကို မြင်ရ၏။ ထိုရူပါရုံ၌ မာကေဒေါနိပြည်သားတစ်ဦးသည် ရပ်လျက် “မာကေဒေါနိပြည်သို့ ကူးလာ၍ အကျွန်ုပ်တို့ကို ကူညီပေးပါ”ဟု သူ့အား တောင်းပန်ပြောဆို၏။ ထိုရူပါရုံကို ပေါလုမြင်ရသောအခါ သူတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောစေရန် ဘုရားသခင်သည် ငါတို့ကို ခေါ်တော်မူပြီဟု ကောက်ချက်ချ၍ ချက်ချင်းပင် မာကေဒေါနိပြည်သို့သွားရန် ကြိုးစားကြ၏။ ငါတို့သည် တရောမြို့မှရွက်လွှင့်၍ သာမောသရက်ကျွန်းသို့ တိုက်ရိုက်သွားပြီးလျှင် နောက်တစ်နေ့၌ နေအာပေါလိမြို့သို့ရောက်ကြ၏။ ထိုမြို့မှတစ်ဆင့် ဖိလိပ္ပိမြို့သို့ သွားကြ၏။ ဖိလိပ္ပိမြို့သည် မာကေဒေါနိပြည်၏ထိုအပိုင်းတွင် အဓိကမြို့ဖြစ်ပြီး ရောမလက်အောက်ခံမြို့လည်း ဖြစ်၏။ ငါတို့သည် ထိုမြို့တွင် ရက်အတန်ကြာနေကြ၏။ ဥပုသ်နေ့၌ ငါတို့သည် မြို့တံခါးအပြင်သို့ထွက်၍ ဆုတောင်းပတ္ထနာပြုသောနေရာရှိမည်ဟုထင်ရသည့် မြစ်ကမ်းနားသို့သွားလျက် ထိုနေရာ၌ထိုင်ပြီးလျှင် စုဝေးလာကြသောအမျိုးသမီးတို့အား ဟောပြောကြ၏။ သွာတိရမြို့မှ ခရမ်းရောင်အထည်ကုန်သည်ဖြစ်ပြီး ဘုရားသခင်ကိုကိုးကွယ်သော လုဒိအမည်ရှိ အမျိုးသမီးတစ်ဦးသည်လည်း နားထောင်နေ၏။ ပေါလုဟောပြောနေသောအရာတို့ကို အာရုံစိုက်စေရန် သခင်ဘုရားသည် သူ၏စိတ်နှလုံးကို ဖွင့်ပေးတော်မူ၏။ သူသည် မိမိအိမ်သူအိမ်သားများနှင့်အတူ ဗတ္တိဇံခံပြီးသောအခါ “ကျွန်မသည် သခင်ဘုရားကိုယုံကြည်သူဖြစ်သည်ဟု သင်တို့ယူဆလျှင် ကျွန်မအိမ်သို့ လာရောက်တည်းခိုကြပါ”ဟု တောင်းပန်လျက် ငါတို့ကိုမရအရဖိတ်ခေါ်လေ၏။ တစ်နေ့တွင် ငါတို့သည် ဆုတောင်းပတ္ထနာပြုသောနေရာသို့သွားကြစဉ် ဗေဒင်ဟောတတ်သောနတ်ပူးနေသည့် အစေခံမိန်းမတစ်ဦးနှင့် ဆုံကြ၏။ သူသည် ဗေဒင်ဟောခြင်းဖြင့် မိမိသခင်တို့အတွက် များစွာသောအကျိုးစီးပွားကိုဖြစ်စေ၏။ ထိုမိန်းမသည် ပေါလုနှင့်ငါတို့နောက်သို့ လိုက်လာ၍ “ဤသူတို့သည် အမြင့်ဆုံးသောဘုရားသခင်၏အစေအပါးများဖြစ်ကြပြီး သင်တို့အား ကယ်တင်ခြင်းတရားလမ်းကိုဟောပြောနေသူများဖြစ်ကြ၏”ဟု အော်ဟစ်လေ၏။ သူသည် ရက်ပေါင်းများစွာ ထိုသို့ပြုနေ၍ ပေါလုသည် စိတ်အနှောင့်အယှက်ဖြစ်သဖြင့် နောက်သို့လှည့်ကာ “သူ့အထဲမှ ထွက်သွားရန် ယေရှုခရစ်တော်၏နာမတော်၌ သင့်ကို ငါအမိန့်ပေး၏”ဟု ထိုနတ်အားဆိုလျှင် ၎င်းသည် ထိုအချိန်၌ပင် ထွက်သွားလေ၏။ သို့သော် ထိုမိန်းမ၏သခင်တို့သည် မိမိတို့အကျိုးစီးပွားအတွက် မျှော်လင့်ချက်မရှိတော့ကြောင်း သိမြင်သဖြင့် ပေါလုနှင့်သိလတို့ကိုဖမ်းဆီး၍ အကြီးအကဲများရှိရာ ဈေးအရပ်သို့ ဆွဲခေါ်သွားကြ၏။ အုပ်ချုပ်ရေးအရာရှိများထံ ရောက်ကြသောအခါ “ဤသူတို့သည် ဂျူးလူမျိုးဖြစ်ကြပြီး အကျွန်ုပ်တို့၏မြို့ကို အလွန်မငြိမ်မသက်ဖြစ်စေ၍ ရောမနိုင်ငံသားများဖြစ်ကြသောအကျွန်ုပ်တို့ လက်မခံအပ်၊ မကျင့်သုံးအပ်သော ဓလေ့ထုံးစံများကို ဟောပြောနေကြပါသည်”ဟု ဆိုကြ၏။ လူထုပရိသတ်ကလည်း သူတို့နှင့်အတူထလျက် ပေါလုနှင့်သိလတို့ကို ဆန့်ကျင်ကြ၏။ ထိုအခါ အုပ်ချုပ်ရေးအရာရှိတို့သည် ပေါလုနှင့်သိလတို့၏အဝတ်ကိုဆွဲဖြဲ၍ သူတို့ကိုရိုက်နှက်ရန် အမိန့်ပေးကြ၏။ သူတို့ကို အချက်ပေါင်းများစွာရိုက်နှက်စေပြီးလျှင် ထောင်ထဲ၌ထည့်ထားကာ သူတို့ကို သေချာစွာစောင့်ကြပ်ထားရန် ထောင်မှူးအား အမိန့်ပေးကြ၏။ ထိုအမိန့်ကိုရသောထောင်မှူးသည် သူတို့ကို ထောင်အတွင်းခန်းတွင်ထည့်ထား၍ သူတို့ခြေကို ထိတ်တုံးခတ်ထားလေ၏။ သန်းခေါင်အချိန်ခန့်တွင် ပေါလုနှင့်သိလတို့သည် ဘုရားသခင်ထံဆုတောင်းလျက် ချီးမွမ်းသီချင်းသီဆိုနေကြ၏။ အကျဉ်းသားများသည်လည်း သူတို့ကိုနားထောင်နေကြ၏။ ထိုအခါ ရုတ်တရက် ငလျင်ပြင်းထန်စွာလှုပ်သဖြင့် ထောင်၏အုတ်မြစ်သည် တုန်ခါ၍ တံခါးရှိသမျှသည် ချက်ချင်းပွင့်သွားကာ အကျဉ်းသားအားလုံး၏သံကြိုးများသည် ပြုတ်သွားလေ၏။ ထောင်မှူးသည် နိုးလာ၍ ထောင်တံခါးများပွင့်နေသည်ကိုမြင်လျှင် အကျဉ်းသားများလွတ်သွားပြီဟုထင်မှတ်လျက် ဓားကိုဆွဲထုတ်ကာ မိမိကိုယ်ကိုသတ်မည်ပြု၏။ သို့သော် ပေါလုက “သင့်ကိုယ်သင် အန္တရာယ်မပြုနှင့်။ ငါတို့အားလုံး ဤနေရာ၌ရှိကြသည်”ဟု ကျယ်လောင်သောအသံဖြင့် အော်ဟစ်လေ၏။ ထိုအခါ ထောင်မှူးသည် မီးတိုင်ကိုတောင်းယူ၍ ပြေးဝင်လာပြီးလျှင် တုန်လှုပ်လျက် ပေါလုနှင့်သိလတို့ရှေ့တွင် ပျပ်ဝပ်လေ၏။ ထို့နောက် သူတို့ကို အပြင်သို့ထုတ်ဆောင်ကာ “အရှင်တို့၊ ကယ်တင်ခြင်းခံရရန် အကျွန်ုပ်မည်သည့်အရာကိုပြုရပါမည်နည်း”ဟု မေးလေ၏။ သူတို့ကလည်း “သခင်ယေရှုကိုယုံကြည်လော့။ သို့ပြုလျှင် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းခံရလိမ့်မည်”ဟု ဆိုကြ၏။ ထို့နောက် သူနှင့် သူ၏အိမ်၌ရှိသောသူအားလုံးတို့အား သခင်ဘုရား၏နှုတ်ကပတ်တရားကို ဟောပြောကြ၏။ ထောင်မှူးသည် ထိုညတွင်းချင်းပင် သူတို့ကိုခေါ်ဆောင်သွား၍ ဒဏ်ရာများကို ဆေးကြောပေး၏။ ထို့နောက် သူနှင့် သူ၏အိမ်သူအိမ်သားအားလုံးတို့သည် ချက်ချင်းဗတ္တိဇံခံကြ၏။ သူသည် ပေါလုနှင့်သိလတို့ကို အိမ်သို့ခေါ်ဖိတ်၍ စားဖွယ်ရာများတည်ခင်းကျွေးမွေးကာ အိမ်သူအိမ်သားအားလုံးနှင့်အတူ ဘုရားသခင်ကိုယုံကြည်ရသောကြောင့် အလွန်ဝမ်းမြောက်လေ၏။ မိုးလင်းသောအခါ အုပ်ချုပ်ရေးအရာရှိများသည် နယ်ထိန်းတို့ကိုစေလွှတ်၍ “ထိုသူတို့ကိုလွှတ်ပေးလိုက်ပါ”ဟု ဆိုကြ၏။ ထိုအခါ ထောင်မှူးသည် ထိုသတင်းကို ပေါလုအား ပြောကြားလျက် “အုပ်ချုပ်ရေးအရာရှိများက လူလွှတ်၍ သင်တို့ကိုလွှတ်ပေးရန် မှာလိုက်ပါသည်။ ထို့ကြောင့် ယခုထွက်လာ၍ ငြိမ်းချမ်းစွာသွားကြပါ”ဟု ဆို၏။ သို့သော် ပေါလုသည် ထိုနယ်ထိန်းတို့အား “သူတို့သည် ရောမနိုင်ငံသားဖြစ်ကြသောငါတို့ကို မစစ်ဆေးဘဲ လူအများရှေ့၌ ရိုက်နှက်လျက် ထောင်ထဲ၌ထည့်ထားကြပြီးမှ ယခု ငါတို့ကို တိတ်တဆိတ်ပြန်လွှတ်ကြမည်လော။ ထိုသို့မပြုသင့်။ သူတို့ကိုယ်တိုင်လာ၍ ငါတို့ကို ခေါ်ထုတ်ကြပါစေ”ဟု ဆိုလေ၏။ ထိုအခါ နယ်ထိန်းတို့သည် ထိုစကားတို့ကို အုပ်ချုပ်ရေးအရာရှိများထံ ပြောကြားကြ၏။ သူတို့နှစ်ဦးသည် ရောမနိုင်ငံသားဖြစ်ကြောင်း အုပ်ချုပ်ရေးအရာရှိများ ကြားသိသောအခါ ကြောက်ရွံ့ကြ၍ ကိုယ်တိုင်လာပြီးတောင်းပန်ကြကာ သူတို့ကိုခေါ်ထုတ်လျက် ထိုမြို့မှထွက်ခွာကြရန် မေတ္တာရပ်ခံကြ၏။ သူတို့သည်လည်း ထောင်ထဲမှ ထွက်လာကြသောအခါ လုဒိထံသို့ သွား၍ ညီအစ်ကိုများနှင့်တွေ့ဆုံကာ သူတို့ကို တိုက်တွန်းနှိုးဆော်ပြီးမှ ထွက်ခွာသွားကြ၏။