နက်ဖြန်နေ့၌ ထိုသူတို့သည် သွား၍ ယုပ္ပေမြို့အနီးသို့ ရောက်ကြသောအခါ၊ နှစ်ချက်တီးအချိန်တွင် ပေတရုသည် ဆုတောင်းခြင်းငှာ အိမ်မိုးပေါ်သို့ တက်လေ၏။- ဆာမွတ်၍ အစာအာဟာရကို အလိုရှိလျှင် သူတစ်ပါးတို့သည် အစာအာဟာရကို ပြင်ဆင်ကြစဉ်အခါ ပေတရုသည် ဘဝင်ဖြစ်၍နေသဖြင့်၊- ကောင်းကင်ဖွင့်လှစ်သည်ကိုလည်းကောင်း၊ ခြုံထည်ကဲ့သို့ လေးထောင့်ချုပ်၍ မြေသို့ချလွှတ်သော တန်ဆာသည် မိမိဆီသို့ ဆင်းသက်လာသည်ကိုလည်းကောင်း မြင်လေ၏။- ထိုတန်ဆာထဲ၌ သားရဲမှစ၍ မြေ၌ကျင်လည် သောသားမျိုး၊ တွားတတ်သော တိရစ္ဆာန်မျိုး၊ မိုးကောင်းကင်၌ ကျင်လည်သော ငှက်မျိုးတို့သည် ရှိကြ၏။- စကားအသံသည်လည်း၊ ပေတရုထ၍ သတ်စားလော့ဟု လာ၏။- ပေတရုကလည်း၊ မဖြစ်နိုင်ပါသခင်။ ညစ်ညူးသောအရာနှင့် မစင်ကြယ်သောအရာကို အကျွန်ုပ်သည် တစ်ရံတစ်ခါမျှ မစားဖူးပါဟု ပြောဆို၏။- နောက်တစ်ဖန် စကားသံကား၊ ဘုရားသခင် စင်ကြယ်စေတော်မူသောအရာကို ညစ်ညူးသည်မထင်နှင့်ဟု လာပြန်၏။- ထိုသို့ သုံးကြိမ်မြောက်အောင်လာပြီးလျှင်၊ ထိုတန်ဆာကို ကောင်းကင်ထဲသို့ သိမ်းရုပ်ပြန်လေ၏။ ပေတရုသည် မိမိမြင်ရသော ဗျာဒိတ်ရူပါရုံကား၊ အဘယ်သို့ ဆိုလိုသနည်းဟု တွေးတောဆင်ခြင်၍ နေစဉ်တွင်၊ ကော်နေလိစေလွှတ်သောသူတို့သည် ရှိမုန်အိမ်ကို မေးမြန်းရှာဖွေ၍ တံခါးရှေ့မှာရပ်လျက်၊ ပေတရုအမည်သစ်ကိုရသော ရှိမုန်သည် ဤမှာတည်းနေပါ သလောဟု မေးမြန်းဟစ်ခေါ်ကြ၏။ ပေတရုသည် ထိုဗျာဒိတ်ရူပါရုံကို ဆင်ခြင်၍နေစဉ်တွင် ဝိညာဉ်တော်က၊ လူသုံးယောက်တို့သည် သင့်ကိုရှာကြ၏။- ထ၍ဆင်းလော့။ တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ လိုက်သွားလော့။ အကြောင်းမူကား၊ ထိုသူတို့သည် ငါစေလွှတ်သော သူဖြစ်ကြသည်ဟု မိန့်တော်မူလျှင်၊- ပေတရုသည်ဆင်း၍၊ ငါကား၊ သင်တို့ရှာသောသူ ဖြစ်၏။ အဘယ်အကြောင်းရှိ၍ လာကြသနည်းဟု ထိုသူတို့အားမေး၏။- ထိုသူတို့ကလည်း ဘုရားသခင်ကိုကြောက်ရွံ့၍၊ ယုဒလူအပေါင်းတို့တွင် အသရေရှိသော သူတော်ကောင်းတည်းဟူသော တပ်မှူးကော်နေလိသည်၊ ကိုယ်တော်ကို မိမိအိမ်သို့ခေါ်ပင့်၍ ကိုယ်တော်၏စကားကို နားထောင်ရမည်အကြောင်း၊ သန့်ရှင်းသော ကောင်းကင်တမန်အားဖြင့် ဗျာဒိတ်တော်ကို ခံရပါသည်ဟု ပြန်ပြောကြ၏။- ပေတရုသည်လည်း ထိုသူတို့ကို အိမ်ထဲသို့ခေါ်၍ ဧည့်သည်ဝတ်ကို ပြုလေ၏။ နက်ဖြန်နေ့၌ထ၍ ထိုသူတို့နှင့်အတူ သွားသဖြင့်၊ ယုပ္ပေမြို့သားဖြစ်သော ညီအစ်ကို အချို့တို့သည် လိုက်ကြ၏။ ထိုနောက်တစ်နေ့၌ ကဲသရိမြို့သို့ဝင်ကြ၍၊ ကော်နေလိသည် မိမိအဆွေအမျိုး မိတ်ဆွေခင်ပွန်းများတို့ကို စုဝေးစေပြီးလျှင်၊ ထိုသူတို့ကိုမျှော်လင့်လျက်နေကြ၏။- ပေတရုရောက်လာသောအခါ ကော်နေလိသည် ခရီးဦးကြိုပြု၍၊ ပေတရု၏ခြေရင်း၌ ပျပ်ဝပ်လျက် ကိုးကွယ်လေ၏။- ပေတရုသည် သူ့ကိုချီပင့်လျက်၊ ထလော့။ ငါကိုယ်တိုင် လူဖြစ်သည်ဟုဆို၏။- ထိုသို့နှုတ်ဆက်၍ ဝင်လေသော် စုဝေးလျက်ရှိကြသော လူများကိုတွေ့လျှင်၊- ပေတရုက၊ ယုဒလူဖြစ်သောသူတို့သည် တစ်ပါးအမျိုးသားတို့နှင့် မပေါင်းဖော် မချည်းကပ်အပ်သည်ကို သင်တို့သိကြ၏။ သို့သော်လည်း ညစ်ညူးသည် မစင်ကြယ်ဟု အဘယ်သူကိုမျှ မခေါ်ရမည်အကြောင်း၊ ဘုရားသခင်သည်၊ ငါ့အား ဆုံးမပြသတော်မူပြီ။- ထိုကြောင့် ငါ့ကိုခေါ်ကြသောအခါ ငါသည် မငြင်းမခုံဘဲလျက် လာ၏။ သို့ဖြစ်၍ အဘယ်အကြောင်းကြောင့် ငါ့ကိုခေါ်ကြသနည်း၊ ငါမေးလိုသည်ဟု ထိုသူတို့ အားပြောဆို၏။ ကော်နေလိကလည်း၊ အကျွန်ုပ်သည် ယခုအချိန် နာရီတိုင်အောင် အစာရှောင်၍ သုံးချက်တီးအချိန်တွင် အိမ်၌ဆုတောင်းလျက် နေသည်၊ ယခု လေးရက်ရှိပါပြီ။ ထိုအချိန်၌ လူတစ်ယောက်သည် ထွန်းတောက်သောအဝတ်ကို ဝတ်လျက် အကျွန်ုပ် ရှေ့မှောက်၌ရပ်၍၊- ကော်နေလိ၊ သင်ပြုသောပတ္ထနာကို ဘုရားသခင်သည် ကြား၍၊ သင်စွန့်ကြဲခြင်းကိုလည်း မှတ်တော်မူပြီ။- ထိုကြောင့် ယုပ္ပေမြို့သို့စေလွှတ်၍ ပေတရု အမည်သစ်ကိုရသော ရှိမုန်ကို ခေါ်ပင့်လော့။ ထိုသူသည် ပင်လယ်နားမှာ သားရေလုပ်သမား ရှိမုန်၏အိမ်၌ တည်းနေ၏။ ထိုသူသည်ရောက်လာလျှင် သင့်အား ဟောပြောလိမ့်မည်ဟု ပြောဆိုပါ၏။- ထိုကြောင့် အကျွန်ုပ်သည် ကိုယ်တော်ထံသို့ အလျင်အမြန်စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသောအားဖြင့် ကောင်းမွန်စွာပြုပါပြီ။ သို့ဖြစ်၍ ဘုရားသခင်သည် ကိုယ်တော်၌မှာထားတော်မူသမျှကို နားထောင်ခြင်းငှာ၊ ယခုအကျွန်ုပ်တို့ရှိသမျှသည် ဘုရားသခင်ရှေ့တော်၌ အသင့်နေကြပါသည်ဟု ကော်နေလိ ပြောဆို၏။ ထိုအခါပေတရုသည် နှုတ်ကိုဖွင့်၍၊ အကယ်စင်စစ် ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူ။- လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့၍ တရားသဖြင့် ကျင့်ဆောင်သောသူသည် အထံတော်၌ မျက်နှာရသည်ကို ငါသိမြင်၏။- အလုံးစုံတို့ကို အစိုးရတော်မူသော သခင်ယေရှုခရစ်အားဖြင့် ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံဂေလိတရားကို ဟောတော်မူလျက်၊ ဣသရေလ အမျိုးသားတို့အား ပေးလိုက်တော်မူသော တရားတော်နှင့်အညီ၊- ယောဟန်သည် ဗတ္တိဇံတရားကို ဟောသည်နောက် ဂါလိလဲပြည်မှစ၍ ယုဒပြည်အရပ်ရပ်တို့၌ နှံ့ပြားသော အကြောင်းအရာကို သင်တို့သည် သိကြ၏။- ထိုအကြောင်းအရာဟူမူကား၊ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ တန်ခိုးတော်နှင့်လည်းကောင်း၊ နာဇရက်မြို့သား ယေရှုကို ဘိသိက်ပေးတော်မူသဖြင့်၊ ထိုသူသည် ဘုရားသခင်၏အခွင့်တော်နှင့် ကျေးဇူးပြုလျက်၊ မာရ်နတ်ညှဉ်းဆဲသော သူအပေါင်းတို့အား ချမ်းသာကိုပေးလျက် လှည့်လည်တော်မူ၏။- ငါတို့သည်လည်း၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်တွင်ပြုတော်မူသော အမှုများတို့၏ သက်သေခံဖြစ်ကြ၏။ ထိုသူကို သစ်တိုင်၌ဆွဲ၍ ကွပ်မျက်ကြလေ၏။- သုံးရက်မြောက်သောနေ့၌ ဘုရားသခင်သည် ထမြောက်စေတော်မူ၍၊- လူအပေါင်းတို့အား ထင်ရှားစွာပြတော်မမူ၊ ဘုရားသခင်ခန့်ထားတော်မူနှင့်သော သက်သေခံတည်းဟူသော ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။ သေခြင်းမှ ထမြောက်တော်မူသည်နောက်၊ ထိုသခင်နှင့်အတူ ငါတို့သည် စားသောက်ရကြ၏။- ထိုသခင်သည်လည်း အသက်ရှင်သောသူတို့နှင့် သေသောသူတို့ကို တရားစီရင်သောသခင်ဖြစ်စေခြင်းငှာ၊ ဘုရားသခင် ခန့်ထားတော် မူကြောင်းကို လူအပေါင်းတို့အား ဟောပြောကြလော့။ သက်သေခံကြလော့ဟု ငါတို့အား ပညတ်ထားတော်မူ၏။- ထိုသခင်ကို ယုံကြည်သောသူရှိသမျှတို့သည် နာမတော်အားဖြင့် အပြစ်လွှတ်တော်မူခြင်း ကျေးဇူးကို ခံရကြလတ္တံ့ဟူ၍ ပရောဖက်အပေါင်းတို့သည် ထိုသခင်၏ သက်သေခံဖြစ်ကြသည်ဟု ပေတရုမြွက်ဆို၏။ ထိုစကားကို မြွက်ဆိုစဉ်၊ နှုတ်ကပတ်တရားတော်ကို ကြားနာရသော သူအပေါင်းတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သည် သက်ရောက်တော်မူ၏။- တစ်ပါးအမျိုးသားတို့ အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော်၏ ကျေးဇူးကို သွန်းလောင်းသောကြောင့်၊ အရေဖျားလှီးခြင်းကို ခံသောသူတည်းဟူသော ပေတရုနှင့် ပါသမျှသော တပည့်တော်တို့သည် မိန်းမောတွေဝေခြင်းရှိကြ၏။- အကြောင်းမူကား၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားအားဖြင့်ပြော၍၊ ဘုရားသခင်ကို ချီးမွမ်းသည်ကို ကြားကြလေ၏။- ထိုအခါ ပေတရုက၊ ငါတို့ကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်ကိုခံရသော ဤသူတို့ကို ဗတ္တိဇံမပေးစေခြင်းငှာ အဘယ်သူသည် ရေကို မြစ်တားနိုင်သနည်း ဟုဆိုလျက်၊
တမန်တော် 10 ကိုဖတ်ပါ။
နားထောင်ပါ။ တမန်တော် 10
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော် 10:9-47
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ