အမိဝမ်းတွင်းကပင်ခြေမစွမ်းသဖြင့်၊ တစ်ခါမျှ မသွားဖူးသော လူတစ်ယောက်သည် လုတ္တရမြို့၌ ထိုင်လျက်၊- ပေါလုဟောပြောသည်ကို ကြားလေ၏။ ပေါလုသည်လည်း ထိုသူကိုစေ့စေ့ကြည့်ရှု၍ ရောဂါကင်းမည်အကြောင်း သူ၌ယုံကြည်ခြင်းရှိသည်ကို သိမြင်လျှင်၊- ထ၍မတ်တတ်ရပ်လော့ဟု ကြီးသောအသံနှင့် ဆိုသဖြင့်၊ ထိုသူသည် ရုတ်တရက်ထ၍ လှမ်းသွားလေ၏။- ပေါလုပြုသောအမှုကိုမြင်သော လူအစုအဝေးတို့က၊ နတ်ဘုရားတို့သည် လူအယောင်ကိုဆောင်၍ ငါတို့ရှိရာသို့ ဆင်းသက်ပါသည်တကားဟု လုကောနိဘာသာစကားအားဖြင့် အသံကိုလွှင့်၍ ဆိုကြ၏။- ပေါလုသည်သာ၍ ဟောပြောသောကြောင့် သူ့ကို ဟေရမေဟူ၍လည်းကောင်း၊ ဗာနဗကို ဇုသဟူ၍လည်းကောင်း ခေါ်ဝေါ်ကြ၏။- ထိုမြို့ရှေ့၌ရှိသော ဇုသ၏ယဇ်ပုရောဟိတ်သည် နွားနှင့် ပန်းကုံးကို မြို့တံခါးနားသို့ယူခဲ့၍၊ လူအစုအဝေးတို့နှင့်တကွ ယဇ်ပူဇော်မည်ပြုသည်ကို၊- တမန်တော်ဗာနဗနှင့် ပေါလုတို့သည် သတင်းကြားလျှင်၊ မိမိတို့အဝတ်ကိုဆုတ်၍ လူစုထဲသို့ ပြေးဝင်လျက်၊- အချင်းလူတို့၊ အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ငါတို့သည် သင်တို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူဖြစ်ပါ၏။ သင်တို့သည် ဤအချည်းနှီးသောအရာတို့ကို ပယ်ကြ၍၊ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍၊ အရပ်ရပ်တို့၌ရှိလေသမျှတို့ကို ဖန်ဆင်းတော်မူ၍၊ အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်သို့ ပြောင်းလဲရကြမည်အကြောင်း၊ ငါတို့သည် ဧဝံဂေလိတရားကို ဟောပြောကြ၏။- ရှေးလွန်လေပြီးသောကာလတို့၌၊ လူအမျိုးမျိုးတို့သည် မိမိတို့အလိုအလျောက် ကျင့်ကြမည်အကြောင်း ဘုရားသခင်သည် အလွတ်ထားတော်မူ၏။- သို့သော်လည်း၊ သင်တို့အား ကျေးဇူးပြုလျက်၊ အစာအာဟာရနှင့် ဝပြော၍ ဝမ်းမြောက်စေခြင်းငှာ၊ မိုးကောင်းကင်မှ မိုးရွာစေတော်မူ၍၊ အသီးအနှံတို့ကို သီးစေတတ်သော ဥတုကိုပေးတော်မူသောအားဖြင့်၊ ကိုယ်တော်ရှိတော်မူသည်ကို သက်သေမခံဘဲ နေတော်မမူဟု ပေါလုနှင့် ဗာနဗသည် ကြွေးကြော်လေ၏။- ထိုသို့ကြွေးကြော်သဖြင့် လူအစုအဝေးတို့သည် ယဇ်ပူဇော်ခြင်းကို မပြုရမည်အကြောင်း မြစ်တားခဲသောအမှုကို မြစ်တားလေ၏။- ထိုအခါ ယုဒလူတို့သည် အန္တိအုတ်မြို့၊ ဣကောနိမြို့မှလာကြ၍ လူအစုအဝေးတို့ကို ညှိညွတ်တိုင်ပင်ပြီးလျှင်၊ ပေါလုကို ကျောက်ခဲနှင့်ပစ်၍ သေပြီဟု စိတ်ထင်နှင့် မြို့ပြင်သို့ ဆွဲငင်ကြ၏။- တပည့်တော်တို့သည် ဝန်းရံ၍နေကြစဉ်၊ ပေါလုသည်ထ၍ မြို့ထဲသို့ဝင်ပြန်၏။ နက်ဖြန်နေ့၌ ဗာနဗနှင့်တကွ ဒေရဗေမြို့သို့ ထွက်သွားလေ၏။
တမန်တော် 14 ကိုဖတ်ပါ။
နားထောင်ပါ။ တမန်တော် 14
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော် 14:8-20
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ