ထိုအခါ ယေရုရှလင်မြို့နှင့် ဥပုသ်နေ့တစ်နေ့ခရီးသာကွာ၍ သံလွင်အမည်ရှိသောတောင်မှ ယေရုရှလင်မြို့သို့ တမန်တော်တို့သည် ပြန်ကြ၏။- ရောက်ကြလျှင်၊ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ ရှိမုန်ဇေလုတ်၊ ယာကုပ်ညီ ယုဒတို့သည် တည်းနေရာအိမ်အထက်ခန်းသို့ တက်ကြ၏။- ထိုသူအပေါင်းတို့သည် ယေရှု၏မယ်တော်မာရိမှစ၍ မိန်းမတို့နှင့်လည်းကောင်း၊ ညီတော်တို့နှင့်လည်းကောင်း၊ တညီတညွတ်တည်း ကြိုးစား၍ ဆုတောင်းပတ္ထနာပြုလျက် နေကြ၏။ ထိုအခါ အရေအတွက်အားဖြင့် တစ်ရာနှစ်ဆယ်သော တပည့်တော်တို့၏အလယ်၌ ပေတရုသည်ထ၍၊- ညီအစ်ကိုတို့၊ ယေရှုကိုဖမ်းဆီးသောသူတို့အား လမ်းပြသောယုဒရှကာရုတ်ကို ရည်မှတ်၍ သန့်ရှင်းသောဝိညာဉ်တော်သည် ဒါဝိဒ်မင်း၏နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူနှင့်သော ကျမ်းစာချက်အတိုင်း မပြည့်စုံဘဲ မနေရ။- ထိုသူသည် ငါတို့နှင့် ရေတွက်ဝင်ခြင်းသို့ရောက်၍ ဓမ္မဆရာ၏အရာကို ခံရပြီ။- ထိုသူသည် မတရားသောအမှုအတွက်ဖြင့် ရသောအခနှင့် မြေတစ်ကွက်ကိုဝယ်ပြီးမှ၊ မှောက်လျက်ကျလဲ၍ ဝမ်းကွဲသဖြင့် အအူများပေါက်လေပြီ။- ထိုအကြောင်းအရာကို ယေရုရှလင်မြို့၌နေသော သူအပေါင်းတို့သည်သိ၍ မိမိတို့ဘာသာအားဖြင့် ထိုမြေကို အကေလဒမဟု ခေါ်တွင်ကြ၏။ အနက်ကား သွေးမြေဟု ဆိုလိုသတည်း။- ဆာလံကျမ်းစာ၌လာသည်ကား၊ သူ၏နေရာအရပ်သည် လူဆိတ်ညံရာအရပ် ဖြစ်ပါစေ။ နေသောသူ မရှိပါစေနှင့်။ သူ၏အရာကိုလည်း အခြားသူရပါစေဟု ရေးမှတ်သတည်း။- ထိုကြောင့် ယောဟန်သည် ဗတ္တိဇံကို ပေးသည်ကာလမှစ၍၊ သခင်ယေရှုသည် ငါတို့နှင့်ခွာ၍ အထက်သို့ဆောင်ယူခြင်းကို ခံတော်မူသည်နေ့ရက်တိုင်အောင်၊ တပည့်တော်တို့နှင့်အတူ ထွက်ဝင်သွားလာတော်မူသော ကာလပတ်လုံး ငါတို့နှင့်ပေါင်းဖော်၍နေသောသူ တစ်စုံတစ်ယောက်သည်၊ ထိုသခင်ထမြောက်တော်မူသည် အကြောင်းကို ဟောပြော၍ ငါတို့နှင့်အတူ သက်သေခံဖြစ်ရမည်ဟု ပေတရုပြောဆို၏။- ဗာရှဗဟု ခေါ်ဝေါ်၍ ယုတ္တုအမည်သစ်ကိုရသော ယောသပ်နှင့် မဿိကို ခန့်ထား၍၊- ဤသို့ဆုတောင်းကြ၏။- လူအပေါင်းတို့၏ စိတ်နှလုံးကိုသိတော်မူသော သခင်ဘုရား၊ ယုဒရှကာရုတ်သည် မိမိနေရာအရပ်သို့ သွားအံ့သောငှာ ဓမ္မဆရာ၏အရာ၊ တမန်တော်၏အရာမှ ရွေ့လျော့ဖောက်ပြန်သည်ဖြစ်၍၊ ထိုအရာကိုခံစေခြင်းငှာ ဤသူနှစ်ယောက်တို့တွင် ရွေးကောက်တော်မူသောသူကို ပြညွှန်တော်မူပါဟု ဆုတောင်းပြီးမှ၊- စာရေးတံချကြသဖြင့် မဿိသည် စာရေးတံကိုရ၍၊ တစ်ကျိပ်တစ်ပါးသောတမန်တော်တို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်လေ၏။
တမန်တော် 1 ကိုဖတ်ပါ။
နားထောင်ပါ။ တမန်တော် 1
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော် 1:12-26
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ